Wimbledon အမျိုးသားချန်ပီယံဆု Federer ဆွတ်ခူး

Wimbledon အမျိုးသားချန်ပီယံဆု Federer ဆွတ်ခူး

နာမည်ကျော် ဆွစ်ဇာလန်တင်းနစ်အားကစားသမား Roger Federer ဟာ ဝင်မ်ဘယ်လ်ဒန် တင်းနစ်ဖလားကို ၈ ကြိမ်မြောက် စံချိန်တင်အနိုင်ရသွားပါတယ်။ ခရိုအေးရှား တင်းနစ်သမား Marin Cilic နဲ့ တနင်္ဂနွေနေ့က ကစားတဲ့ပွဲမှာ ၆-၃၊ ၆-၁၊ ၆-၄ နဲ့ သုံးပွဲ ပြတ်အနိုင်ရပြီး ဆုဖလားရသွားတာပါ။

ဒီတကြိမ် ဖလားဆွတ်ခူးသွားတာကြောင့် သူ့အရင်က ခုနစ်ကြိမ်ထိ အနိုင်ရခဲ့ဖူးတဲ့ Pete Sampras နဲ့ William Renshaw တို့ကို ကျော်လွန်သွားပြီဖြစ်ပါတယ်။

"ဒီလောက်မြင့်မြင့်မားမား အောင်မြင်မှုကို ကျနော်ရမယ်လို့ မယုံနိုင်လောက်အောင်ပါပဲ၊ မနှစ်က ကစားပြီးတဲ့နောက် ဒီပွဲမှာ နောက် တကြိမ်ဖိုင်နယ်ကို ရောက်ဦးမှာလားဆိုတာ ကျနော် မသေချာခဲ့ပါဘူး"လို့ Federer ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဆီမီးဖိုင်နယ်မှာပဲ အရှုှုံးနဲ့ သူထွက်ခဲ့ရပြီး ဒူးခေါင်းဒဏ်ရာကြောင့် ကျန်တဲ့ တင်းနစ်အားကစားရာသီတခုလုံး နားခဲ့ရတာပါ။
"ဒီကနေ့တော့ ကျနော် ၈ ကြိမ်မြောက် ဗိုလ်စွဲခဲ့ပါပြီ၊ သိပ်ကို ကျေနပ်အားရစရာကောင်းပါတယ်၊ ယုံကြည်ချက် ခိုင်မာမယ်ဆိုရင် ဘဝမှာ အောင်မြင်မှုတွေရအောင် လုပ်နိုင်ပါတယ်" လို့ Federer ကပြောပါတယ်။

ဒီဖလားဟာ ၂၀၁၂ ခုနှစ်ကတည်းကဆိုရင် All England Club မှာ Federer ပထမဆုံး ပြန်ပြီး ဗိုလ်စွဲ အနိုင်ရတာပါ။ အခုဆိုရင် သူဟာ Grand Slam ဆုဖလား ၁၉ ခုကို ရထားပြီဖြစ်ပြီး ဒီနှစ်အတွင်း ဝင်မ်ဘယ်လ်ဒန်ပွဲရော၊ သြစတြေးလျအိုးပန်းပွဲရော နှစ်ပွဲ လုံးကို ဗိုလ်စွဲလိုက်တာဖြစ်ပါတယ်။