ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ VOA သီးသန့်တွေ့ဆုံ မေးမြန်းချက် (အပိုင်း-၁)

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းချက် (မေ ၁၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ John Boehner ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိနေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းချက် ပထမပိုင်းဖြစ်ပါတယ်။

သူရဦးရွှေမန်းရဲ့ အမေရိကန် လွှတ်တော်နဲ့ ရွေးကောက်ပွဲတွေအပေါ် အမြင်သဘောထားတွေ၊ မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ခြေရှိမရှိ ဆိုတာတွေကို မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခု အမေရိကန်ပြည်ထောင်စုကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ဖိတ်ကြားမှုနဲ့အတူ ရောက်ရှိလာပြီးတော့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီးပါပြီ-လို့ ကျနော် သိရပါတယ်ခင်ဗျ။ အဲဒီတော့ တွေ့ဆုံပြီးသမျှ အခြေအနေလေးနဲ့ နောက်ထပ် အစီအစဉ်လေး အကြောင်းကို အကြမ်းဖျင်းလေး ရှင်းပြပါလားခင်ဗျာ။

ဦးရွှေမန်း။ ။ တွေ့ဆုံမှုအခြေအနေက ပထမရက်မှာ ဆီနိတ်တာ မစ်ချ်၊ မက်ကော်နယ်နဲ့တွေ့တယ်။ နောက်ပြီးတဲ့အခါမှာ နန်စီပလိုစီနဲ့တွေ့တယ်။ အဲဒီနောက်ပိုင်း အာရှရေးရာဆိုင်ရာ လွှတ်တော်အမတ်တဦးနဲ့ တွေ့ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ အဓိကဆွေးနွေးတဲ့အကြောင်းအရာတွေက ဘာတွေလဲ ခင်ဗျာ။

ဦးရွှေမန်း။ ။ အဓိကဆွေးနွေးတာကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ ဦးတည်ပြီးတော့ ဆွေးနွေးကြ တာပါပဲ။ ဒီနေရာမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးဟာ မြန်မာနိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့အတွက် ဒီဥစ္စာကို ဦးတည်ပြီးတော့ မေးမြန်း တာတွေ ရှိပါတယ်။ ဆွေးနွေးတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ အဓိက-ကတော့ သူတို့က လာမယ့် နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ - ရက်တော့ အတိအကျ မသိရသေးဘူးပေါ့နော်- အဲဒီကိစ္စကို သူတို့ တော်တော်လေး စိတ်ဝင်တစား ဖြစ်နေကြတာပေါ့။ အဲဒီတော့ သူတို့ စိတ်ဝင်စားတယ်ဆိုတဲ့ အဓိကအချက်က ဘာလဲခင်ဗျ၊ ဒီ ရွေးကောက်ပွဲတွေ တရားမျှမျှတတ ဖြစ်လာဖို့လား၊ ပြုပြင်ပြောင်းလဲရေးတွေ - ဥပမာအားဖြင့်ပေါ့နော်၊ လွှတ်တော်အတွင်းမှာ ပြုပြင် ပြောင်းလဲရေးတွေ၊ အခြေခံဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲရေးတွေက ဒီ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်လာပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေရော ဖော်ပြတာမျိုး ရှိသလားခင်ဗျ။

ဦးရွှေမန်း။ ။ ဒါတွေက တကယ်တန်းကျတော့ မေးခွန်းတွေပါပဲ။ …မေးခွန်းတွေပါပဲ၊ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲ အမှန်တကယ်ဖြစ်ဖို့ လိုတယ်။ ဖြစ်တဲ့နေရာမှာလည်း အချိန်- သတ်မှတ်ထားတဲ့အချိန် ဖြစ်ဖို့လိုတယ်။ ဒီလို ဖြစ်လာတဲ့အခါမှာလည်း လွတ်လပ်ပြီးတရားမျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတခု ဖြစ်စေချင်တဲ့သဘော ရှိပါတယ်။ အဲဒီအတွက်လည်း မိမိတို့နိုင်ငံမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့ တာဝန်ရှိတဲ့အဖွဲ့အစည်းများဟာ သတ်မှတ်ကာလအတွင်းမှာ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲတခု ဖြစ်ရမယ်၊ ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲတခု ဖြစ်ရမယ်။ အဲဒီလို လိုအပ်တဲ့ကိစ္စတွေ ဆောင်ရွက်လျှက် ရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကိစ္စ၊ မြန်မာနိုင်ငံရဲ့လွှတ်တော်ရေးရာကိစ္စတွေကိုမမေးခင်မှာ ဥက္ကဋ္ဌကြီး ကလည်း အခု အမေရိကကိုလာပြီးတော့ အမေရိကန်မှာရှိတဲ့လွှတ်တော်နဲ့ အမေရိကန်ရဲ့နိုင်ငံရေးအခြေအနေကို လေ့လာတယ်ဆိုတော့- အခု အမေရိကန်ပြည်ထောင်စုမှာက အောက်လွှတ်တော်၊ အထက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရီပတ်ဘလီကင်ပါတီ၊ အတိုက်အခံပါတီက ကြီးစိုးနေပါတယ်။ အဲဒီတော့ ဒီမိုကရက်တစ်အစိုးရ၊ အိုဘားမားအစိုးရနဲ့ ဆက်ဆံရေးမှာ သာမန် ဒီလို- ချိန်ခွင်လျှာညှိတယ်-ဆိုတဲ့ အနေအထားထက်ပိုပြီးတော့ တချို့ ကိစ္စလေးတွေမှာ ခက်ခက်ခဲခဲနဲ့ ပြဿနာလေးတွေ ကြုံရတယ်ဆိုတာမျိုးလေးတွေ ကြားနေရပါတယ်၊ တွေ့နေရပါတယ်။ ဥပဒေတခုကို ပြဌာန်းဖို့အရေး အစိုးရရဲ့လုပ်ချင်တဲ့အလုပ်တခုခုကို ဘဏ္ဍာရေးဆိုင်ရာမှာပဲဖြစ်ဖြစ်၊ လွှတ်တော်ကနေပြီးတော့ ပိတ်ပင်ထားတာ၊ အတည်မပြုပေးတာ ဒီလို ကိစ္စမျိုးလေးတွေ ကြားနေရတော့ အဲဒီအနေအထားတွေအပေါ်ကို ဥက္ကဋ္ဌကြီးဘယ်လို သုံးသပ်ပါသလဲခင်ဗျ။

ဦးရွှေမန်း။ ။ ဒါနဲ့ပတ်သက်လို့ကတော့ သူတို့နိုင်ငံရဲ့ကိစ္စဖြစ်ပါတယ်။ အထွေအထူး သုံးသပ်ပြောစရာမရှိပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ဒီနေရာမှာ ဒါ- ဒီမိုကရေစီလုပ်ငန်းစဉ်တခုရဲ့ ဒီမိုကရေစီရဲ့ လုပ်ပုံလုပ်နည်းတခုထက် ပိုတဲ့အခြေအနေလို့ မြင်သလား၊ ဒါမှ မဟုတ်လို့ရှိရင် အစိုးရအဖွဲ့တခုရဲ့လုပ်ငန်းစဉ်တွေမှာ အနှောင့်အယှက်ဖြစ်စရာလေးတွေအဖြစ် မြင်သလားခင်ဗျ။

ဦးရွှေမန်း။ ။ ဒီမိုကရေစီရဲ့လုပ်ငန်းစဉ်ထဲက ကြုံတွေ့နေရတဲ့ကိစ္စတွေဖြစ်တယ်လို့ ထင်ပါတယ်ခင်ဗျ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ အဲဒါနဲ့ဆက်စပ်ပြီး ကျနော်မေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်အနေနဲ့ပေါ့နော်။ ၂၀၁၁ ခုနှစ်ကတည်းက စခဲ့တာပါ။ ဆိုတော့- အခုလာမယ့်သိပ်မကြာခင်အတွင်းမှာ လွှတ်တော်သက်တမ်း ကုန်ပါတော့မယ်။ အဲဒီတော့ ဒီလွှတ်တော်သက်တမ်းကာလတလျှောက်မှာ ဒီလွှတ်တော်ဟာ အောင်မြင်တဲ့လွှတ်တော်တခုလို့ ဥက္ကဋ္ဌကြီးကိုယ်တိုင် ယူဆပါသလားခင်ဗျ။ ဘယ်အချက်ဟာ အအောင်မြင်ဆုံးလို့ ယူဆပါသလဲ။

ဦးရွှေမန်း။ ။ လွှတ်တော်များ ဖွဲ့စည်းပြီးနောက်ပိုင်းမှာ လွှတ်တော်များရဲ့လုပ်ငန်း ဆောင်ရွက်ခဲ့ကြပါတယ်။ အဲလို ဆောင်ရွက်တဲ့နေရာမှာ တချို့ ကိစ္စတွေကတော့ လွှတ်တော်မှာရှိတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်အရ ဆောင်ရွက်တဲ့နေရာမှာ ဒီဟာကို လက်ခံ နားလည်ပေးခြင်းမရှိတဲ့ကိစ္စများဟာ အောင်မြင်မှု မရှိသေးတဲ့ကိစ္စများ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် မိမိရဲ့လုပ်ငန်းတာဝန်ကို ဥပဒေနဲ့အညီလုပ်ဆောင်တဲ့နေရာမှာ အားလုံး နားလည်လက်ခံ ဆောင်ရွက်ဖို့ လိုပါတယ်။ သို့ရာတွင် ကျင့်သားမရှိသေးတဲ့မြန်မာနိုင်ငံမှာတော့ လွှတ်တော်က မိမိတို့ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို ဥပဒေနဲ့အညီ လုပ်တဲ့ အခါမှာ ဒါတွေကို လိုက်နာဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ တချို့ကိစ္စလေးတွေမှာ နှောင့်နှေးမှုရှိနေပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်က ပြီးပြည့်စုံတဲ့ အောင်မြင်မှု ရအောင်လုပ်နိုင်တဲ့လွှတ်တော်မဟုတ်သေးဘူးလို့ ယူဆပါတယ်။ သို့ရာတွင် အတွေ့အကြုံနဲ့အရည်အချင်း ဖြည့်ဆည်းနေတဲ့လွှတ်တော်တရပ် အနေနဲ့ ဒီနေ့ဒီအချိန်အထိ လုပ်တဲ့ကိစ္စနဲ့ပတ်သက်လို့ အတော်တော့ ခရီးရောက်ခဲ့ပါပြီ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ လွှတ်တော်ကနေပြီးတော့ ဥပဒေပြဌာန်းပြီးတော့ ဆောင်ရွက်လိုက်တဲ့ကိစ္စတွေမှာ အာဏာပိုင်တွေ ဘက်က အကောင်အထည်ဖော်ပေးတာ အားနည်းတယ်လို့ ဆိုလိုတာလားခင်ဗျ။ ဥပမာအားဖြင့်- တိတိကျကျ ဥပမာလေးတခုလောက် ပေးလို့ရနိုင်မလား ခင်ဗျ။ ဘယ်လိုအကြောင်းအရာမျိုးလေးတွေလဲဆိုတာပေါ့။

ဦးရွှေမန်း။ ။ တော်တော်များများရှိပါတယ်။ လွှတ်တော်က ဥပဒေပြဌာန်းတဲ့နေရာမှာ နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားကို ဖြစ်ထွန်းစေတဲ့ဥပေဒများ ပြဌာန်းကြရတယ်။ အဲလို ပြဌာန်းတဲ့နေရာမှာလည်း ဒီဥပဒေဟာ တရားမျှတပြီး နိုင်ငံသားများလိုက်နာနိုင်တဲ့ ဥပဒေဖြစ်ရမယ်။ ဒီဥပဒေကို လိုက်နာ အကောင်အထည်ဖော်ဖို့က - လိုက်နာအကောင်အထည်ဖော်အောင် ဆောင်ရွက်ပေးဖို့က သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှာ တာဝန်ရှိတယ်။ ဒါ့ကြောင့် ပြဌာန်းလိုက်တဲ့ဥပဒေများကို ပြဌာန်းချက်နဲ့အညီ လိုက်နာဆောင်ရွက်ခြင်းမရှိကြဘူးဆိုရင် သက်ဆိုင်ရာဌာနနဲ့ သက်ဆိုင်သူများမှာ တာဝန်ရှိတယ်။ ဒီအတိုင်းကို ပြန်ပြီး ချင့်ချိန်သုံးသပ်မယ်ဆိုရင် ဗွီအိုအေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့အခြေအနေကို လေ့လာနိုင်တဲ့သူဖြစ်တဲ့ အတွက် သီးခြား - မိမိအနေနဲ့တော့ ထူးခြားစွာ အကြံပြု ပုံမှန်သုံးသပ်ချက် ပေးစရာမရှိပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ ဒီနေရာမှာ ကျနော်တို့ရဲ့သုံးသပ်ချက်ပေါ့နော်၊ အထူးသဖြင့်လည်း အစောပိုင်းကမေးခဲ့တဲ့မေးခွန်းနဲ့လည်း နည်းနည်း ဆက်စပ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုလို့ရှိရင် အစိုးရက ဒီမိုကရက်တစ်အစိုးရ ၊ လွှတ်တော်မှာကြီးစိုးနေတာက အတိုက်အခံ ရီပတ်ဘလီကင် ပါတီဝင်တွေက ကြီးစိုးနေတယ်။ အဲဒီတော့ ဒီ ပါတီကြီးနှစ်ခုရဲ့အကျိုးစီးပွားခြင်း အနည်းငယ် ကွဲပြားမှုရှိနေတော့ တဘက်နဲ့တဘက် အတိုက်အခံ ပိုကြီးတာက သိပ်တော့ မဆန်းဘူးပေါ့လေ။ ဒါပေမယ့် မြန်မာနိုင်ငံမှာကတော့ လွှတ်တော်ထဲမှာလည်း ဥက္ကဋ္ဌကြီးတို့ရဲ့ ပြည်ခိုင်ဖြိုး အစိုးရက အများစု အဖွဲ့ဝင်တွေပါ။ အလားတူပဲ အစိုးရဆိုလို့ရှိရင်လည်း သမ္မတကြီးဦးသိန်းစိန်အစိုးရဟာ ပြည်ခိုင်ဖြိုးအစိုးရပါ။ အဲဒီတော့ ဒီလို ပါတီကြီးတခုတည်းရဲ့ လွှတ်တော်နဲ့ ပါတီကြီးတခုတည်းရဲ့အစိုးရကြားထဲမှာ အစောက ဥက္ကဋ္ဌကြီးပြောတဲ့ နားလည်မှုလွဲတာလေးတွေဆိုတာက ဘာကို အခြေခံပါသလဲခင်ဗျ။

ဦးရွှေမန်း။ ။ နားလည်မှုလွဲတယ်လို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး၊ လွှတ်တော်က ပြဌာန်းလိုက်တဲ့ဥပဒေဟာ နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွား ဖြစ်ရမယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေများ ဖြစ်ရမယ်။ ဒီဥပဒေများဟာ တရားမျှတပြီး အများပြည်သူများ လိုက်နာနိုင်တဲ့ ဥပဒေများဖြစ်ရမယ်။ ဒီလိုထွက်ပေါ်လာတဲ့ဥပဒေကို သက်ဆိုင်ရာတာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းများက ဒီဥပဒေများကိုလိုက်နာအောင် ကိုယ်ကိုယ်တိုင်ကော၊ ကျန်တဲ့သူများပါလိုက်နာအောင် ကြီးကြပ်ဖို့လိုပါတယ်။ အဲဒီအတိုင်းပဲ လိုက်နာရမယ့်သူများကလည်း လိုက်နာကြရပါမယ်။ - အဲလိုမှ မလိုက်နာဘူးဆိုရင် ဒီဥပဒေဟာ အသက်ဝင်လှုပ်ရှား၊ ပြည်သူ့ကို အကျိုးပြုနိုင်တဲ့အနေအထားမျိုး မရောက်ပါဘူး။ တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတဲ့အဓိပ္ပာယ်ပဲ ရောက်သွားနိုင်ပါတယ်။

“ဒါပေမယ့် အခုနက မေးခွန်းရဲ့အစမှာ မေးထားတာရှိပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ပါတီကြီးနှစ်ခုအကြား အကျိုးစီးပွားခြင်းမတူလို့-ဆိုတဲ့စကားကို အခြေခံမေးသွားပါတယ်။ မြန်မာနိုင်ငံမှာတော့ တပါတီတည်းကဖြစ်လာတဲ့ အစိုးရ၊ တပါတီတည်းက ကျန်ရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်များဟာ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ မေးတယ်လို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ပါတယ်။

ဦးရွှေမန်း။ ။ အဲဒီတော့ လွှတ်တော်ရဲ့သဘော ပြောမယ်ဆိုရင် နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့ဥပဒေမျိုးကိုပဲ လွှတ်တော်က ပြဌာန်းပေးလျှက်ရှိပါတယ်။ အဲဒီနည်းတူပဲ လွှတ်တော်ရဲ့မူဝါဒမှာ ဘာရှိလဲဆိုရင် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့အယူအစွဲတွေ မထားရှိဘဲနဲ့ နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားဆိုရင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရမယ်ဆိုတာ လွှတ်တော်ရဲ့မူဝါဒပါ။ လွှတ်တော်ရဲ့မူဝါဒကို လွှတ်တော်အတွင်းမှာ ရှိကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ မည်သည့်ပါတီကမဆိုပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး နားလည်လက်ခံထားတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ထဲမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်များသည် နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားဖြစ်ထွန်းစေသော ဥပဒေများကိုပဲ ပြဌာန်းမှာဖြစ်ပါတယ်။ ကိုယ်ကနေရွေးချယ်ပေးထားတဲ့ ကိုယ့်အစိုးရမို့လို့ ခုနကကိစ္စမျိုးကို မျက်ကွယ်ပြု ဆောင်ရွက်မှာ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ လွှတ်တော်ရဲ့ဥပဒေတွေ၊ ပြဌာန်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းတယ်ဆိုတဲ့အချက်ဟာ နိုင်ငံမှာ တချိန်က အမြစ်တွယ်အချိန်ကြာနေခဲ့တဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပြုပြင်ပြောင်းလဲမှုအပိုင်း အားနည်းနေတဲ့အချက်လို့ရော ယူဆပါသလားခင်ဗျ။

ဦးရွှေမန်း။ ။ တစိတ်တပိုင်း ပါပါတယ်။ လက်တွေ့ ဆောင်ရွက်နိုင်တဲ့ကိစ္စများလည်း ဆောင်ရွက်မယ်ဆိုရင် အခုနက အားနည်းချက်တွေ ပြေပျောက်သွားနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ လွှတ်တော်တခုရဲ့သက်တမ်းမှာ အောင်မြင်မှုတွေကို ပြောကြမယ်ဆိုရင် လူအများရဲ့မျှော်လင့်ချက်တွေကို ဘယ်လောက် ဆောင်ကျဉ်းပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်း တော်တော်လေး မူတည်မယ်လို့ ကျနော် ယူဆပါတယ်။ အထူးသဖြင့် အများပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ထဲမှာအတိုက်အခံပါတီ ၊ အတိုက်အခံတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD - အမျိုးသားဒီမိုကရေစီ အဖွ့ဲချုပ် ဝင်ရောက်လာခဲ့တဲ့အချိန်နောက်ပိုင်းမှာ အများပြည်သူမျှော်လင့်တာကတော့ လွှတ်တော်အတွင်းကနေပြီး လုပ်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စတွေပါ။ အဲဒီတော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စတွေ၊ ဥပမာအားဖြင့် ပုဒ်မ ၄၃၆ ပြုပြင်ပြောင်းလဲရေး ကိစ္စ၊ ဒါမှ မဟုတ်လို့ရှိရင် အသေးစိတ် ကိစ္စဆိုလို့ရှိရင် ၅၉ (စ) - နိုင်ငံတော်သမ္မတအကြီးအကဲရွေးချယ်ရေးမှာ ကန့်သတ်ထားတဲ့ကိစ္စတွေ ဖြေဖျောက်ပေးရေးကိစ္စ၊ ဒါမှမဟုတ်လို့ရှိရင်လည်း နိုင်ငံတကာကနေ ဝေဖန်နေကြတဲ့ လွှတ်တော်ထဲမှာ စစ်တပ်ကနေပြီးတော့ တပ်မတော်ကနေ ၂၅ % ပါဝင်နေတဲ့ ကိစ္စမျိုးတွေ၊ ဒါတွေဟာ တဖြည်းဖြည်းပြေသွားဖို့တောင် အခု လက်ရှိလွှတ်တော်ရဲ့သက်တမ်းကာလမှာ ပြုပြင်နိုင်မှုအခြေအနေ မမြင်ရသေးဘူးလို့ ယူဆပါတယ်။ အဲဒီတော့ ဒီဟာနဲ့တိုင်းတာတယ်ဆိုလို့ရှိရင် လွှတ်တော်ရဲ့အောင်မြင်မှုကို ဘယ်လို သုံးသပ်လို့ရနိုင်မလဲ။

ဦးရွှေမန်း။ ။ အပိုင်း (၂) ပိုင်းခွဲမြင်ဖို့လိုပါတယ်။ လွှတ်တော်က ဥပဒေပြုရေးတာဝန်အပိုင်းဖြစ်ပါတယ်။ အဲဒီနည်းတူပဲ အဓိကကျတဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းကိစ္စ- နှစ်ခုဖြစ်ပါတယ်။ ဥပဒေပြုရေးတာဝန်အပိုင်း၊ အပြန်အလှန်ထိန်းကျောင်းမှုအပိုင်းသည် သာမန် ဒီနေ့ တည်ဆဲဥပဒေနဲ့ဆိုင်ပါတယ်။ တည်ဆဲဥပဒေများကို လွှတ်တော်အနေနဲ့ ဒီနေ့ စုစုပေါင်း (၁၅၉) ခုသော ဥပဒေများကို တချို့ပယ်ဖျက်တယ်၊ တချို့ပြင်ဆင်တယ်။ တချို့ အသစ်ပြဌာန်းတယ်။ ဒါကြောင့် သာမန်ဥပဒေများကို လွှတ်တော်အနေနဲ့ ပြဌာန်းခြင်းကိစ္စနဲ့ ထိန်းကျောင်းခြင်းကိစ္စမှာ လွှတ်တော်အနေနဲ့ ရာခိုင်နှုန်း တော်တော်များများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပိုင်းမှာကတော့ လွှတ်တော်က ကြိုးစားဆောင်ရွက်တာပဲ ရှိမယ်။ ဘာကြောင့်လဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက သာမန်ဥပဒေမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် ပြင်ဆင်ခွင့် ပြုထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၃) ၊ (၄၃၄) ၊ (၄၃၅) ၊ (၄၃၆) ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ထဲမှာ ပါပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် အဲဒီ အခန်း (၁၂) အတိုင်းသာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလို အခန်း (၁၂) အရ ဆောင်ရွက်တဲ့ အခါမှာ လွှတ်တော်အတွင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့အပိုင်းတွေကတော့ တော်တော်လေး ကြိုးစားပမ်းစား ဆောင်ရွက်နေတယ်ဆိုတာကို လေ့လာတဲ့သူများ သိရှိနိုင်မှာဖြစ်ပါတယ်။ သို့ရာတွင် ပြင်ဆင်ပြောင်းလဲမှုရရှိရေးအပိုင်းကတော့ အခုလိုအခြေအနေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များအရ ဆောင်ရွက်နေတယ်ဆိုတာကိုကတော့ သတိပြုရင် အားလုံးတွေ့ရှိမှာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ တပ်မတော်သားများ ပါဝင်မှု အပိုင်းကလည်း ဒီလိုပါပဲ။ ဒါကြောင့်မို့လို့ လွှတ်တော်အနေနဲ့ပြောမယ်ဆိုရင် မိမိတို့သက်တမ်းအတွေ့အကြုံ နုတယ်ဆိုသော်လည်း မိမိတို့လွှတ်တော် ကိုယ်စားလှယ်များရဲ့ ကြိုးပမ်းအားထုတ်မှု စေတနာထားရှိမှုများကြောင့် ထိုက်သင့်တဲ့အောင်မြင်မှု ၊ ပြောမယ်ဆိုရင် သက်တမ်းနုသော်လည်း တော်တော်လေးကို အောင်မြင်စွာဆောင်ရွက်နိုင်တဲ့လွှတ်တော်လို့ ပြောလို့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပိုင်းမှာကတော့ အားလုံး သိကြားတဲ့အတိုင်းပဲ- ဒီဟာတွေ၊ အခက်အခဲတွေ ကျော်လွှားဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဒီလိုပဲ ပြောချင်တယ်။