မဲခေါင်သစ်တောပြုန်းတီးမှု WWF စိုးရိမ်

  • ကျော်သိင်္ခ

မဲခေါင်မြစ် (File photo).

မြန်မာနိုင်ငံလည်းအပါအဝင်ဖြစ်တဲ့ မဟာမဲခေါင်ရပ်ဝန်းဒေသမှာရှိတဲ့ အစိုးရတွေအနေနဲ့ ဒေသတွင်းမှာ ကျန်ရှိနေသေးတဲ့ သစ်တောတွေ ကာကွယ်ထိန်းသိမ်းရေးကို တိုးပြီး မလုပ်သွားဘူးဆိုရင်၊ လာမယ့် ဆယ်စုနှစ် ၂ ခုအတွင်း သစ်တောတွေ ဆက်ပြီး ပြုန်းတီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WWF လို့ခေါ်တဲ့ ကမ္ဘာ့ တောရိုင်းသဘာ၀ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုလို သစ်တောပြုန်းတီးမှု အန္တရာယ်ကို ကာကွယ်ဖို့ အစိုးရခေါင်းဆောင်ပိုင်းကလည်း ထိထိရောက်ရောက် ပူးပေါင်းပါဝင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ FREDA အဖွဲ့အစည်းက ပြောပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ကိုကျော်သိင်္ခက တင်ပြထားပါတယ်။

မဟာမဲခေါင်ဒေသမှာ တစတစ ကြီးမားလာတဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် လာမယ့်ဆယ်စုနှစ် ၂ ခုအတွင်းမှာဆိုရင် အဲ့ဒီဒေသတွင်းမှာ ကျန်ရှိနေသေးတဲ့ သစ်တောတွေရဲ့ ၃ ပုံ ၁ ပုံ ထပ်ပြီး ပြုန်းတီးနိုင်တယ်လို့ WWF ကမ္ဘာ့တောရိုင်းသဘာ၀ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။

မဲခေါင်ဒေသကို သဘာဝတောရိုင်း တိရစ္ဆာန်နဲ့ ဇီဝမျိုးကွဲတွေ အများစုရှိတဲ့ဒေသအဖြစ် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ကမ္ဘာ့တောရိုင်း သဘာ၀ စောင့်ရှောက်ရေးအဖွဲ့တို့က သတ်မှတ်ထားတာပါ။ မဲခေါင်ဒေသတွင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတို့ပါဝင်တာ ဖြစ်ပါတယ်။

WWF က အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ အထူးသဖြင့် မဲခေါင်မြစ်အောက်ပိုင်းတလျှောက်မှာရှိတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတွေက သစ်တောပြုန်းတီးမှု အခြေအနေတွေကို အဓိက ဖော်ပြထားတာပါ။ အဲ့ဒီဒေသတွေဟာ ၁၉၇၃ ခုနှစ်မှာ သစ်တော ၇၀ ရာခိုင်နှုန်းလောက် ဖုံးလွှမ်းနေခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာဆိုရင် ၂၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲ့ဒီကာလတွေအတွင်း မြန်မာနိုင်ငံမှာတော့ တနိုင်ငံလုံး သစ်တောပမာဏရဲ့ ၂၄ ရာခိုင်နှုန်း ပြုန်းတီးသွားပြီလို့ အစီရင်ခံစာက ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ သစ်ခိုးထုတ်သူတွေကို ပြတ်ပြတ်သားသား အရေးယူတာမျိုး မရှိသလို၊ မြေသိမ်း၊ ယာသိမ်းပြီး အဲ့ဒီလို သိမ်းဆည်းထားတဲ့ မြေတွေမှာ သစ်ပင် ပြန်ပြီး စိုက်ပျိုးတာတွေ မရှိတာကလည်း သစ်တောတွေ ပြုန်းတီးရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ပါတယ်လို့ မြန်မာနိုင်ငံထဲက သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး NGO အဖွဲ့အစည်းတခုဖြစ်တဲ့ FREDA ရဲ့ ဥက္ကဋ္ဌ ဦးအုန်း က ဗွီအိုအေကို ပြောပါတယ်။

“လူတွေရဲ့ အကျင့်စာရိတ္တကို အရင် ပြုပြင်ရမှာ။ အရေးယူစရာရှိရင်လည်း ပြတ်ပြတ်သားသား အရေးယူရမှာ။ အဲ့ဒါမှ ရပ်တန့်သွားမှာ။ ခေါင်းဆောင်လုပ်တဲ့ကောင်က သစ်ခိုးပြီး၊ ပျဉ်းကတိုးခိုးပြီးတော့ ရောင်းစားတယ်။ အာဏာရှိတဲ့သူ ပိုက်ဆံရှိတဲ့သူတွေကလည်း မြေကြီးတွေ တောင်းထားတယ်။ ဧက သောင်းနဲ့သိန်းနဲ့။ အဲ့တော့ အဲ့ဒီဟာတွေကို အပြတ်အသတ်ကို ဝန်ကြီးဌာနကရော ပြည်သူလူထုကရော အော်မှ ဒါရပ်မှာ။ သစ်တွေ ရောင်းဝယ်ခွင့်ပြုလို့ရှိရင် အခွန်တော် ဘယ်လောက်ပေးမလဲ။ ဒါတွေပါ ကြပ်မတ်ပေးရမှာ။”

လာမယ့် ၂၀၃၀ ခုနှစ်ကျရင် မဲခေါင်ရပ်ဝန်းဒေသအတွင်း သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန်တို့ရဲ့ ဂေဟစနစ် ထိခိုက်ပျက်စီးနိုင်တဲ့ အရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့တောရိုင်း သဘာ၀ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ နှစ်ပိုင်းခွဲပြီး ခန့်မှန်းတွက်ချက်ထားပါတယ်။

ပထမတခုကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လေ့လာခဲ့တဲ့ အချက်အလက် တွေအရ သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေနဲ့ ၂၀၃၀ ခုနှစ်မှာ သစ်တော ပြုန်းတီးမှု အခြေအနေနဲ့ ပက်သက်ပြီး ခန့်မှန်းတွက်ချက်ထားတာပါ။ ဒုတိယ တခုကတော့ အခုလို သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေကို ဆင်ဆင်ခြင်ခြင် လုပ်မယ်ဆိုရင်တော့ ၂၀၃၀ ခုနှစ်မှာ သစ်တောပြုန်းတီးမှုရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ပြန်ပြီး အဖတ်ဆယ်နိုင်မယ်ဆိုပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ အခုလို သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေက အစိုးရနဲ့ ကန်ထရိုက် ယူထားသူတွေနဲ့ အစိုးရပိုင်းကိုယ်တိုင်က ပါဝင်ပတ်သက်နေတာ ဖြစ်တဲ့အကြောင်းနဲ့ သစ်တောပြုန်းတီးမှုတွေ မဖြစ်အောင် အစိုးရက ပြည်သူတွေနဲ့ လက်တွဲလုပ်ဆောင်မှ အောင်မြင်နိုင်မယ်လို့လည်း FREDA ရဲ့ ဥက္ကဌ ဦးအုန်းက ပြောပါတယ်။

“ဒါတွေလုပ်နေကြတဲ့ အဖွဲ့ကလည်း အစိုးရနဲ့ သစ်ကုန်သည်တွေ လုပ်နေတာ။ ပြည်သူလူထုအတွက် မပါဘူး။ ပြည်သူလူထုအတွက်ကို အစိုးရက စဉ်းစားပြီးတော့ ပြည်သူလူထုနဲ့ ဒိုးတူဘောင်ဘက် တောတွေ ပြန်သိမ်း ရင်တော့ အောင်မြင်ပါလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။”

WWF ကမ္ဘာ့တောရိုင်း သဘာ၀ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ လာမယ့်အနှစ် ၅၀ အတွင်း မဲခေါင်ဒေသမှာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးနိုင်ကြောင်း ထောက်ပြပြောဆိုထားပေမဲ့လည်း၊ ဒေသတွင်းမှာ သဘာဝသံယံဇာတကြွယ်ဝမှုတွေက ဆက်ပြီးရှိနေဆဲဖြစ်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ အစားအသောက်၊ ရေ နဲ့ အပင်ကနေထွက်တဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ထုတ်လုပ်မှုနှုန်း အမြင့်ဆုံး ဒေသထဲမှာ မဟာမဲခေါင်ဒေသလည်း ဆက်ပြီး ပါဝင်နေဆဲဖြစ်တဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။