ပြင်သစ်မှာ အလုပ်သမားနဲ့ ကျောင်းသားတွေ ဆန္ဒပြ

ပြင်သစ်မှာ အလုပ်သမားနဲ့ ကျောင်းသားတွေ ဆန္ဒပြ

အငြိမ်းစားယူရမယ့် အသက်ကို တိုးမြှင့်မယ့် အစိုးရ အစီအစဉ်ကို ဆက်လက် ဆန္ဒပြနေကြတဲ့အတိုင်း ပြင်သစ် မြို့ကြီးတွေမှာ လောင်စာကန်တွေနဲ့ သယ်ယူပို့ဆောင်ရေး နေရာတွေကို အလုပ်သမားတွေနဲ့ ကျောင်းသားတွေက ပိတ်ဆို့ထားကြပါတယ်။

ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီး ကားတွေကို မှောက်လှန်ပစ်နေကြတဲ့ လူငယ်တွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့တွေဟာ လီယွန်မြို့မှာ ကြာသပတေးနေ့က ရင်ဆိုင်နေကြရပါတယ်။ မာဆေးမှာတော့ လေဆိပ်သွားရာလမ်းကို ရဲက ဖွင့်လိုက်နိုင်ပါတယ်။ လမ်းတွေပေါ်က အမှိုက်တွေကို ရှင်းနိုင်ဖို့လည်း တပ်တွေကို ချထားပါတယ်။

စနစ်ပျက်မသွားရအောင် ကာကွယ်တဲ့ အနေနဲ့ ပင်စင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ သူ ဖိအားပေးမယ်လို့ သမ္မတ နစ်ကိုလာ ဆာကိုဇီ (Nicolas Sarkozy) က ပြောပါတယ်။ သူက အနည်းဆုံး အငြိမ်းစား အသက်ကို ၆၀ ကနေ ၆၂ နှစ်ကို တိုးမြှင့်ချင်တာပါ။

အနားယူပြီး အပြည့်အ၀ အကျိုးခံစားခွင့်ရမယ့် အသက်ကိုတော့ ၆၅ ကနေ ၆၇ အထိ သူက တိုးချင်ပါတယ်။