ရှမ်း ၂ ဖွဲ့တိုက်ပွဲ ဒေသခံတွေ ထိခိုက်သေဆုံး 

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဝှဲကျေးရွာနေအိမ် မီးရှို့ဖျက်စီးခံရတဲ့မြင်ကွင်း။ (ဓာတ်ပုံ ဖယ်ခုံ PDF/ နိုဝင်ဘာ ၃၊၂၀၂၁)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ဖြစ်ပွါးခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကျန်ရှိနေတဲ့ လက်နက်ကြီးကျည်နဲ့မြေမြှုပ်မိုင်းတွေ နင်းမိလို့ ဒေသခံတွေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နေပါတယ်။ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းကပဲ သီပေါမြို့နယ် ကောင်းဟုန်း ကျေးရွာဖက်မှာ မိုင်းနင်းမိလို့ ရွာသားတဦး သေဆုံးခဲ့ရပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လ နှစ်လအတွင်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။

ရှမ်းတောင်ပိုင်းနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ မြေမြှုပ်မိုင်း နင်းမိသူတွေ မကြာမကြာဖြစ်နေပြီး အသက်သေဆုံးသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မတ်လ ၂၈ ရက် မနက်ပိုင်းမှာပဲ သီပေါမြို့နယ်ကောင်းဟုန်းကျေးရွာသားတဦး တောင်ယာ ဥယာဉ်ခြံထဲ မိုင်းနင်း မိလို့သေဆုံးသွားတယ်လို့ ကောင်းဟုန်းကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

“ သူကတောင်ယာသွားမယ် ဆင်းသွားမယ်ဆိုပြီးမှ သူတို့(၃) ယောက်ဆင်းသွားတာ။ (၆)နာရီကျမှ တယောက်က အဲဒီတောင်ယာခြံထဲမှာပေါ့။ သူကအပေါ့ခဏသွားမယ်ဆိုပြီးမှ တောင်ယာရဲ့အပြင်ဘက် နဲနဲထွက်သွားတဲ့အချိန်ကျတော့ သူက အဲဒီမှာ မိုင်းသွားမိတာပေါ့။ ဗုံးကွဲတဲံအချိန်ကျတော့ သူ့မိန်းမကသူကိုသွားကြည့်တယ် အဲဒီမှာသူကဆုံးသွား တာပေါ့။ လက်နှစ်ဖက်လုံးပြတ်သွားတာလေ။ အကုန်လုံးဒဏ်ရာဒဏ်ချက်တွေက တအား မကောင်းဘူး။ ”

မိုင်းနင်းမိသေဆုံးသွားတဲ့ ကောင်းဟုန်းကျေးရွာသား စိုင်းဘရွှေအသက်(၄၀)နှစ်ဟာ ကလေး(၄)ယောက် ဖခင် တဦးဖြစ်ပါတယ်။

သီပေါမြို့နယ်မှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးစဉ်အတွင်း ထောင်ထားတဲ့ မြေမြုတ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေဟာ ဒေသခံတွေအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သူကပြောပါတယ်။

မတ်လ ၁၈ ရက်နေ့တုန်းကလဲ သီပေါမြို့နယ်ကြံခင်းရွာနေ အသက်(၂၂) အရွယ်စိုင်းအောင်ခန့် ဆိုသူတယောက်လဲ မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လ ၂ လအတွင်းမှာကို သီပေါမြို့နယ်ထဲမှာ မြေမြှုပ်မိုင်းကြောင်း ထိခိုက်ဒဏ်ရာရသူ ၂၀ လောက်ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“ များတော့များတယ်ရှင့် သီပေါမြို့နယ်ထဲမှာလဲ (၂၀)လောက်ရှိမယ်။ ဟိုတရက် နမ့်လန်က(၇)ဦး။ သီပေါမှာက (၂)ဦး။ (၂)လပိုင်းကနေ (၃)လပိုင်း အတွင်းပေါ့နော်။ လက်နက်ကိုင်ပဋိပက္ခရဲ့ကျန်နေသေးတာကော။ ကျွဲနွားတွေ ထိမိတာလဲ ကြားပါသေးတယ်။ ”

ဒီလိုမြေမြှုပ်မိုင်းတွေရှိနေလို့ ဒေသခံတွေ တောင်ယာတွေထဲသွားဖို့ ခြံလုပ်ငန်းလုပ်ဖို့ စိုးရိမ်နေရတယ်လို့ သူကပြောပါတယ်။

“ သူတို့ရွာတွေနဲ့တော့ ကျွန်မတို့ သွားပြီးတော့ တွေ့ဆုံဆွေးနွေးကြည့်တဲ့အခါမှာ သူတို့ ခြံတွေထဲသိပ်မသွားရဲ ဘူး။ ဘာလို့လဲဆို မိုင်းအန္တရာယ်တွေလဲကြောက်လို့။ အရင်တုန်းကလက်နက်ကြီးတွေ ကျထားတာအရမ်းများလို့ ခြံတွေတောင်မှ သွားရမှာ စိုးရိမ်နေကြတာပေါ့။ သူတို့ကတော့ အဲဒီလိုပြောတယ်။ စိုးရိမ်ပေမဲ့ ဝမ်းရေးကလဲ အရေး ကြီး တာကြောင့်မို့လို့ မသွားလဲမရဆိုတဲ့အခါမှာ တချို့ကလဲသွားတော့ အဲဒီလိုမျိုးတွေဖြစ်မှာပေါ့နော်။ ”

သီပေါမြို့နယ်လူမှုကူညီရေးအဖွဲ့ရဲ့စာရင်းအရ ၂၀၂၂ခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ(၆)ဦး နဲ့(၅၀)ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ကျောက်မဲမြို့နယ်မှာလဲ ဒီလအတွင်း မြေမြုတ်မိုင်းကြောင့် ထိခိုက်သူ(၃)ဦးရှိနေပါတယ်။

တိုင်းရင်းသားအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်စဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထောင်ထားတဲ့မိုင်းတွေ အများအပြားကျန်နေသေးတယ်လို့ ဇီဝိတလူမှု ကူညီရေးအသင်းတာဝန်ခံ ဦးတင်မောင်သိန်းကပြောပါတယ်။

“ ကျောက်မဲမြို့နယ်မှာ နှစ်ဦး သုံးဦးလောက်ရှိတယ်။ ကျွန်တော်တို့ ဒီဘက်မှာ RCSS နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ပွဲတွေရှိ။ နှစ်ဖက်စောင်နေကြတာကြာပြီး။ နောက်တခါတိုက်ပွဲတွေဖြစ်ကြတာပေါ့။ ဖြစ်ပြီးတော့မှ အခုတော့ RCSS က နောက်ဆုတ်သွားတာပေါ့။ နှစ်ဖက်စောင်နေတုန်းကတော့ မိုင်းတွေထောင်ခဲ့တာပေါ့။ အဲဒီမိုင်းလက်ကျန် တွေက အခု ထကွဲပြန်ပြီး။ ကျန်ခဲ့တဲ့မိုင်းတွေအများကြီးရှိတာပေါ့။ ”

မြန်မာနိုင်ငံမှာ စစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ မြေမြှုပ်မိုင်းကို အသုံးပြုနေကြတယ်လို့ မြေမြှုပ်မိုင်း ကာကွယ်တားဆီးရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် စစ်ရေး ပဋိပက္ခဖြစ်နေတဲ့ နေရာတွေ များလာတာနဲ့အတူ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်နိုင်မယ့် အန္တရာယ်ပိုကြီးမားနေတယ်လို့ ကုလသမဂ္ဂကလည်း လတ်တလောမှာပဲ သတိပေးထားပါတယ်။

=================














