Burma Act 2018 ကန်အောက်လွှတ်တော်ကော်မတီ အတည်ပြု

အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ၊ ကာလီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် Ed Royce

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအတွက် အခြေခံလူ့အခွင့်အရေးကိုတောင်မှ မပေးဘဲ ငြင်းပယ်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော် ကြာနေပြီ လို့ အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီဥက္ကဌ၊ ကာလီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် Ed Royce ကပြောပါတယ်။

“လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုဟာ ပြီးခဲ့တဲ့နှစ်မှာ ထိတ်လန့်ဖွယ်အဆင့် ရောက်သွားခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ ၇၀၀,၀၀၀ ကို သူတို့နေအိမ်တွေကနေ မောင်းထုတ်၊ ရွာတွေကိုမီးရှို့၊ အမျိုးသမီးတွေကို မုဒိန်းကျင့်ပြီး လူူထောင်ပေါင်းများစွာကို သတ်ခဲ့ပါတယ်။ ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေကို မြန်မာတပ်မှူးတဦးက “မင်းတို့ရွာတွေကို အမှုန့်ခြေပစ်မယ်” လို့ ပြောတဲ့အတိုင်း တကယ်ပဲ လုပ်ခဲ့ကြပါတယ်။” လို့ ကော်မတီဥက္ကဌ Ed Royce ကပြောပါတယ်။

Burma Act 2018 ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ကြာသပတေးနေ့မှာ အတည်ပြု ကြောင်း ကြေညာတဲ့အချိန်အတွင်း Ed Royce က အဲဒီလိုပြောသွားတာပါ။

ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့ကြတဲ့ မြန်မာစစ်ဘက် အကြီးတန်းတာဝန်ရှိသူတွေ ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ခံစေဖို့ ဒီဥပဒေ မူကြမ်းထဲမှာ တောင်းဆိုထားသလို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ လူသားစာနာမှု အကူ အညီပေးအဖွဲ့တွေကို ခွင့်ပြုဖို့၊ ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး စီစဉ်ဆောင်ရွက်ဖို့နဲ့ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေကိုလည်း မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

Burma Act 2018 ကန်အောက်လွှတ်တော်ကော်မတီ အတည်ပြု