ပထမကမ္ဘာစစ် အဆုံးသတ်မှု နှစ်တရာတိုင်ပြီ

နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁ နာရီ အချိန်ဟာဆိုရင် ပထမ ကမ္ဘာစစ်ကို အဆုံးသတ်ခဲ့တာ နှစ်ပေါင်း ၁၀၀ တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်အတွင်း သေဆုံးခဲ့ရသူ လူန်းသန်းပေါင်း များစွာကို အောက်မေ့ သတိယတဲ့ အနေနဲ့ နိုင်ငံပေါင်း ၇၀ က ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံ Arc de Triomphe မုခ်ဦးမှာ စုစည်းခဲ့ကြပါတယ်။

အမေရိကန် သမ္မတ Donald Trump နဲ့ ရုရှား သမ္မတ Vladimir Putin တို့ကတော့ နောက်ဆုံးမှာ ရောက်လာကြတာပါ။ ခေါင်းဆောင် နှစ်ဦးတို့ လက်ဆွဲ နုတ်ဆက်ခဲ့ကြပြီး အမေရိကန် သမ္မတ Trump က အဆင်ပြေရဲ့လားလို့ နုတ်ဆက်တာကို ရုရှား သမ္မတ လက်မထောင်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ပြင်သစ် သမ္မတ Emmanuel Macron က အညတရ စစ်သည်များ ဗိမာန်မှာ ထာဝရ မီးတိုင်ကို ထွန်းညှိပေးပါတယ်။

နိုင်ငံ အတွက် အသက်စွန့်ခဲ့တဲ့ ပြင်သစ် စစ်သည်တဦး လဲလျောင်း နားနေရာလို့ ရေးထိုးထားတဲ့ ဗိမာန်မှာ ညတိုင်း မီးတိုင် အသစ် ထွန်းညှိတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ တုန်းက ဥရောပမှာ ၄ နှစ်ကြာ စစ်ပွဲတွင်း အသက်စွန့်ခဲ့ကြရတာတွေကို ပြင်သစ် သမ္မတက သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့ ညနေခင်းမှာတော့ ပြင်သစ် သမ္မတက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျင်းပပါတယ်။ ဒီအခမ်းအနားကိုတော့ အမေရိကန် သမ္မတ Trump မတက်ပါဘူး။ ရုရှား သမ္မတ ပူတင်လည်း မတက်ဘူးလို့ ခန့်မှန်းရပါတယ်။

မိုးရေတွေထဲမှာ ကျင်းပခဲ့တဲ့ ဒီကနေ့ အခမ်းအနားမှာတော့ တယော ဂီတပညာရှင် Yo-Yo Ma၊ အာဖရိကတိုက် Benin နိုင်ငံသူ တေးရေး တေးဆို Angelique Kidjo တို့လည်း ပါဝင်ခဲ့ပါတယ်။ ပထမ ကမ္ဘာစစ် အတွင်း တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တွေထဲမှာတော့ အသက်ရှင်လျက် ရှိနေသူ မရှိတော့ပါဘူး။

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ဒီကနေ့ ဒီအချိန် ပထမ ကမ္ဘာစစ် အတွင်း ရှေ့တန်းစစ်မြေပြင်မှာ စစ်သည်တွေ ရေးသားခဲ့ကြတဲ့ ပေးစာတွေကို အထက်တန်း ကျောင်းသားတွေက ဖတ်ကြားခဲ့ကြပါတယ်။ အမေရိကန် စစ်တပ်က ဗိုလ်ကြီး Charles Normington ရေးသားထားတဲ့ စာထဲမှာတော့ စစ်သားတွေက ပြင်သစ် မိန်းကလေးတွေကို ဖက်ထားကြတယ်၊ တချို့ကတော့ ရီနေကြတယ်၊ မိန်းကလေးတွေက စစ်သားတွေကို အနမ်းပေးပြီး နှုတ်ဆက်ကြတယ်၊ ကမ္ဘာပေါ်မှာ သူ အနေချင်ဆုံး နေရာပါဘဲလို့ ရေးထားပါတယ်။

ပြင်သစ် ခြေလျင် တပ်သား Alfred Roumiguieres ကတော့ အမြောက်ဆံတွေ သေနတ်ကျည်ဆန်တွေ ဝဲပျံနေတာတွေ နောက်ဆုံးတော့ ပြီးဆုံးသွားပြီလို့ ရေးသားခဲ့ပါတယ်။ အမေရိကန် သမ္မတ Trump ကတော့ ပြင်သစ်နိုင်ငံ ပါရီမြို့ပြင်က အမေရိကန် သင်္ချ ိုင်းကို မနေ့ စနေ့နေ့က သွားမယ့် အစီအစဉ်ကို ဖျက်ခဲ့ပါတယ်။ ရာသီဥတုကြောင့် သွားရေးလာရေး စီစဉ်ဖို့ အခက်အခဲကြောင့် သမ္မတရဲ့ အစီအးစဉ်ကို ဖျက်လိုက်ရတာလို့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပါတယ်။ ဒါပေမယ့် မိုးအုံ့ပြီး ရာသီဥတု မကောင်းတဲ့ ကြားကဘဲ အိမ်ဖြူတော် အရာရှိချုပ် ဗိုလ်ချုပ်ကြီး John Kelly နဲ့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ Joe Dunford တို့ Aisne-Marne အမေရိကန် သချိုင်းနဲ့ အောက်မေ့ဖွယ် ကို သွားရောက်ပြီး အဲဒီမှာ မြှုပ်နှံထားသူ ၂၃၀၀ နီးပါးတို့ကို ဂါရ၀ ပြုခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ပထမကမ္ဘာစစ် အဆုံးသတ်မှု နှစ်တရာတိုင်ပြီ