(Zawgyi/Unicode)
မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးရွာတဲ့အတွက် ရာနဲ့ချီတဲ့လူတွေ အိုးအိမ်မဲ့ဖြစ်နေကြရသလို ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းတွေလည်း နှေးကွေးကုန်တယ်လို့ ဒေသခံတွေက ရိုက်တာသတင်းဌာနကို ဒီကနေ့ပြောပါတယ်။
ကိုဗစ်လူနာတွေကို ရေတက်နေတဲ့နေရာတွေကနေ ခြောက်သွေ့တဲ့နေရာတွေဆီ ကျန်းမာရေးလုပ်သားတွေ ရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။
"အိမ်ခြေ ရာနဲ့ချီပြီး ရေမြုပ်နေပြီးတော့ ခေါင်မိုးလေးတွေပဲ မြင်ရပါတယ်" လို့ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်က လူမှုဝန်ထမ်း လုပ်သားတဦးဖြစ်သူ ဦးပြည့်စုံက ရိုက်တာသတင်းဌာနကို တယ်လီဖုန်းကတဆင့် ပြောပါတယ်။ တနင်္လာနေ့အစောပိုင်းကတည်းက ရေတက်လာနေတယ်လို့လည်း သူကပြောပါတယ်။
"မြို့မှာ ကိုဗစ်က ပျံ့နေပါတယ်။ အနံ့ပျောက်တဲ့လူတွေ၊ ဖျားနေတဲ့လူတွေ အများကြီးပါပဲ။ ဒါက ကိုဗစ်လား၊ ရာသီတုတ်ကွေးလားဆိုတာ သေချာမသိရပါဘူး။ ဒါပေမယ့် အခုတော့ လူတွေ အိမ်ထဲမှာလည်း နေလို့မရ၊ ဂေဟာတွေမှာလည်း နေလို့မရဆိုတော့ ရောဂါပိုးပျံ့တာ ပိုဆိုးလာနိုင်ပါတယ်" လို့ ဦးပြည့််စုံက ပြောပါတယ်။
မြဝတီမြို့မှာလည်း ရေကြီးနေတဲ့ကြားထဲကပဲ ကုတင်ပေါ်မှာ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ လူနာတွေကို ပရဟိတလုပ်သားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရွှေ့ပြောင်းပေးနေကြတာကို KIC သတင်းဌာနက ဖေ့စ်ဘုတ်ပေါ်မှာတင်ထားတဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
ထိုင်း-မြန်မာနယ်စပ်က လူနေဒေသ ၅၀၀ လောက် ရေဘေးဒဏ်သင့်ပြီး လူရာပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်နေတယ်လို့ KIC ကပြောပါတယ်။
မော်လမြိုင်မြို့မှာလည်း လူ ၅၀၀ ထက်မနည်း ရေဘေးဒဏ်သင့်နေတယ်လို့ ပရဟိတအဖွဲ့တခုရဲ့ အကြီးအကဲဖြစ်သူ ဦးဘိုဘိုဝင်းကပြောပါတယ်။
"ဒီနှစ်ရေကြီးတဲ့ဒဏ်က ၂၀၁၉ ခုနှစ်ကလောက် မဆိုးပါဘူး၊ ဒါပေမယ့် အခုဟာက ကပ်ရောဂါနဲ့ တည့်တည့်တိုးနေချိန်ဖြစ်နေပါတယ်" လို့ ဦးဘိုဘိုဝင်းကပြောပါတယ်။
..................................................................................................
(Unicode)
Your browser doesn’t support HTML5