လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ မှာကျင်းပမယ့် ရွေးကောက်ပွဲအတွင်း NLD ပါတီကို လူထုထောက်ခံမှု ဘယ်လောက်ထိ ရှိမလဲ ဆိုတာကို စမ်းသပ်မယ့် ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ တချို့က သုံးသပ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ အားလုံးကို အနိုင်ရလိမ့်မယ်လို့ NLD ပါတီရဲ့ ထိပ်တန်းတာဝန်ရှိသူ တဦးက ပြောပေမယ့် ပြည်သူတွေရဲ့ တုန့်ပြန်မှုတွေကိုတော့ အလေးထား စောင့်ကြည့် သွားမယ်လို့လည်း ပြောဆိုပါတယ်။
အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။
နိုဝင်ဘာလ (၃)ရက်နေ့ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် ကိုယ်စားလှယ်နေရာပေါင်း (၁၃)နေရာရှိပြီး အဓိက အတိုက်အခံ ပြည်ခံဖြိုးပါတီနဲ့ တိုင်းရင်းသားပါတီတချို့ အပါအဝင် တသီးပုဂ္ဂလိကတွေပါ စုစုပေါင်း (၆၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံရေးပါတီတွေက ရေဒီယို ရုပ်မြင်သံကြားကတဆင့် မိမိတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို ဟောပြောနေကြပြီ ဖြစ်ပါတယ်။
ဒီ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ မှာကျင်းပမယ့် ရွေးကောက်ပွဲအတွင်း NLD ပါတီအပေါ် လူထုက ဘယ်လောက်ထိ ထောက်ခံမှု ရှိမလဲ ဆိုတာကို စမ်းသပ်မယ့် ရွေးကောက်ပွဲမျိုး ဖြစ်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က မြင်ပါတယ်။
“ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ဦးသိန်းစိန်လက်ထက်လောက် အခြေအနေတွေ မထိန်းနိုင်ဘူး။ အဲဒီထက် ပိုပြီးနိမ့်ကျတဲ့ ပြဿနာတွေရယ် ၊ နောက် အဲဒီမှာ ထပ်ပြီးတိုးလာတဲ့ ပြဿနာတွေ အလုံးစုံကြောင့် အခုရှိနေတဲ့ (၁၃)နေရာမှာ အထူးသဖြင့် ပြည်နယ်တွေမှာ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ NLD ရှုံးလိမ့်မယ်။ နောက် တိုင်းဒေသကြီးတွေမှာတော့ တစုံတရာ နိုင်နိုင်ချေရှိပါတယ်။ အဲဒါ သူကောင်းလို့တော့ မဟုတ်ပါဘူး ရွေးစရာမရှိလို့ပါ။ အဲဒီတော့ ခြုံငုံကြည့်ရတာကတော့ ဒီရွေးကောက်ပွဲမှာကတော့ NLD ပါတီအနေနဲ့ ပညာပေးခံရမယ့် ရွေးကောက်ပွဲလို့ပဲ ကျနော်မြင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် အကြို စမ်းသပ်တဲ့ပွဲ ဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”
ဒါပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာအားလုံးကို အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း NLD ပါတီရဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက တုန့်ပြန်ပြောဆိုပါတယ်။
“ ကျနော်တို့ မျှော်မှန်းထားတာက ကျနော်တို့နိုင်မှာ။ နောက်ပြီးတော့ အဲဒီရဲ့အဖြေဟာ ဟိုကောင်းတာလည်း ရှိမယ်၊ မကောင်းတာလည်း ရှိမယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် စဉ်းစားစရာ အထောက်အပံ့ အချက်အလက် ပေးလိမ့်မယ်။ အဲဒါကို စောင့်ကြည့်ရမှာပါ ”
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေးကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ ကတိတွေ ပေးခဲ့တာပါ။ NLD ပါတီအုပ်ချုပ်လာတာ ၂နှစ်ခွဲလောက် ရှိလာပြီဖြစ်ပေမယ့် ရွေးကောက်ပွဲကတိတွေကို အနည်းငယ်သာ လုပ်ဆောင် နိုင်သေးတာကြောင့် ပြည်သူတချို့ရဲ့ စိတ်ပျက်ဝေဖန်သံတွေသံတွေ ထွက်ပေါ်လာတယ်လို့ ဆိုသူကတော့ တကောင်း နိုင်ငံရေး သုတေသနအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းဖြစ်ပါတယ်။
“ အဓိက လက်ရှိအနေအထားမှာဆိုရင်တော့ အထူးသဖြင့် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေက တော်တော်လေး များနေတယ်။ ပြီးတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေအတွက်လည်း ဝေဖန်မှုတွေ များနေတယ်။ ပြီးတော့ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ကလည်း ရှေ့ကိုသိပ်ပြီးတော့ မသွားနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတယ်။ အထူးသဖြင့်ကတော့ တိုင်းရင်းသားဒေသတွေမှာ NLD ပေါ်မှာ ဒီတိုင်းရင်းသား မဲဆန္ဒရှင် ပြည်သူလူထုတွေရဲ့ ထောက်ခံမှုက ကျနေတယ်ဆိုပြီးတော့ ဝေဖန်သုံးသပ် မှုတွေကလည်း တော်တော်များများ ရှိနေတာတွေ့ရပါတယ်။ အဲဒီအခါကျတော့ ဒီကြားဖြတ် ရွေးကောက်ပွဲ ရလဒ်တွေက နေပြီးတော့ ၂၀၂၀ မှာ NLD အနေနဲ့ ဘယ်လိုဆက်ပြီး ပြင်ဆင်သွားမလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ သူတို့ကို သတိပေးခေါင်းလောင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေရှိတယ် ဒါကလည်း အထိုက်အလျှောက်တော့ ဟုတ်ပါတယ်။ NLD အနေနဲ့ ဒီကြားဖြတ် ရွေးကောက်ပွဲမှာ သူတို့ရဲ့လက်ရှိအနေအထား ပြည်သူတွေရဲ့ထောက်ခံမှုကို စမ်းသပ်လို့ရတဲ့ အနေအထားမျိုး ရှိနိုင်တယ်ပေါ့။ ”
၂၀၁၈ နိုဝင်ဘာလ ၃ရက် စနေနေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြရမယ့် မဲဆန္ဒနယ်တွေကတော့ ပြည်သူ့ လွှတ်တော်အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၈ နေရာ စုစုပေါင်း (၁၃)နေရာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်အတွက် ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ် လဲချား၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံ၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီးမှာ ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5