မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ရပ်ကွက်အနိမ့်ပိုင်း နေရာတွေမှာ ဒီရက်ပိုင်း မိုးများပြီး ရေကြီး ရေလျှံနေတာကြောင့် နေအိမ်တချို့ ရေနစ်မြုပ်ခဲ့တဲ့အထိ ဖြစ်နေပါတယ်။ ရပ်ကွက်အမြင့်ပိုင်း နေရာတွေမှာ ရေဘေးဒုက္ခသည် စခန်းဖွင့်ထားပြီး ပြောင်းရွှေ့ နေထိုင်သူတွေလည်း ရှိနေတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ သတင်းပေးပို့ချက် အပြည့်စုံကို မဆုမွန်က တင်ပြပေးပါမယ်။
ဇူလိုင်လ ၁၇ ရက်၊ မနေ့ညတုန်းက မိုးရွာသွန်းတဲ့ အရှိန်ကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်မှာရှိတဲ့ အနိမ့်ပိုင်းနေရာတွေမှာ ဒီမနက် အစောပိုင်းကစလို့ ရေကြီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမှာ ရှိတဲ့ မြေနိမ့်ပိုင်းတွေမှာလည်း လမ်းပေါ်ရေကြီးတာနဲ့ နေအိမ်ထဲ ရေဝင်တာတွေရှိလို့ ယာယီ ရေဘေးစခန်းဆီ ဒေသခံတချို့ကို ပြောင်းရွှေ့ပေးထားရတယ်လို့ ကိုယ်တိုင် ကူညီနေသူတဦးက ပြောပါတယ်။
"အခုက ရေကြီးနေတုန်းပဲ။ လမ်းပေါ်မှာ ရေမြုပ်နေတုန်းပဲပေါ့။ ပငကျေးရွာမှာဆို ရပ်ကွက်တွေရှိတယ်လေ။ အဲဒီရပ်ကွက်တွေက မြေနိမ့်နေရာတွေမှာ ရေကြီးနေတာ။ အခုတော့ ရေကပြန်မကျဘူး၊ မိုးအုံ့နေတော့ ပင်လယ်ရေနည်းနည်း တက်နေသလိုဖြစ်နေတယ်။ လမ်းမပေါ်မှာ ပငနဲ့ ဂရုပ္ပိကြားမှာဆို ရင်ဘတ်ထိလောက်ရှိတယ်၊ ၄ ပေ ကျော်ကျော်လောက်ရှိတယ်။ တချို့နေရာဆို လူပါမြုပ်တယ်။ ရေဝင်တဲ့ အိမ်တွေရှိတယ်၊ ၃ ပေလောက်တော့မြုပ်တယ်။"
ပငကျေးရွာက အိမ်ခြေ ၂၀၀ နီးပါး ရေနစ်မြုပ်ခဲ့ပြီး ရေဘေးဒဏ်ခံရတဲ့ အိမ်ထောင်စုတွေကို ပငကျေးရွာ၊ ကြက်တိန်ညှင်း ဘုရားကုန်းက ယာယီရေဘေးစခန်းဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း ကူညီပေးနေသူက ပြောပါတယ်။
"ရေဝင်တဲ့အိမ်ကျ လူတွေက တချို့က အဲဒီမှာ ရွှေ့ပြောင်းအလုပ်သမားတွေ များတယ်။ အဲဒီနား ဘုရားကျောင်းမှာ သွားထား ထားတယ်။ အခုဆို ဟိုဘက်တွေလည်း ရေကြီးတယ်။ ဒါပေမဲ့ ဘယ်လောက်ထိလဲတော့ ကျနော်တို့လည်း မသိရဘူး၊ ကျနော်တို့က ပငဘက်မှာ လုပ်နေတာဆိုတော့။"
သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်တံတား ကားလမ်းလည်း ဒီကနေ့ မနက်အစောပိုင်းမှာ ရေကျော်နေလို့ ယာဉ်ငယ်တွေ သွားလာဖို့ ခက်ခဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောက်ပိုင်း ရေနည်းနည်း ပြန်ကျပေမဲ့ မိုး ထပ်သည်းပြီး ရေပြန်တက်မှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကားလမ်းအနီးဝန်းကျင်က အနိမ့်ပိုင်းနေရာတွေမှာ အခုထိ ရေတက်နေဆဲ ဖြစ်ပြီး၊ ရေဝင်နေတဲ့ အိမ်တွေ ရှိနေတုန်းပဲလို့ သံဖြူဇရပ် ဒေသခံတဦးက ပြောပါတယ်။
"ရေလုံးဝကျတာရယ်လို့တော့ မဟုတ်ဘူး။ လမ်းပေါ်မှာတော့ ရေရှိသေးတယ်။ ကားတွေကတော့ သွားလို့ရနေပြီ။ ဒါပေမဲ့ မိုးကရွာနေသေးတော့ ဒီလိုမျိုး သည်းသည်းမဲမဲ ထပ်ရွာရင် အချိန်မရွေး ပြန်တက်လာနိုင်တယ်။ ရပ်ကွက်တွေထဲမှာလည်း ရေရှိသေးတယ်။ လုံးဝအမြုပ်ကြီးတော့ မဟုတ်ဘူး။ ရေဝင်တဲ့အိမ်လေးတွေ ရှိနေသေးတယ်။ ဘုန်းကြီးကျောင်းက ဆွမ်းစားဆောင်တွေထဲ ရေရှိနေသေးတယ်။ အနိမ့်ပိုင်းတွေပေါ့၊ သံဖြူဇရပ်မြို့ရဲ့ အနိမ့်ပိုင်းတွေမှာ ရေဝင်တာ။"
မွန်ပြည်နယ်၊ သံဖြူဇရပ်မှာ အခုလို မိုးများလို့ ရေကြီးတာကတော့ မိုးရာသီမှာ ပုံမှန်လိုဖြစ်လေ့ ရှိပါတယ်။ မုဒုံနဲ့ ရေးမြို့နယ်မှာရှိတဲ့ မြေနိမ့်ပိုင်း ရပ်ကွက်တွေထဲမှာလည်း ရေတက်လာနေလို့ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဇလဌာနရဲ့ မနက်ဖြန်မနက်အထိ မိုးရွာသွန်းမယ့်ဒေသအလိုက် ခန့်မှန်းထားတဲ့အထဲမှာ မွန်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး၊ လှိုင်းကြီးမယ်လို့ ခန့်မှန်းထားပါတယ်။ လှိုင်းအမြင့်က ၉ ပေကနေ ၁၂ ပေအထိ ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
Your browser doesn’t support HTML5