အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရို FBI အဖွဲ့ကြီးရဲ့ နံပါတ် ၂ ရာထူးအကြီးဆုံး Andrew McCabe ဟာ အငြိမ်းစားယူဖို့ သီတင်းပတ်ပိုင်းပဲ လိုတော့ချိန်မှာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။
McCabe ဟာ နိုင်ငံရေးအရဘက်လိုက်သူတယောက်ဖြစ်တယ်လို့ သမ္မတ Donal Trump က လူသိရှင်ကြား ဝေဖန်ခဲ့ဖူးပါတယ်။ အသက် ၄၉ နှစ်အရွယ် McCabe ဟာ FBI ဒုတိယ ညွှန်ကြားရေးမှူးရာထူးကနေ မတ်လကျရင် ပင်စင်ခံစားမှုအပြည့်နဲ့ အငြိမ်းစားယူဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ခွင့်ရက်စောယူပြီး ရုံးပြန်မတက်တော့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခုလိုဘာကြောင့် အချိန်စောပြီး ထွက်သွားသလဲဆိုတာကိုတော့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူက ပြောကြားခြင်း မရှိပါဘူး။ သူခုလို ထွက်သွားတာနဲ့ ပတ်သက်လို့ သမ္မတ Trump တစုံတရာလုပ်ခဲ့ခြင်း မရှိပါဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရသူ ပြောပါတယ်။
FBI ရဲ့ ဒုတိယညွှန်ကြားရေးမှူးအဖြစ် Andrew McCabe ၂၀၁၆ ခုနှစ် January လမှာ ခန့်အပ်ခံရပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက Virginia ပြည်နယ်အထက်လွှတ်တော်အမတ်အဖြစ် ဝင်အရွေးခံခဲ့တဲ့ သူ့ရဲ့ဇနီးဖြစ်သူ Jill McCabe ဟာ Hillary Clinton ရဲ့ မိတ်ဆွေတယောက် လက်အောက်မှာရှိတဲ့ နိုင်ငံရေးကော်မတီတခုကနေ ရွေးကောက်ပွဲအလှူငွေ လက်ခံခဲ့တယ်ဆိုတဲ့အကြောင်း ၂၀၁၆ သမ္မတရွေးကောက်ပွဲမတိုင်ခင် ထွက်ပေါ်လာခဲ့တဲ့အတွက် အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်က သမ္မတလောင်း Trump နဲ့ Republican ပါတီတို့က ဒီထွက်ပေါ်လာချက်ကို ထောက်ပြီး Clinton ကိုယ်ပိုင် Email server အသုံးပြုခဲ့တဲ့ကိစ္စအပေါ် FBI ရဲ့စုံစမ်းမှုဟာ ဘက်လိုက်မှုကင်းရဲ့လားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီပြဿနာတွေဖြစ်လာတဲ့အတွက် Andrew McCabe ဟာ FBI ရဲ့ ကျင့်ဝတ်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့သလို Virginia ပြည်နယ်နိုင်ငံရေးကိစ္စနဲ့ပတ်သက်တဲ့ FBI ရဲ့ စုံစမ်းမှုတွေအားလုံးမှာ သူ မပါဝင်ဖို့ McCabe နဲ့ FBI ရှေ့နေတွေက ဆောင်ရွက်ခဲ့တယ်လို့ FBI က အဲဒီတုန်းက ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5