စစ်ကောင်စီနဲ့ AA အဖွဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။ လူသားချင်းစာနာမှု လိုအပ်ချက် အကျပ်အတည်းတွေကြောင့် အပစ်ရပ်လိုက်တာလို့ AA ပြောခွင့်ရကလည်း ပြောပါတယ်။ နေ့တိုင်းလိုလို ပစ်ခတ်သံတွေ ကြားနေရတဲ့ ရခိုင်မြောက်ပိုင်းက မောင်တော ရသေ့တောင် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာ အခု ရက်ပိုင်းအတွင်း ပစ်ခတ်သံတွေ မကြားရတော့ဘူး လို့ ဒေသခံတွေကလည်း ပြောဆိုကြပါတယ်။ ရခိုင်ဘက်က နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို ကိုရန်နိုင်က တင်ပြထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား ဆွေးနွေးမှုတွေ ရှိနေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မြေပြင်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

“ကျနော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေတော့ ရှိပါတယ်ခင်ဗျာ။ မြေပြင်မှာတော့ လွန်ခဲ့တဲ့ သုံးလေးရက်ကတည်းက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး ဖြစ်ပါတယ် ဒီလောက်ပါပဲ။”

တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိတဲ့ မောင်တောမြောက်ပိုင်းမှာလည်း ဒီရက်ပိုင်းအတွင်း ပစ်ခတ်သံတွေ မကြားရဘူးလို့ မောင်တောဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“အရင်ကတော့ လက်နက်ကြီး ပစ်သံတွေ၊ သေနတ်ပစ်သံတွေ နေ့တိုင်းကြားရတယ်။ အခုဒီရက်ပိုင်း ၂ ရက် ၃ ရက် လောက်မှာတော့ ပစ်ခတ်သံတွေ မကြားရဘူး။ လက်နက်ကြီးရော လက်နက်ငယ်ရော မကြားရဘူး။”

ဒါ့အပြင် ဒီလအတွင်းမှာပဲ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၁၀ ယောက်ကျော် သေဆုံးခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ပစ်ခတ်သံတွေ မကြားရဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အလားတူ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ လက်နက်ကြီးကျည်တွေ မကြာခဏ ကျရောက်လေ့ရှိတဲ့ ကျောက်တော်မြို့နယ်ဘက်မှာလည်း ပစ်ခတ်တာတွေ ရပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ မြို့တွင်းနဲ့ လမ်းသွားလမ်းလာတွေကိုတော့ လုံခြုံရေးတင်းကျပ်၊ စစ်ဆေးနေ တယ်လို့ ကျောက်တော်ဒေသခံတဦး ေျပာပါတယ်။

“ဒီ ၁ ရက် ၂ ရက်အတွင်းမှာတော့ ပစ်ခတ်သံတွေ မကြားရဘူး။ ဒါပေမဲ့ သူတို့မှာ ဘယ်လို အခြေအနေရှိနေလဲတော့ မသိဘူးခင်ဗျာ။ ကျောက်တော်မြို့ပေါ်မှာ သူတို့အမြဲ နေထိုင်တာ ရှိတယ်။ ပြီးတော့ တံတားဦးဂိတ်ရယ် ကျောက်တော် စကစ (၉) တပ်မက လမ်းသွားလမ်းလာတွေ ခရီးသွားပြည်သူတွေကို စစ်ဆေးတာတွေတော့ ရှိတယ်။ ပစ်ခတ်တာကလွဲလို့ လျော့သွားတာ မရှိသေးဘူး။ ပြည်သူတွေရဲ့ အခက်အခဲတွေ ကတော့ ရှိတုန်းပဲဗျာ။”

တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ ရခိုင်မှာ အခုချိန်ဟာ စပါးရိတ်သိမ်းဖို့ အချိန် ရောက်လာနေပြီး လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ရှိနေတာကြောင့် ဒီလို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် အပစ်ရပ်စဲတာဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခ ကလည်း ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံရေး ရပ်တည်ချက်ကတော့ ပြောင်းလဲမှာမဟုတ်ဘဲ လူသားချင်းစာနာမှု အရ ခုလို လုပ်ဆောင်တာဖြစ်တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

==== Unicode=====








