မြန်မာကိုလူသားချင်း စာနာမှုအကူအညီသစ် ယူရို ၉ သန်း EU ပေးမည်

ကချင်စစ်ဘေးရှောင်ကလေးငယ်များ

မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေ ခံစားနေရတဲ့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးရေး လူသားချင်း စာနာမှု အကူအညီ ယူရို ၉ သန်း ထပ်မံ ပေးအပ်မယ့် အကြောင်း ဥရောပ ကော်မရှင်က တနင်္လာနေ့မှာ ကြေညာပါတယ်။

အထူးသဖြင့်တော့ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တို့က အကြမ်းဖက်မှုဒဏ် ခံနေရသူတွေ အတွက် ဖြစ်ပါတယ်။ အခု ပေးမယ့် အကူအညီထဲမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုကြောင့် ကျောင်းမနေနိုင်တဲ့ ကလေးငယ်တွေ ဘေးကင်းပြီး အရည်အသွေးရှိတဲ့ ပညာရေး ပိုမိုး တိုးမြှင့်နိုင်ရေး အတွက် ယူရို ၂ သန်း အကူအညီလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေက ရိုဟင်ဂျာ ဒုက္ခသည် ပဋိပက္ခတင် မဟုတ်တော့ဘဲ နိုင်ငံတွင်းက လက်ရှိ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးရသူတွေကိုလည်း မေ့လျော့ထားလို့ မရနိုင်တော့ကြောင်း EU ရဲ့ လူသားချင်းစာနာမှု အကူအညီနဲ့ အရပ်သား ကာကွယ်ပေးမှု ဆိုင်ရာ မဟာမင်းကြီး ChristosStylianides က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးရေးက EU ရဲ့ ထိပ်တန်း ဦးစားပေး ကိစ္စရပ် တခုဖြစ်ကြောင်း၊ ပဋိပက္ခမှာ ပတ်သက်နေသူ အားလုံး အနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာရမှာ ဖြစ်ပြီး နိုင်ငံတွင်း ဒေသ အားလုံးမှာ လူသားချင်း စာနာထောက်ကူမှုတွေ အကန့်အသတ်မရှိ ဝင်ရောက်ခွင့် ပေးရမှာ ဖြစ်ကြောင်းလည်း မဟာမင်းကြီး Stylianides က ပြောဆိုထားပါတယ်။ အခု EU ရဲ့ အထောက်အကူကတော့ အိုးအိမ်စွန့်ခွာရသူတွေရဲ့ စခန်းတွေမှာ နေထိုင်မှု အခြေအနေ တိုးတက်စေရေး ဆောင်ရွက်မှာ ဖြစ်တဲ့ အပြင် ကျား မ ကွဲပြားမှု အခြေခံ အကြမ်းဖက်မှုတွေ တုံ့ပြန်ဆောင်ရွက်ရေး၊ နောက် နိုင်ငံတကာ လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာရေးတို့ အတွက်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ် ကတည်းက EU က မြန်မာနိုင်ငံကို လူသားချင်း စာနာမှု အကူအညီတွေ ပေးနေတာ ဖြစ်ပြီး ပဋိပက္ခနဲ့ သဘာ၀ ဘေးဒဏ် သင့်သူတွေ အတွက် အရေးပေါ် အကူအညီပေးရေး အစီအစဉ်နဲ့ ထောက်ပံ့ ကူညီမှုက ယူရို ၂၄၉ သန်း ရှိခဲ့ပြီ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာကိုလူသားချင်း စာနာမှုအကူအညီသစ် ယူရို ၉ သန်း EU ပေးမည်