စိုက်ပျိုးမြေ အနီးအနားမှာ ဇီ၀ မျိုးကွဲ မျိုးစုံ ရှိတာဟာ လယ်သမားတွေအတွက် အံံ့သြဖွယ်ရာ အကျိုးအမြတ် ရရှိစေတယ်လို့ သုတေသန တစ်ရပ်က ဆိုပါတယ်။ စိုက်ပျိုးမြေ အနီးဝန်းကျင်မှာ အပင်ပေါင်းစုံနဲ့ တိရိစ္ဆာန် သတ္တဝါ ပေါင်းစုံ ရှိတာကြောင့် လယ်သမားတွေဟာ မိုးခေါင်တဲ့ အချိန်အခါမှာတောင် ငွေရေးကြေးရေးအရ အကျိုးခံစားရတယ်လို့ ဆိုပါတယ်။ ဒေသအနီးအနား မျိုးကွဲပိုစုံလေ ပိုအကျိုးခံစားရလေပါလို့ ကနေဒါနိုင်ငံ University of British Columbia တက္ကသိုလ်က သုတေသန ပညာရှင်တွေက ပြောပါတယ်။
မျိုးတူ သီးနှံကို ဇီ၀ မျိုးစုံ အများအပြား ရှိတဲ့နေရာနဲ့ အနည်းအကျဉ်းသာ ရှိတဲ့နေရာတွေမှာ စိုက်ကြည့်မယ်ဆိုရင် ထွက်ကုန်တွေ အပေါ် အကျိုးသက်ရောက်မှု မတူတာကို တွေ့ရမှာပါလို့ အဲဒီ တက္ကသိုလ်က ပါမောက္ခ Frederik Noack က ပြောပါတယ်။
ပျား ပိတုန်းလို ဝတ်မှုန်ကူး တိရိစ္ဆာန်လေးတွေနဲ့ ပင့်ကူလို အကောင်လေးတွေဟာ ပြ ကောင်လို သီးနှံဖျက်ပိုးတွေကို စားသောက်ပြီး အပင်တွေကို အကာအကွယ်ပေးတာဟာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပြီး ဇီ၀ မျိုးကွဲတွေရှိတာကြောင့် သီးနှံတွေ မိုးခေါင်တဲ့ ဒဏ်ကို ပိုပြီး ခံနိုင်ရည် ရှိတဲ့ ဆက်စပ်မှုကို ရှာဖွေ ဖော်ထုတ်နိုင်မယ်လို့်လည်း ပါမောက္ခ Noack က မျှော်လင့် နေပါတယ်။
ဒီ သုတေသနပြုချက်မှာ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက ဒေသတွေက ရွာပေါင်း ၃၀၄ ရွာက အိမ်ထောင်စုပေါင်း ၇၅၅၆ ပါဝင်ပြီး မိရိုးဖလာ စိုက်ပျိုးရေးနဲ့ သစ်တောထွက်ကုန်တွေကနေ ဝင်ငွေ ရနေတဲ့ လယ်သမားတွေဆီကရတဲ့ အချက်အလက်တွေကို အခြေခံပြီး ဒီ သုတေသနစာတမ်းကို ပြုစုခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5