စစ်အေးစစ်ကာလ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့တာ ၂၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲတွေကို ဂျာမနီနိုင်ငံမှာ ဒီကနေ့ ကျင်းပနေပါတယ်။ အရှေ့ဂျာမနီအစိုးရလက်ထက်မှာ သေဆုံးခဲ့ရသူတွေအတွက် ဝတ်ပြုဆုတောင်းပွဲကို ဂျာမနီဝန်ကြီးချုပ် Angela Merkel ဒီမနက်က တက်ရောက်ခဲ့ပါတယ်။
Brandenburg Gate မုဒ်ဦးနား အကာအရံတချို့ကျန်နေတဲ့နေရာမှာ နှင်းဆီတပွင့် သွားပြီး ထိုးတာအပါအဝင် အထိမ်းအမှတ်ပွဲတွေကို အရှေ့ဂျာမနီမှာ ကြီးပြင်းခဲ့သူ ဝန်ကြီးချုပ်တက်ရောက်နေပါတယ်။ ဘာလင်မြို့တော်လမ်းတွေပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေ မိန့်ခွန်းဟောပြောပွဲတွေလုပ်ပြီး အထိမ်းအမှတ်ပွဲတွေကို တနေ့လုံး ကျင်းပနေကြပါတယ်။ အရင်ကတံတိုင်းကြီးရှိခဲ့တဲ့ နေရာတလျှောက် အဖြူရောင် ဘောလုံးတွေကို တန်းစီထားထားပြီး တံတိုင်းကြီး ပြိုပျက်သွားတဲ့ အထိန်းအမှတ်အဖြစ် နောက်ပိုင်းမှာ အဲဒီဘောလုံးတွေကို မိုးပေါ်လွှတ်တင်လိုက်မှာဖြစ်ပါတယ်။
အရှေ့ဂျာမနီကလူတွေ အနောက်ဂျာမနီကို ထွက်ပြေးမသွားအောင် ဘာလင်တံတိုင်းကြီးကို ၁၉၆၁ ခုနှစ်မှာ စတင်ကာရံခဲ့တာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တုန်းကတော့ အရှေ့ဂျာမနီ တာဝန်ရှိသူတယောက်က သတင်းစာရှင်းလင်းပွဲမှာ အရှေ့ဂျာမနီကလူတွေ တံတိုင်းကို ဖြတ်ပြီး အနောက်ဂျာမနီဘက်ကို သွားနိုင်ပါတယ်လို့ ပြောခဲ့အပြီးမှာပဲ အရှေ့ဂျာမနီက လူအမြောက်အများ တံတိုင်းကြီးရဲ့ နယ်စပ်ဖြတ်ဂိတ်ကို ရောက်လာခဲ့ကြရာကနေ ဘာလင်တံတိုင်းကြီးကို စတင်ဖြိုချနိုင်ခဲ့တာဖြစ်ပါတယ်။
ဥရောပမှာ ဘာလင်တံတိုင်းကြီး ပြိုကျသွားခဲ့ပေမဲ့ ကမ္ဘာကြီးမှာ စစ်အေးစစ်နောက်တခု စတင်ဖြစ်နေပြီလို့ အဲဒီအချိန်က ဆိုဗီယက်ခေါင်းဆောင် Mikhail Gorbachev က စနေနေ့က ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတ Barack Obama ကလည်း ဥရောပတိုက်တခုလုံးလွတ်လပ်ပြီး ငြိမ်းချမ်းနိုင်ကြဖို့ လုပ်စရာတွေ အများကြီး လိုသေးတယ်ဆိုတာကို ယူကရိန်းအပေါ် ရုရှားရဲ့ လုပ်ရပ်တွေက သတိပေးနေတယ်လို့ ဘာလင်တံတိုင်းပြိုကျခဲ့တဲ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။