မြန်မာ့ရွေးကောက်ပွဲ ဆန့်ကျင်မှု ဖိလစ်ပိုင်မှာ စတင်

မြန်မာ့ရွေးကောက်ပွဲ ဆန့်ကျင်မှု ဖိလစ်ပိုင်မှာ စတင်

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသူက စည်းရုံးနေသလို သပိတ်မှောက်ဖို့ လှုံ့ဆော်သူကေလည်း လှုံ့ဆော်နေပါတယ်။ ပြည်ပရောက် မြန်မာအတိုက်အခံတွေနဲ့ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံသူတွေက ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို လုပ်လာကြတာပါ။ မနေ့ကဆိုရင် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံ နိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံတဲ့အဖွဲ့တစ်ခုက ဦးဆောင်ပြီး ရွေးကောက်ပွဲဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို စတင်ဆောင်ရွက်လိုက်ကြပါတယ်။ အကြောင်းစုံကို မနန္ဒာချမ်းက ပြောပြပေးပါမယ်။

မြန်မာပြည်မှာ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖို့ အစိုးရက သတ်မှတ်ထားတာ အခုဆိုရင် ၂ ပတ်သာ လိုပါတော့တယ်။ အခုဆိုရင် ပြည်ပရောက် မြန်မာ အတိုက်အခံအဖွဲ့တွေ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံတဲ့အဖွဲ့တွေက စစ်အစိုးရက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို တကမ္ဘာလုံး အတိုင်းအတာအရ စတင်လှုပ်ရှား လာကြပါတယ်။ သောကြာနေ့မှာဆိုရင် ဖိလစ်ပိုင်နိုင်ငံ မြန်မာပြည် လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ FBCP က ဦးဆောင်ပြီး ရွေးကောက်ပွဲဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်ကို ပထမဆုံး စတင်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး FBCP အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အက်ဂွိုင်းဘန်(စ်) (Egoy Bans) က -

“ရွေးကောက်ပွဲဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ဒီကနေ့မှာ ကျနော်တို့ မြန်မာပြည် ရွေးကောက်ပွဲကို ရှုတ်ချတဲ့ရွေးကောက်ပွဲတစ်ရပ်ကို လုပ်ခဲ့ကြတာပါ။ ဒီလို လုပ်ဆောင်တာဟာ ကမ္ဘာတဝှမ်းက မြန်မာ့အရေး ထောက်ခံတဲ့အဖွဲ့တွေကနေ မြန်မာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသတာဖြစ်သလိုပဲ စစ်အစိုးရကလုပ်မယ့် ရွေးကောက်ပွဲကို ရှုတ်ချဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်အစိုးရ အနေနဲ့လည်း ဒီရွေးကောက်ပွဲကို ပြောင်ပြောင်တင်းတင်း ရှုတ်ချဖို့နဲ့ ဒီ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲဟာ အများက လက်ခံယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ရဲ့လားဆိုတာ ဖိလစ်ပိုင်အစိုးရက ဦးဆောင်ပြီးတော့ အာဆီယံအသင်းအနေနဲ့ မြန်မာစစ်အစိုးရကို မေးဖို့၊ ဒါတွေကို ကျနော်တို့က တောင်ဆိုတာပါ။”

မိုးသည်ထန်စွာ ရွာသွန်းနေတဲ့ကြားက မနီလာမြို့တော်မှာရှိတဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အိတ်ဖွင့်ပေးစာတစ်စောင်လည်း ပေးအပ်ခဲ့ကြတယ်လို့ မစ္စတာ အက်ဂွိုင်းက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် မြန်မာပြည်မှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည် ဖော်ဖို့အတွက် မြန်မာစစ်အစိုးရကို ဖိအားပေးကြဖို့ အာဆီယံနဲ့ ကုလသမဂ္ဂကို FBCP က တိုက်တွန်းခဲ့ပါသေးတယ်။ မြန်မာပြည်အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ တိုးလာပေမဲ့လို့ စစ်အစိုးရကတော့ ဒီရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်တယ်ဆိုတာကို ထူးထူးခြားခြား လုပ်ဆောင်ပြသတာ မရှိဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

နိုဝင်ဘာလဆန်းမှာကျင်းပမယ့် အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီး အစည်းအဝေးမှာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးဖို့နဲ့ တက်ရောက်လာမယ့် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေကို အာဆီယံနဲ့ ကုလသမဂ္ဂက ထိရောက်စွာ ဖိအားပေးဖို့ကိုလည်း အာရှပစိဖိတ်ဒေသဆိုင်ရာ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ ကွန်ယက်က လုပ်ဆောင်နေတယ်လို့ အဖွဲ့တာဝန်ခံ မခင်ဥမ္မာက ပြောပါတယ်။

“ကျမတို့အနေနဲ့ အထူးသဖြင့်တော့ နောက်အပတ်မှာ ကျရောက်မယ့် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အဓိက အကြောင်းအရာ ၂ ခုကို ထိပ်သီးညီလာခံကြီးထဲမှာ သေသေချာချာ ထိထိရောက်ရောက် ဆွေးနွေးပြီးတော့မှ ကျန်တဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေက နအဖ ကိုယ်စားလှယ်တွေကို ထိရောက်စွာ ဖိအားပေးမှုတွေ လုပ်နိုင်ဖို့ ကြိုးစားနေတာ ရှိပါတယ်။ ဒီအကြောင်းအရာ ၂ ခုက ဘာလဲဆိုတော့ တစ်ခုက ရွေးကောက်ပွဲနဲ့ဆိုင်တာ ဖြစ်တယ်။ နောက်တစ်ခုကတော့ နအဖ က နျူကလီးယား လက်နက်ထုတ်ဖို့အတွက် သူတို့ရဲ့ ကြိုးစားမှုနဲ့ ပတ်သက်လို့ အာဆီယံကနေပြီးတော့ နအဖ ကို သေသေချာချာ မေးခွန်းထုတ်ပြီး ဒီကိစ္စကို ဆွေးနွေးဖို့ဆိုတဲ့ဟာပေါ့။ အဲဒီ ၂ ခုကို ကျမတို့ သတင်းမီဒီယာကနေတဆင့် ဒီလိုမျိုး ဖိအားပေးမှုတွေ ရောက်ဖို့အတွက် ကြိုးစားနေတာရှိတယ်။”

အာဆီယံ-ကုလသမဂ္ဂ ထိပ်သီး အစည်းအဝေးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီး ဒီအစည်းအဝေး မတိုင်ခင် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နန်နိုင်ငံတွေကို သွားရောက်ဖို့ရှိပါတယ်။ ဒီခရီးစဉ်အတွင်းမှာလည်း မြန်မာပြည်ကိစ္စကို ထည့်သွင်းဆွေးနွေး လိမ့်မယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်ပိုင်း အသစ်တက်လာမယ့်အစိုးရ အနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်ဖို့အတွက် အာဆီယံက ဖိအားပေးဖို့ လိုအပ်တာကိုလည်း မစ္စတာ ဘန်ကီမွန်းက အာရှခေါင်းဆောင်တွေကို တိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။