မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစနစ်ကို ပြောင်းလဲသင့်ပြီလို့ အမေရိကန်ပြည်ထောင်စု Harvard တက္ကသိုလ်ကျောင်းဆင်း မြန်မာသုတေသီ တဦးက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ - ကလေးတိုင်း အခြေခံပညာ သင်ကြားခွင့်ရရှိစေဖို့အတွက်ကိုလည်း အစိုးရအနေနဲ့ ပညာရေး အသုံးစရိတ်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး ဆင်းရဲသားကလေးငယ်တွေ နိုင်ငံတကာအဆင့် ပညာရေးသင်ကြား နိုင်ဖို့ ကျောင်းတည်ထောင်နေသူ မလှလှဝင်းကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝှမ်း တက္ကသိုလ်ဝင် ၁၀ တန်းအောင်စာရင်းတွေ စနေနေ့ကပဲ ထွက်ခဲ့တာပါ။ ဒီအချိန်ဟာ ဖြေဆိုသူ ကျောင်းသူကျောင်းသားတွေရော၊ မိဘတွေအတွက်ပါ ရင်ခုန်စိတ်အလှုပ်ရှားဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။ အစိုးရ ပြန်ကြားရေးဌာနက ထုတ်ပြန်တဲ့ သတင်းမှာတော့ - ၂၀၁၆ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးနှင့် နိုင်ငံခြားစာစစ်ဌာနတွေမှာ ဖြေဆိုသူဦးရေဟာ ၆ သိန်း ၃ သောင်း ၆၂၃၇ ဦးရှိခဲ့ပြီး၊ ၁ သိန်း ၉ သောင်းကျော် အောင်မြင်ခဲ့တာကြောင့် အောင်ချက်ရာခိုင်နှုန်း (၂၉ ဒဿမ ၉၂) ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီစာရင်းအရ ၁၀ တန်းမအောင်တဲ့ ကလေးအရေအတွက်က ၄ သိန်းကျော်လောက် ရှိနေတာပါ။ ဒါဟာ မြန်မာပြည်ရဲ့ အားနည်းတဲ့ ပညာရေးစနစ်ကို ပြသနေတာဖြစ်ပြီး၊ ဒီအောင်စာရင်းကြောင့် လူတယောက်ရဲ့ဘဝကို အများကြီး အဆုံးအဖြတ်ပေးနိုင်တဲ့ စနစ်မျိုးကို ပြင်ဆင်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စု Harvard တက္ကသိုလ်ကျောင်းဆင်းလည်းဖြစ်၊ ဆင်းရဲသားကလေးငယ်တွေ နိုင်ငံတကာအဆင့် ပညာရေးသင်ကြား နိုင်ဖို့ ကျောင်းတည်ထောင်နေသူ မလှလှဝင်း က ထောက်ပြခဲ့တာပါ။
“ကျနော်တို့ဆီမှာ အဲဒီစနစ်ကြီးက လွဲနေတာ။ ၁ ဘာသာကျယုံနဲ့ အကုန်ကျသွားတဲ့ စနစ်ကြီးပေါ့နော်။ အဲဒါကိုပဲ မိဘတွေမှာလည်း ရင်းလိုက်ရတာ အများကြီး၊ ကျောင်းသားတွေမှာလည်း ရင်းလိုက်ရတာ။ မိဘတွေကတော့ သူတို့ရင်းလိုက်ရတာ ပိုက်ဆံပဲပေါ့နော်။ ကျောင်းသားတွေမှာကျတော့ - တက်လူငယ်အချိန်လေ။ လူငယ်ဆိုတာ ဘဝမှာ အရမ်းကို မျှော်လင့်ချက်တွေနဲ့ တက်နေတဲ့အချိန်မှာ ရိုက်ချိုးခံလိုက်ရတာရော၊ လူကြီးတွေကလည်း သူတို့အပေါ်မှာ ယုံကြည်မှုပျက်စီးသွားတာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းအရမ်းကို ဆိုးယုတ်သွားပါတယ်။ တကယ်လို့ ဒီပေတံတလွဲကြီးနဲ့ တိုင်းတာတဲ့ အခါမှာ ထပ်လွဲသွားတာမျိုးပေါ့နော်။ တချက်လွဲသွားတာနဲ့ လူငယ်တွေဘဝမှာ တော်တော်လေး ထိခိုက်ရတာ။ ကျမကတော့ စာမေးပွဲကျတဲ့ ဒီစနစ်ကြီးကို ပြန်ပြီးတော့ မေးခွန်းထုတ်ချင်တယ်။ နိုင်ငံတကာမှာဆိုရင် အထူးသဖြင့်ပေါ့နော် ပညာရေးနဲ့ပတ်သက်လို့ အကောင်းဆုံးလို့ပြောနေတဲ့ ဖင်လန်နိုင်ငံမှာဆိုရင် စာမေးပွဲလည်းမရှိဘူး။ အိမ်စာလည်း မပေးဘူး။ ဒါပေမဲ့ လူငယ်တွေ အတွေးအခေါ်တတ်အောင် သင်ပေးတာ အဓိကပဲ။ သူတို့က ဘယ်လို တွေးခေါ်တတ်ရမယ်ဆိုတာပဲ သင်ပေးတာ။ ပြဿနာတွေ ဖြေရှင်းတတ်အောင်၊ တွေးခေါ်တတ်အောင်၊ သူ့ခြေထောက်ပေါ် သူ ရပ်တည်တတ်အောင် ဒါပဲ အဓိက သင်ပေးတယ်။ အဲတော့ မြန်မာပြည်က ဒီပေတံကြီးကို အရမ်းကြီး အလေးမထားကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ဒီပေတံကြီးလည်း လွဲနေပါတယ်။ လွဲနေတဲ့ ပေတံကြီးကိုလည်း ပြင်ကြပါဦး။ နောက်တခုက မိဘတွေရော၊ ကျောင်းသားတွေပါ ဒီပေတံအလွဲကြီးကို သိပ်ပြီး အာရုံမထားကြဖို့ပေါ့နော်။”
တချိန်တည်းမှာပဲ - မြန်မာနိုင်ငံမှာ ပညာမသင်နိုင်တဲ့ ကလေးတွေ အများကြီးရှိနေတယ်လို့ မလှလှဝင်း က ဆိုပါတယ်။ ကမ္ဘာတဝှမ်း ကမ္ဘာတဝှမ်း ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက် သန်း ၁၂၀ ကျော်ရှိပြီး၊ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ - လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု အပါအဝင် ခွဲခြား ဆက်ဆံမှု၊ စရိတ်မြင့်မားမှု၊ မတရား ဆက်ဆံမှုနဲ့ အကြမ်းဖက်မှုကြောင့်လို့ - အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW ကနေ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ “ပညာရေးလိုအပ်ချက်” လို့ အမည်ပေး ထားတဲ့ စာမျက်နှာ ၈၅ မျက်နှာပါ အစီရင်ခံစာထဲမှာ - ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာကတော့ ဆင်းရဲပြီး ကျောင်းစရိတ် မတတ်နိုင်တာဟာ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ မလှလှဝင်း က ဆိုပါတယ်။
“မြန်မာနိုင်ငံမှာကတော့ ပညာမသင်နိုင်တဲ့ ကလေးတွေကတော့ ပိုက်ဆံမတတ်နိုင်ကြလို့ပါ။ များသောအားဖြင့်က ပိုက်ဆံမတတ်နိုင်လို့ အလုပ်ကို စောစောစီးစီး ဝင်လုပ်ရတဲ့ ဘဝမျိုးပေါ့နော်။ ရန်ကုန်မြို့-မန္တလေးမြို့တွေမှာ အိမ်တွေတိုင်းလိုလို ရှိပါတယ်။ သူတို့ အိမ်မှာလာကူတဲ့ အိမ်အကူလေးတွေ ပေါ့။ သူတို့ဆိုရင် ပညာကို လေးတန်းလောက်ပြီးတော့ မိဘက မတတ်နိုင်တော့ဘူး။ နောက် ကလေးတွေကလည်း အများကြီး ထပ်ထွက်လာတယ်ဆို တော့ လူကြီးတွေရဲ့တာဝန်ကို တပိုင်းတစ ဝင်ကူရတဲ့အခါမှာ ရွာမှာအလုပ်လုပ်ရင် ဘယ်လောက်ရမလဲ။ မြို့မှာသွားပြီး အိမ်အကူလုပ်ရင် ဘယ်လောက်ရမလဲ တွက်ပြီးတော့ မိဘတွေက လွှတ်လိုက်တာမျိုးတွေ ရှိပါတယ်။ ယောကျာ်းလေးတွေကျတော့ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးတဲ့ ဘဝတွေ။ အဲ့လိုမျိုးတွေပေါ့ အများကြီးရောက်သွားတယ်။ ခွဲခြားဆက်ဆံလို့ ပညာမသင်ရဘူးဆိုတာထက် အဓိက ပိုက်ဆံမတတ်နိုင်လို့ပေါ့။ တချို့နယ်တွေမှာက ကျောင်းတက်ဖို့ဆိုတာ ပိုက်ဆံတခုတည်းမဟုတ်ဘူး။ ၃၊ ၄ မိုင်လောက် လမ်းလျှောက်ပြီး သွားတက်ရတဲ့ဟာမျိုးဆိုတော့ လမ်းပေါ်မှာတင် အချိန်က ၃၊ ၄ နာရီလောက်ကြာနေပြီ။ အဲလိုမျိုးတွေကျတော့ မိသားစုတွေက နင် ကြီးလာရင်လည်း ဘာမှဖြစ်မှာမဟုတ်ဘူး။ သူတို့အတွက် မျှော်လင့်ချက်က သိပ်မရှိတော့ အလုပ်ထဲပဲ စောစောစီးစီး ဝင်သွားကြတယ်။”
ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက်ကတော့ အစိုးရအနေနဲ့ ပညာရေးအသုံးစရိတ်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ မလှလှဝင်း က ထောက်ပြခဲ့တာပါ။
“ကျမတို့လက်ရှိက ၁.၃၅ ရာခိုင်နှုန်း GDP ရဲ့ အဲ့လောက်ပဲ သုံးနိုင်သေးတယ်။ ကိုရီးယားတို့ စင်္ကာပူတို့ဆိုရင် ပညာရေးကို လုံး၀ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ၁၅%၊ ၂၀%၊ ၂၅% အဲ့လိုမျိုး သုံးသွားကြတယ်လေ။ ကျမတို့က အဲဒါနဲ့ယှဉ်လိုက်ရင် အရမ်းကို ရီစရာကောင်းပါတယ်။ အနည်းဆုံးတော့ ဒီအစိုးရလက်ထက်မှာ တကယ်လည်း လုပ်နိုင်ပါတယ်။ ၅% လောက် သုံးနိုင်မယ်ဆိုရင်ပဲ ပိုက်ဆံမရှိလို့ ကျောင်းမတက်နိုင်တဲ့ ဘဝလေးတွေ တော်တော် လွတ်မြောက်သွားပါလိမ့်မယ်။”
HRW အဖွဲ့ရဲ့ ကလေးအခွင့်အရေးဆိုင်ရာ သုတေသီ အယ်လန် မာတင်နဇ် (Elin Martinez) ကတော့ - ကလေးအခွင့်အရေးဆိုင်ရာ ပဋိဉာဉ်စာချုပ်နဲ့ တခြား နိုင်ငံတကာ သဘောတူညီချက်တွေကို အစိုးရတွေအားလုံးက လက်မှတ်ထိုးထားကြပေမဲ့လည်း ကျောင်းစရိတ်မတတ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရဆဲဖြစ်ပြီး၊ ဒါတွေကို အခြေခံအဆင့်မှာကတည်းက ဖယ်ရှားပစ်ကြရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အခုလို ပညာရေးကဏ္ဍမှာ ကြုံနေရတဲ့ ပြဿနာတွေကိုတော့ ဇွန်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နော်ဝေနိုင်ငံမှာ ကျင်းပမယ့် ပညာရေးဆိုင်ရာ ကမ္ဘာ့ပူးပေါင်း ဆောင်ရွက်ရေး ညီလာခံမှာ ထည့်သွင်း ဆွေးနွေးကြဖို့လည်း ရှိပါတယ်ရှင်။
Your browser doesn’t support HTML5