ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းကိုး၊ ဖောင်းဆိုင်ဘက်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကိုးကန့် MNDAA တပ်က ဆက်လက် တိုက်ခိုက်သိမ်းပိုက်နေချိန်မှာပဲ တအာင်း TNLA တပ်ကတော့ လားရှိုးမြို့နယ် မိုင်းကျက်နဲ့ နမ့်ခမ်းဘက်တွေမှာ ဆက်လက်တိုက်ခိုက်တာတွေ ရှိနေပါတယ်။ တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေတာပါ။ ဒီလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ဆုံးအခြေအနေ သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
ကိုးကန့် ( MNTJP/ MNDAA) ၊ တအာင်း(PSLF/ TNLA) နဲ့ ရက္ခိုင် ( ULA/AA ) တို့ပါဝင်တဲ့ ညီနောင် မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၄ ရက်မြောက်နေ့မှာ တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်နေပြီး ဒီနေ့မှာလည်း MNDAA ကိုးကန့်တပ်က စစ်ကောင်စီတပ်စခန်းအချို့ကို ထပ်မံသိမ်းပိုက်တာတွေ ရှိနေပါတယ်။ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက မုန်းကိုး၊ဖောင်ဆိုင်ဘက်မှာ တပ်စခန်း ၅ခု ထပ်မံ သိမ်းပိုက်ခဲ့သလို သိန္နီမြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း VOA ကို ပြောပါတယ်။
“ ဒီနေ့ တနေ့တာ တိုက်ပွဲအခြေအနေကတော့ မုန်းကိုး၊ ဖောင်းဆိုင်ဘက်မှာ စစ်ကောင်စီရဲ့ တပ်စခန်းကို နောက်ထပ် ၅ခု ထပ်သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတော့ သိန္နီဘက်မှာလည်း ဒီ သိန္နီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ကျနော်တို့ ချေမှုန်းခဲ့တယ်ဗျ။ သိန္နီမြို့ကိုတော့ Operation တွေ ဆက်လက် ဖော်ဆောင်နေ ပါသေးတယ်။ လုံး၀ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ ချင်းရွှေဟော်ကတော့ ဆက်လက် ထိန်းချုပ်ထားတဲ့ အနေအထားမှာ ရှိပါတယ်။”
မုန်းကိုး၊ ဖောင်းဆိုင်ဘက်က တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာ တွေလည်း ရှိနေပါတယ်။ မုန်းကိုး အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတာကြောင့် တပ်နယ်မြေနဲ့ ထိစပ်နေတဲ့ မုန်းကိုးမြို့ ရပ်ကွက် ၆က ဒေသခံ ၁၀၀ လောက်ဟာ တရုတ်နယ်စပ်ဘက်ကို တိမ်းရှောင်နေရပါတယ်။
ချင်းရွှေဟော်မြို့ကို MNDAA က တိုက်ပွဲတွေ စတင်တဲ့ ၂၇ရက်နေ့က သိမ်းယူခဲ့တာပါ။ ချင်းရွှေဟော်မြို့ သိမ်းလိုက်တဲ့နောက် လောက်ကိုင်မြို့က ပြည်သူတွေဟာ အထိတ်တလန့် ဖြစ်ကြရပြီး စီးပွားရေးလုပ်ငန်းတွေ အားလုံးလည်း ရပ်ဆိုင်းနေခဲ့ပါတယ်။ လောက်ကိုင်မှာ သွားရောက်အလုပ်လုပ်တဲ့ ပြည်သူတဦးကတော့ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ချိန်မှာ အလုပ်ရှင်က နှင်ထုတ်လိုက်တာကြောင့် နေရေးထိုင်ရေးက အစ အခက်အခဲတွေ့နေရကြောင်း ပြောပါတယ်။
“ အမတို့ ဘယ်လို နေရလဲဆိုတော့ လမ်းဘေးမှာ ဂိုဒေါင်ရှိတယ်။ ဂိုဒေါင်ကြီးထဲမှာ နေရတယ်။ စားဖို့လည်း အဆင်မပြေဘူး။ ခေါင်းဆောင်ကတော့ သူဌေးဆီက ပိုက်ဆံ မရတဲ့အတွက် အမတို့ကို ဆန်လေး ဘာလေး အဲလိုတော့ လာပေးပါတယ်။ နောက်ပိုင်း ဆန်တခုတည်းကျတော့ ဘယ်လို အဆင်ပြေမှာတုံး စားရသောက်ရတာ။ ကိုယ်တွေချည်းပဲဆို မကြောက်ပါဘူး။ ခလေးတွေနဲ့ မို့လို့။ မိသားစုက ၆ယောက်ရှိတယ်။ ညဘက်ကျတော့ အိပ်မောကျအောင် အိပ်လို့မရဘူး။ ကြည့်နေရတာပေါ့။ ဖြစ်တာကလည်း ကိုယ်တွေနဲ့ နီးနေတယ်လေ။ ညဆိုလည်း အမတို့အိပ်တဲ့ ဂိုဒေါင်ပေါ်ကနေ လေယာဉ်တွေ ဖြတ်သွားတယ်။ အောက်ကနေ ပစ်ကြတယ်။ အရေးဟဲ့ အကြောင်းဟဲ့ဆို ပြေးလို့ ရအောင် ထိုင်ကြည့်နေရတာ။”
လောက်ကိုင်မြို့မှာ သွားရောက်အလုပ်လုပ်ကိုင် နေသူ အတော်များများဟာ နေရပ်မပြန်နိုင်ပဲ ပိတ်မိနေကြတာဖြစ်ပါတယ်။ အလုပ်ရှင်ဆီက လုပ်အားခမရတာကြောင့် စားသောက်ရေးအတွက် အခက်တွေ့နေသလို နေရပ်ပြန်ဖို့အတွက် လမ်းစရိတ်လည်း အခက်အခဲရှိနေကြောင်း ပြောပါတယ်။
လောလောဆည်မှာတော့ လောက်ကိုင်- ချင်းရွှေဟော် -လားရှိုးလမ်း ဟာလည်း စစ်ကောင်စီတပ်နဲ့ MNDAA အကြား တိုက်ပွဲတွေကြောင့် အသွားအလာတွေ ပိတ်ထားရဆဲဖြစ်ပါတယ်။
မုန်းကိုး၊ ဖောင်းဆိုင်၊ သိန္နီဘက်မှာ စစ်ကောင်စီတပ်နဲ့ MNDAA အကြား တိုက်ပွဲပြင်းထန်နေချိန် လားရှိုးနဲ့ နမ့်ခမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းတပ်အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်နေကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က ပြောပါတယ်။
“ မနက်ပိုင်းက ကျနော်တို့ ရတဲ့ သတင်းအရ ဒီ လားရှိုးမြို့ ကျနော်တို့ရဲ့ တပ်မဟာ ၆ စစ်ဒေသပေါ့။ လားရှိုးမြို့ မိုင်းကျက်စခန်းမှာ ဆက်ပြီးတော့ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာတော့ ၄ရက်မြောက် ဖြစ်သွားပြီးပေါ့။ မိုင်းကျက်တပ်စခန်းမှာ။ ဒီတနေရာကတော့ နမ့်ခမ်း ဘက်က ပန်ခမ်းဘက်မှာ။ အထက်နားမှာ တနေရာဖြစ်တယ်။ အဲဒီတနေရာပဲ ကျနော်တို့ ရသေးတယ်။ အကုန်လုံးတော့ သတင်းမရသေးဘူး။ တချို့နေရာတွေလည်း ဆက်သွယ်လို့ မရသေးဘူး။ သူတို့ ဖုန်းလိုင်းဖြတ်ထား တာတွေလည်း ရှိတယ်။”
ဒီလ ၂၉ရက်နေ့က သိန္နီမြို့နယ်က စစ်ကောင်စီရဲ့ မိုင်လီတပ်စခန်းကို သိမ်းယူခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသလို ဒီနေ့မနက်ပိုင်းက ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာ အကြားက နမ့်ခိုင်တံတားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ကမှာတော့တိုက်ပွဲပြင်းထန်နေတာ ၃ရက်ခန့်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းကပါ ရက်ဆက် တိုက်ခိုက်နေကြောင်း ဒေသခံတဦးက ပြောပါတယ်။
“ နေ့လည်ပိုင်း ၁၁နာရီခွဲခန့်ကတော့ ကျောင်းကုန်းကို ဂျက်ဖိုက်တာ ၂စီး၊ ဟတ်စကီး တစီးနဲ့ လာပြီးတော့ ကြဲသွားတယ်။ ထီးချိုင့်မှာတော့ ၂ရက် ဆက်တိုက်ရှိပြီပေါ့နော် ဒီနေ့လည်း တိုက်တုံးပဲ။ မနေ့ကလည်း လေယာဉ်တွေ လာတယ်ဗျ။ တိုက်ပွဲကတော့ အတော်လေး ပြင်းထန်နေတယ်ဗျ။ အဲဒီလေယာဉ်တွေ ရောက်လာရင် PDF ဘက်က ပြန်ဆုတ်တယ်။ အဲလေယာဉ် ပြတ်တဲ့အချိန်မှာ ဝင် ဝင် တိုက်တယ်။ ထီးချိုင့်မြို့ပေါ်ဖြစ်တယ်၊ ကျောင်းကုန်းဖြစ်တယ်၊ အလယ်တောဖြစ်တယ်။ မင်းဝံတောင်ဖြစ်တယ်။ ၃ရက်ဆက်တိုက် ဖြစ်နေတယ်ဗျ။ ထီးချိုင့် အနောက်ဘက် တကြောပေါ့နော်။”
ညီနောင် မဟာမိတ်အဖွဲ့တွေကတော့ ရက္ခိုင်တပ်တော် AA က ထီးချိုင့်မြို့နယ်အနောက်ဖက်ဒေသမှာ တိုက်ခိုက်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်- မြန်မာနယ်စပ် ချင်းရွှေဟော်နဲ့ မုန်းကိုး၊ ဖောင်းဆိုင်ဘက်တွေမှာ တိုက်ပွဲပြင်းထန်နေချိန်မှာ တနင်္ဂနွေနေ့က တရုတ် ဗဟို စစ်ကော်မရှင် ဒုတိယဥက္ကဌ ကျန်ယူရှားနဲ့ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့ ပီကင်းမြို့မှာ တွေ့ဆုံပြီး တရုတ်- မြန်မာ နယ်စပ်တည်ငြိမ်ရေး အတွက် ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ ပီကင်းမြို့မှာ ကျင်းပတဲ့ ၁၀ကြိမ်မြောက် ပီကင်း ရှင်စန်းဖိုရမ် တက်ရောက်နေဖို့ ဒီလ ၂၈ရက်နေ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5