ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ Tak ခရိုင် မဲဆောက်ဒေသအတွက် မနှစ်ကထက် ကျပ်ငွေ တန်ဖိုးရော စိုက်ပျိုးသီးနှံဈေးနှုန်းပါ ၁၀ ရာခိုင်နှုန်းကျော်ကျော် ကျဆင်းနေပါတယ်။
ထိုင်းနိုင်ငံဘက်က မဲဆောက်နဲ့ မြန်မာဘက်ခြမ်းက မြဝတီ တို့ကြား နယ်စပ်ကုန်သွယ်ရေးဟာ ၂၀၁၆ တုန်းက ဘတ်ငွေ ဘီလျံ ၉၀ လောက်ရှိ ခဲ့ရာကနေ ၂၀၁၇ ခုနှစ်မှာတော့ ဘီလျံ ၇၀ အထိ ကျဆင်းသွားတယ်လို့ Tak ခရိုင်ကုန်သည်ကြီးများ အသင်းရဲ့ အကြံပေး Suchart Triratwattana က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
မြန်မာ့နိုင်ငံရဲ့ စီးပွါးရေးဟာ စိုက်ပျိုးရေးပေါ် မူတည်နေပြီး အခုနှစ် ကောက်ပဲသီးနှံ ဈေးနှုန်းဟာ မနှစ်ကနဲ့စာရင် ထိုးကျသွားတယ်လို့ စိုက်ပျိုးရေးသုံး စက်တွေ တင်ပို့ ရောင်းချနေတဲ့ မစ္စတာ Suchart က ပြောပါတယ်။ ဒါ့အပြင် ငွေဈေးပါ ထပ်ကျသွားတာကြောင့် မြန်မာလူထုရဲ့ ဝယ်လိုအားတွေပါ လျော့ကျ သွားတယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့် ကောက်ပဲသီးနှံဈေးတွေ ကျသွားတယ် ဆိုတာ သေသေချာချာ မသိပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
မဲဆောက် အကောက်ခွန်ဌာန စာရင်းဇယား တွေအရ မြန်မာ့ တင်ပို့ကုန် တန်ဖိုးဟာ မနှစ်က နောက်ဆုံး ၄ လပတ်မှာ ဘတ်ငွေ ၁၅. ၉ ဘီလျံလောက်ပဲ ရှိတာမို့ ၂၀၁၆ တုန်းက အဲဒီအချိန်မှာ ဘတ်ငွေ ၁၈.၅ ဘီလျံနဲ့ ယှဉ်ရင် ၁၄ % လျော့ကျသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တင်သွင်းကုန်ကတော့ ဘတ်ငွေ ၁ ဘီလျံကနေ ၁.၁ ဘီလျံရှိလာပြီး ၇.၄ % တိုးခဲ့တာပါ။
မြန်မာဘက်က ဝယ်လိုအား ကျဆင်းသွားတာဟာ ထိုင်း တင်ပို့မှုကို ထိခိုက်စေတယ်လို့ မဲတောက် အကောက်ခွန်ဌာန အကြီးအကဲ ကပြောပါတယ်။ ဇိမ်ခံပစ္စည်းတွေ အဝယ်ကျသွားပေမယ့် မော်တော်ဆိုင်ကယ်နဲ့ စားသောက်ကုန်တွေကတော့ အရောင်းအဝယ်ပုံမှန်ရှိနေ တယ်လု့ိဆိုပါတယ်။ ကျပ်ငွေ တန်ဖိုးကလည်း ၂၀၁၆ ဒီဇင်ဘာမှာ ကျပ် တသောင်းကို ၂၇၂ ဘတ်ရှိရာကနေ ၂၀၁၇ ဒီဇင်ဘာမှာတော့ ၂၄၁ ဘတ် အထိ ကျသွားတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5