အမေရိကန် ဒုသမ္မတဟောင်း Pence ရွေးကောက်ပွဲဝင်မည်

ဒုသမ္မတဟောင်း Mike Pence အိုင်အိုဝါပြည်နယ် Des Moines မြို့က ဒေသခံတွေနဲ့ တွေ့ဆုံနှုတ်ဆက်စကားပြောနေစဉ် (မေ ၂၃၊ ၂၀၂၃)

အမေရိကန် ဒုသမ္မတဟောင်း Mike Pence ဟာ အများမျှော်လင့်ထားတဲ့အတိုင်း ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြေညာပြီး ရှေ့သီတင်းပတ်အတွင်း အိုင်အိုဝါပြည်နယ်မှာ တရားဝင် မဲဆွယ်စည်းရုံးမှုတွေ စတင်တော့မယ်လို့ မျှော်လင့်ရပါတယ်။ အရင်က သမ္မတဖြစ်ခဲ့တဲ့ Donald Trump လက်အောက်မှာ တာဝန်ယူခဲ့သူတွေထဲက သမ္မတဟောင်းကို ပြန်ယှဉ်ပြိင်မယ့် ရီပတ်ဘလစ်ကန်ပါတီတွင်း ကိုယ်စားလှယ်လောင်းတယောက် ထပ်တိုးလာလာတာပါ။

ဇွန်လ ၇ ရက်နေ့ ကျရောက်တဲ့ သူအသက် ၆၄ နှစ်ပြည့်မွေးနေ့၊ အိုင်အိုဝါပြည်နယ် Des Moines မြို့မှာ Mike Pence ပါတီတွင်း သမ္မတလောင်းအဖြစ် တရားဝင် ကြေညာပြီး မဲဆွယ်စည်းရုံးမှုတွေ စလုပ်တော့မယ့်အကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ရီပတ်ဘလစ်ကန်ပါတီတွင်း ကွန်ဆာဗေးတစ်တွေနဲ့ ဧဝံဂေလိ ခရစ်ယန်ဘာသာဝင် မဲဆန္ဒရှင်တွေကို အဓိက ဉီးတည် မဲဆွယ်စည်းရုံးမယ့် Mike Pence ဟာ ရွေးကောက်ပွဲတွေ ခပ်စောစောကျင်းပမယ့် အိုင်အိုဝါပြည်နယ်ကို အနိုင်ရဖို့ အရေးကြီးတဲ့ပြည်နယ်တခုအဖြစ် ရှုမြင်ထားပါတယ်။ လွှတ်တော်အမတ်ဟောင်းလည်းဖြစ် အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်တဲ့ Mike Pence ဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump ရဲ့ ဒုသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ Donald Trump နဲ့ သဘောကွဲလွဲခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့ သမ္မတဟောင်း Trump နဲ့ လွှတ်တော်ကို ဝင်ရောက်စီးနင်းသူတွေ ကန့်ကွက်တဲ့ကြားက သမ္မတ Joe Biden ရွေးကောက်ပွဲ အနိုင်ရတာကို အတည်ပြု ကြေညာပေးခဲ့သူ ဖြစ်ပါတယ်။