အစိုးရလုပ်ငန်းတွေ ပြန်ဖွင့်ရေး သမ္မတ Trump အဆိုပြုချက် ဒီမိုကရက်တွေပယ်ချ

သမ္မတထရမ့်က အစိုးရလုပ်ငန်းတချို့ပိတ်ထားရခြင်းနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို အိမ်ဖြူတော် သံတမန်ရုံးခန်းမှ မိန့်ခွန်းပြောကြားစဉ်။ (ဇန်နဝါရီ ၁၉၊ ၂၀၁၉)

အမေရိကန်အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်နားထားရမှု တလကြာမြင့်လာပြီးနောက်မှာတော့ ဒီကိစ္စ အဆုံးသတ်နိုင်ရေး ကမ်းလှမ်းတဲ့အနေနဲ့ သမ္မတ Donald Trump က သူ့ရဲ့ တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေကို ဒီမိုကရက်တွေနဲ့ ညှိနှိုင်းဖို့ စနေနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံပါတီဘက်ကတော့ သမ္မတမိန့်ခွန်းမပြောခင်ကတည်းက ဒီမူဝါဒတွေကို လက်မခံ ပယ်ချထားတာပါ။

ဒီမိုကရက် အများအပြားဘက်က စိတ်အားထက်သန်စွာထောက်ခံမှုကို မျှော်လင့်ထားသလို အများအပြားကထောက်ခံမယ်လို့ ယူဆကြောင်း သမ္မတ Trump က ပြောပါတယ်။ အစွန်းရောက်လက်ဝဲဝါဒီတွေ အမေရိကန်နယ်စပ်တွေကို ဘယ်တော့မှ ထိန်းချုပ်နိုင်မှာမဟုတ်သလို ဒါမျိုးလည်း အဖြစ်မခံဘူး လို့ သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ သမ္မတ အိမ်ဖြူတော်က တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ လူဝင်မှုကြီးကြပ်ရေး ထိန်းချုပ်ဖို့ ပြည်ထောင်စုဝန်ထမ်း ၂,၇၅၀ တိုးမြှင့်ဖို့၊ မက္ကဆီကိုနဲ့နယ်စပ်မှာ ကီလိုမီတာ ၃၇၀ ကို သံမဏိနဲ့ တံတိုင်းကာဖို့အတွက် ဒေါ်လာ သန်း ၅,၇၀၀ ပေးဖို့ သမ္မတ Trump က တောင်းဆိုထားတာပါ။

သမ္မတ Trump အစိုးရဘက်က အဆုံးသတ်ဖို့ ရည်မှန်းထားတဲ့ အစီအစဉ် ၂ ခုကိုလည်း အပေးအယူလုပ် ညှိနှိုင်းဖို့ သမ္မတကကမ်းလှမ်းပါတယ်။ DACA လို့ ခေါ်တဲ့ အမေရိကန်ကို ကလေးဘဝမှာရောက်ရှိလာသူတွေနဲ့ TPS လို့ ခေါ်တဲ့ လက်တင်အမေရိကနဲ့ အာဖရိကနိုင်ငံတချို့က ရွှေ့ပြောင်းတွေကို ပေးထားတဲ့ ယာယီအကာအကွယ်ပေးရေး အစီအစဉ်တို့ ဖြစ်ပါတယ်။ ပါတီကြီးနှစ်ရပ်တို့ရဲ့ Bridge Act အရ Dreamers လို့လည်းခေါ်တဲ့ အမေရိကန်ကို ကလေးဘဝမှာ တရားမဝင် ရောက်ရှိခဲ့ကြသူ ၇ သိန်း ၄ သောင်းကို အလုပ်လုပ်ခွင့် ဆက်ပေးထားပြီး အလုပ်လုပ်ခွင့် ရုပ်သိမ်းခံရရင်လည်း ဌာနေပြန်ပို့မယ့် အရေးကနေ သုံးနှစ် ဆိုင်းငံ့ထားပေးမှာ ဖြစ်ပါတယ်။

သမ္မတ Trump မိန့်ခွန်း မပြောမီမှာဘဲ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကတော့ သမ္မတရဲ့ ကမ်းလှမ်းချက်က အစကတည်းက ပယ်ချထားပြီးသားတွေကို စုပေါင်းထားတာဟာ လက်ခံနိုင်စရာမရှိသလို သမ္မတရဲ့ အဆိုပြုချက်က သဘောရိုးနဲ့ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။