လွိုင်ကော်မြို့တဝိုက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါး

Loikaw လွိုင်ကော်

ကရင်နီ တပ်ပေါင်းစုတွေရဲ့ တစ်လေးလုံး စစ်ဆင်ရေးဟာ ၇ ရက် ရှိလာပြီဖြစ်ပြီး ရှမ်း-ကယားဒေသအတွင်း လွိုင်ကော်မြိုတဝိုက့်နဲ့ မိုးဗြဲမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ တစ်လေးလုံး စစ်ဆင်ရေး ၅ ရက်မြောက်နေ့ကတော့ မိုးဗြဲ ဖယ်ခုံဒေသမှာ စစ်ကောင်စီ စခန်း ၉ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေး မဟာမိတ်အင်အားစုတွေက သတင်းထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးမှာပါ။

လွိုင်ကော်မြို့ အကျဉ်းထောင်အနားတဝိုက်မှာ ဒီကနေ့ နိုဝင်ဘာ ၁၇ အထိ စစ်ကောင်စီနဲ့ ကရင်နီတပ်ပေါင်းစု တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“မြို့သိမ်းတိုက်ပွဲတွေအနေနဲ့ ဆက်ပြီးတော့ ဒါ ၇ ရက်နေ့မြောက် ဖြစ်လာပြီးပေါ့နော်။ ဆိုတော့ မြို့ထဲမှာ တိုက်ပွဲတွေ ဆက်ပြီးတော့ ဖြစ်နေတယ်ပေါ့နော်။ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ မိုးဗြဲဘက်ကတော့ လောလောဆယ်တော့ အသေးစိတ်အချက်အလက်ကိုတော့ ကျနော်တို့ မပြောနိုင်သေးဘူး။ မိုးဗြဲမှာကတော့ ငြိမ်နေတယ်လို့ ပြောလို့ရပါတယ်။”

မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်လို့ လတ်တလော အသေးစိတ် အချက်အလက် တွေကို သတင်းမထုတ်ပြန်နိုင်သေးကြောင်းနဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာတဝိုက်မှာ မနေ့က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီဘက်ကလည်း မနေ့က လွိုင်ကော်မြို့ အကျဉ်းထောင်အနီးတဝိုက်နဲ့ မိုးဗြဲ၊ ဒီးမော့ဆို တွေဖက်မှာပါ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ပါတယ်။

“လွိုင်ကော်မှာတော့ ကျနော်တို့ အကျဉ်းထောင်နားတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ ရန်သူအကျအဆုံး ရှိပါတယ်၊ ပြန်လည်းဆုတ်ခွာသွားတယ်။ မိုးဗြဲနဲ့ ဒီးမော့ဆိုဘက်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။”

လွိုင်ကော်မြို့ ဒေါတမရပ်ကွက်မှာ နေသူတဦးကတော့ သူတို့ဘက်မှာ ဒီမနက်ပိုင်း ပစ်ခတ်သံတွေ သိပ်မကြားရပေမယ့် မနေ့က နိုဝင်ဘာလ ၁၆ ရက် ညဘက်မှာ နှစ်ဘက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံကြဲတိုက်ခိုက်ခဲ့ကြောင်း အခုလို ပြောပါတယ်။

“ဒီနေ့အခြေအနေကတော့ ဘာအသံမှ မကြားသေးဘူး။ လေယာဉ်လည်း မပစ်ဘူး၊ မြေပြင်လည်း မပစ်ဘူး လေယာဉ်လည်း မပစ်ဘူး။ မနေ့ညက လေယာဉ်လည်း ပစ်တယ်၊ မြေပြင်လည်း ပစ်တယ်ဗျ။ လက်နက်ကြီးတွေကတော့ ပုံမှန်ဆို ပစ်နေတာပါပဲ။ မြောက်ကလည်း ပစ်တယ်၊ တောင်ကလည်း ပစ်တယ် အဲ့ပုံစံမျိုးတွေပေါ့။ လွိုင်ကော်မှာ ပုံမှန်တော့ မဟုတ်တော့ပါဘူးဗျ။ ဒါပေမဲ့ ဘယ်မှာပဲ နေနေအာမခံချက်တော့ မရှိပါဘူး။ အားလုံးက စိုးရိမ်ချက်နဲ့ပဲ မပြေးနိုင်လို့သာ နေနေရတာပဲလေ။”

လက်နက်ကြီးနဲ့ လေယာဉ်တိုက်ခိုက်မှုတွေအကြား လွိုင်ကော်မြို့မှာ နေထိုင်လို့ မလုံခြုံတော့တာမို့ မြို့ခံအများစုက မြို့ကိုစွန့်ခွာနေကြပါတယ်။ စစ်ရှောင်ကူညီနေတဲ့ သံဃာတပါးတော့က ကိုယ်ရင်တွေကို ဘေးလွတ်ရာကို ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ အခုလိုမိန့်ကြားပါတယ်။

“ငြိမ်တာဆိုပေမယ့် ဟို…ပြီကြတာ မဟုတ်ဘူး။ ဟိုဘက်ဒီဘက်ကတော့ ရှိနေကြတယ်။ စစ်ရေးကတော့ တင်းမာနေတယ် ဒါပေမယ့် လောလောဆယ်တော့ သူတို့ မပစ်သေးဘူးပေါ့၊ မတိုက်ခိုက်သေးဘူး။ ပြည်သူလူထုတွေ တအားထွက်တော့ ငြိမ်နေကြတယ်။ ရှောင်တဲ့လူကတော့ တော်တော်များများနေပြီးပဲ ကားအတန်းအရှည်ကြီးပဲ ကျန်တဲ့လူလည်း ကျန်သေးတာပဲ၊ ဈေးရောင်တဲ့လူလည်း ရောင်နေသေးတယ်။ ဦးဇင်းတို့ကျောင်းလည်း ခဏနေ ကိုယ်ရင်တွေ ပို့တော့မယ်။ ကိုယ်ရင်တွေ ရှောင်ခိုင်းတော့မယ်ပေါ့နော်။”

အလားတူ တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်တဲ့ နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၇ ရက် ဒီကနေ့အထိ မိုးဗြဲမှာ ပစ်ခတ်မှုရှိနေဆဲပဲလို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေ မိုးဗြဲမြို့လုံးကျွတ်နီးပါး မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင် နေကြပြီး လက်ရှိ ရပ်ကွက်ထဲမှာ အရပ်သား တယောက်စ နှစ်ယောက်စပဲ ကျန်ရှိတော့တာလို့ ပြောပါတယ်။

“၅ ရက် ၆ ရက်လောက်ရှိပြီး မိုးဗြဲအရှေ့ဘက်ရော အနောက်ဘက်ရော ဒီတောင်ဘက် မြောက်ဘက် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေအကုန်လုံး တိုက်ပွဲတွေ ဖြစ်တယ်။ ဒီရက်အထိလည်း ဖြစ်တာပေါ့။ မြို့ခံတွေက မရှိတော့ဘူး အကုန်ထွက် မရှိသလောက်ပဲပေါ့ ရှိတာမှ တရပ်ကွက်ကို ၂ ယောက် ၃ ယောက် အဲ့လိုပေါ့နော်၊ တော်တော်များများထွက်သွားကြပြီး ဒီမြို့ကို စွန့်ကြပြီး။”

စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း မိုးဗြဲမြို့အနှံ့ ကာလကြာရှည် တပ်စွဲအထိုင်ချထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက စခန်းတခုပြီးတခု သိမ်းပိုက်နေတယ်လို့ မိုးဗြဲမြို့ခံ ပြောပါတယ်။

“ကာကွယ်ရေးတပ်တွေက ၁၁ နေ့ကစ ၁၂ ရက်နေ့ပေါ့၊ ၁၃ ရက်နေ့ တောက်လျှောက်ကို စစ်ကောင်စီမှာ နေရာချထားတဲ့နေရာတွေ အကုန်လုံး သူတို့ ဝင်သိမ်းတာပေါ့၊ ဝင်ပစ်တာပေါ့။ စခန်းတနေရာပြီး တနေရာ သူတို့တွေက ဆုတ်တယ်ပေါ့နော်။ (စစ်ကောင်စီ) တဆင့်တဆင့် ပြန်ဆုတ်တာ အဲ့မှာ သူတို့ ခုခံရင်နဲ့ စခန်းပေါ့နော် ပျက်စီးသွားတာ အဲ့လိုပေါ့။ အခုနောက်ဆုံးကျန်ရှိတာက ဒီမိုးဗြဲမြို့ကနေ ဖယ်ခုံ အထွက်ပေါ့ ဒီ ၄၂၂ ခြေမြန်တပ်ရင်းဖက်မှာပဲ ကျန်တော့တယ်ဟုတ်။”

လက်ရှိ မိုးဗြဲမြို့ထဲမှာ တော်လှန်ရေးအင်အားစုတွေက နေရာယူထားပြီး မိုးဗြဲမြို့နဲ့ ၂ မိုင် ကျော်ကျော် အကွာမှာတော့ စစ်ကောင်စီရဲ့ ခမရ-၄၂၂ ခြေမြန်တပ်ရင်းမှာပဲ စစ်တပ်တွေ ကျန်ရှိတယ်လို့လည်း ပြောပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ တစ်လေးလုံး စစ်ဆင်ရေး ပထမနေ့မှာတော့ မိုးဗြဲ ဖယ်ခုံဒေသမှာ စစ်ကောင်စီတပ်က ခြေကုပ်ယူထားတဲ့ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း ၃၊ ပွဲကုန်း ၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ စတဲ့ စခန်း (၈) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက် ၅ ရက်မြောက်နေ့မှာတော့ စက်တော်ရာတောင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေးမဟာမိတ်အင်အားစုများက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး တောင်လျှောက် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အရပ်သား (၄) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

၁၁.၁၁ စစ်ဆင်ရေးမှာ အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းတွေဖြစ်တဲ့ (၁၀၀၁) တပ်ရင်း MB-1 (၁၀၀၂) တပ်ရင်း PK-1 (၁၀၀၆) တပ်ရင်း PK-2 (၁၀၀၇) တပ်ရင်း MB2 (၁၀၀၄) PKS PDF နဲ့ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းတွေ ဖြစ်ကြတဲ့ (၁၀၀၃) ၊(၁၀၀၅) ၊ (၁၀၀၈)၊ (၁၀၀၉) ၊ (၁၀၁၁) တပ်ရင်းနဲ့ KNDF ဗျူဟာ (၁) တပ်ရင်းတွေဖြစ်တဲ့ KNDF BO-3, BO-11, BO-22 နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (U.R.F) တို့က ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။