နာရေးအသင်း တရားဝင် ဖွဲ့စည်းခွင့် အလားအလာရှိ

နာရေးအသင်း တရားဝင် ဖွဲ့စည်းခွင့် အလားအလာရှိ

ရုပ်ရှင်သရုပ်ဆောင် မင်းသား ကျော်သူ ဦးဆောင်ဖွင့်လှစ်ထားတဲ့ နာရေးကူညီမှု အသင်းဟာ တရားဝင် ဖွဲ့စည်းလုပ်ကိုင်ခွင့် မှတ်ပုံတင်သက်တမ်း ထပ်တိုးမပေးဘဲ ဆိုင်းငံ့ခံထားရတာကနေ အခုတော့ အလားအလာ ကောင်းလာပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် အခုလို ဆိုင်းငံ့ခံထားရတဲ့ မှတ်ပုံတင် သက်တမ်းတိုးမှုကိစ္စ အလားအလာ ပြန်ကောင်းလာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ တရားဝင် ဖွဲ့စည်းလုပ်ကိုင်ခွင့် မှတ်ပုံတင် သက်တမ်းဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာမှာကတည်းက ကုန်ဆုံးခဲ့တာပါ။ ဒါကို ဆက်တိုးမပေးဘဲ ဆိုင်းငံ့ခံထားရတာ ဖြစ်ပါတယ်။ ဒီကိစ္စ သက်တမ်းတိုးပေးဖို့ကို မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေး အသင်းအဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံပွဲမှာ နာရေးကူညီမှု အသင်းရဲ့ အတွင်းရေးမှူး ဆရာမ သန်းမြင့်အောင်က သမ္မတ ဦးသိန်းစိန်ကို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်သူရဲ့ ဇနီး ဒေါ်ရွှေဇီးကွက်က အခုလို ပြောပြပါတယ်။

“သမ္မတကြီး ဦးသိန်းစိန်နဲ့ မြန်မာပြည်မှာရှိတဲ့ အလွှာစုံက အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့တဲ့ဟာကို၊ မိနစ် ၂၀ လောက်ပြောတယ်၊ ပြောပြီး ပြန်အထွက်မှာ သူက အဖွဲ့အစည်း တခုချင်းနဲ့ နှုတ်ဆက်တယ်။ အဲဒီနှုတ်ဆက်တဲ့ အချိန်မှာ အမတို့နဲ့ နှုတ်ဆက်ခွင့် ရလိုက်တယ်။ ရလိုက်တဲ့ အချိန်လေးမှာ အမတို့က လှမ်းပြီးတော့ ကျမတို့အသင်းရဲ့ မှတ်ပုံတင် သက်တမ်းတိုးခွင့်၊ မှတ်ပုံတင်က ရှိပြီးသား၊ သက်တမ်းတိုးလို့ မရဘူး၊ ၂၀၀၈ ခုနှစ် ဒီဇင်ဘာမှာ သက်တမ်း ကုန်သွားတာကိုး။ အဲဒါလေးကို ပြန်ချပေးဖို့ပေါ့ အမတို့က အကူအညီ တောင်းလိုက်တာပါ။

“သူ့ကို ပြောတဲ့အချိန်မှာ ဆရာမ ဒေါ်သန်းမြင့်အောင်က ကျမတို့ကို တိုင်းဒေသကြီးကလည်း ကူညီနေပါတယ် ဘာညာနဲ့ ပြောတော့ တိုင်းဒေသကြီးက ကူညီနေတယ် ဆိုရင်တော့ ခင်ဗျားတို့ ရမှာပါလို့ ပြောလိုက်ပါတယ်။”

၂၀၀၈ ခုနှစ် ဒီဇင်ဘာမှာ မှတ်ပုံတင်သက်တမ်း ကုန်ဆုံးပြီးချိန်ကနေ ၂၀၁၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ ၃ ကြိမ်တိုင်တိုင် ဖွဲ့စည်းလုပ်ကိုင်ခွင့် မှတ်ပုံတင်သက်တမ်း တိုးပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အခုထိ တိုးမပေးဘဲ ဆိုင်းငံ့ခံထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့် ရတဲ့အချိန်မှာ တင်ပြရတာ ဖြစ်တယ်လို့ ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

အခုလို မှတ်ပုံတင်သက်တမ်း တိုးမပေးတဲ့အတွက်လည်း နာရေးကူညီမှု ကိစ္စရပ်တွေ အပါအဝင် အဲ့ဒီနာမည်အောက်မှာ ဖွင့်လှစ်ထားတဲ့ တခြား လူမှုရေးလုပ်ငန်းတွေမှာပါ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘဲ အတော်လေး အခက်အခဲ ဖြစ်ရတယ်လို့ ဒေါ်ရွှေဇီးကွက်က အခုလို ဆက်ပြောခဲ့ပါတယ်။

“ပထမဆုံးကတော့ အမတို့ FE ကိုင်ဆောင်ခွင့် ရှိတယ်ပေါ့။ FE ကိုင်ဆောင်ခွင့်ဟာလည်း အဲဒီမှာ သက်တမ်းကုန်သွားတယ်။ အဲဒီမှာ အမတို့ နည်းနည်း ပြဿနာရှိတယ်။ နောက်တခုက အမတို့ မျက်စိခွဲခန်းကို ပိုက်ဆံတွေ အလှူခံပြီး ပြင်ဆင်ပြီးတာက သုံးမယ်ဆိုရင် သုံးလေးလလောက်ရှိပြီ၊ သုံးလို့ရတာ။ ဒါပေမဲ့ အခုအချိန်ထိ သုံးလို့မရသေးဘူး။ ဒါကြီးက ဆေးခန်းဆိုတော့ ကျန်းမာရေး ဝန်ကြီးဌာနကို ပြောတဲ့အခါကျတော့ ကျန်းမာရေးကလည်း ပြည်ထဲရေးက ထောက်ခံစာရမှ ရမယ်လို့ ပြောတော့ ပြည်ထဲရေးက ဒီသက်တမ်းရမှ သူတို့ကလည်း ထောက်ခံမယ့်သဘော ရှိတာကိုး။ အဲဒါတွေမှာ ပြဿနာတက်တယ်။

“ပြီးတော့ ပြည်မှာ အမတို့ ဆေးခန်းဖွင့်တယ်။ အဲဒါလည်း ညှိနေရတယ်၊ လုပ်နေရတယ်။ ဖွင့်လို့မရဘူး ဖြစ်နေတယ်။ ၃ လရှိပြီ။ ပိုက်ဆံတွေလည်း အကုန်ခံ၊ အကုန်လုပ်ပြီးတော့ ဆေးခန်းက ဆေးတွေလည်း ရောက်နေပြီ၊ ဆရာဝန်ကလည်း အဆင်သင့်ပဲ၊ ထိုင်ပေးမယ်။ လူနာကလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ ၃ ရက်ပဲ ဖွင့်လို့ရပြီး ၃ လ ပြန်ပိတ်၊ ၃ လရှိပြီ အမတို့ မဖွင့်နိုင်သေးဘူး။ ၃ ရက်ပဲ ဖွင့်လိုက်ရသေးတယ်။”

ဒီ နာရေးကူညီမှုအသင်း တရားဝင် ဖွဲ့စည်းလုပ်ဆောင်ခွင့် မှတ်ပုံတင်သက်တမ်း အတွက်ပဲ ဒီကနေ့မှာ တိုင်းဒေသကြီးရုံးကို ထပ်မံသွားရောက် စာတင်ဖို့ ရှိတယ်လို့လည်း ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။ ၁၀ နှစ်ကျော်လာပြီဖြစ်တဲ့ ဒီအသင်းကြီးရဲ့ လုပ်ငန်းတွေကို လူတန်းစား အလွှာအသီးသီးကနေ ထောက်ခံ အသိအမှတ်ပြုတဲ့ အတွက်ကြောင့်လည်း ဘယ်လို အခက်အခဲမျိုးပဲရှိရှိ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း အခုလို ဆက်ပြောခဲ့ပါတယ်။

“ဆက်တိုက် လုပ်နေမှာပါပဲ။ ကျမတို့က မှတ်ပုံတင်မရှိလည်း လုပ်နေရတာပါပဲ။ သေတာက ရပ်မှမသွားတာ၊ လူနာတွေကလည်း ရပ်မှမသွားတာ။ ဒါပေမဲ့ Legally ဖြစ်ချင်တာပေါ့နော်၊ တရားဝင်လေး ဖြစ်ချင်တာပေါ့။ အခုလို ဒီမှာ အဖိတ်ခံရတဲ့ အတွက်တော့ နိုင်ငံတော် အနေနဲ့ ကျမတို့ကို တရားဝင် သတ်မှတ်တယ်လို့တော့ ကျမတို့က ခံစားရတာပေါ့။ တရားဝင် အဖွဲ့အစည်းတခု အနေနဲ့ သတ်မှတ်တယ်လို့ ကျမတို့ ခံစားရပါတယ်။”

နာရေးကူညီမှုအသင်း (ရန်ကုန်) ပေါ်ပေါက်လာစေဖို့အတွက် စတင် မျိုးစေ့ချပေးသူကတော့ ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာကြီး ဦးသုခ ဖြစ်ပါတယ်။ ဒီအသင်းကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ၁၀ နှစ်တင်းတင်း ပြည့်မြောက်ခဲ့တာပါ။ အခုဆိုရင်တော့ ၁၀ နှစ်ခွဲ ရှိသွားခဲ့ပါပြီ။ ဒီ ၁၀ နှစ်ခွဲ ကာလအတွင်းမှာ ငွေကြေးမတတ်နိုင်သူတွေအတွက် ဈာပနတွေကို အခမဲ့ ဝန်ဆောင်မှု ပေးခဲ့တာ ရုပ်အလောင်းပေါင်း ၁၀၀,၀၀၀ ကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလတွေ အတွင်းမှာလည်း အာဏာပိုင်တွေရဲ့ အမျိုးမျိုး ဖိအားပေး နှောင့်ယှက်မှုတွေကို ခံခဲ့ရတာ ဖြစ်ပါတယ်။