အနိုင်ရပါတီ NLD အနေနဲ့ အရေးပါတဲ့ လွှတ်တော် ကော်မတီတွေမှာ တိုင်းရင်းသား လွှတ်တော်အမတ်တွေကိုပါ ရာထူးတာဝန်ကြီးတွေ ပေးအပ်ခဲ့တာဟာ အပြု သဘောဆောင်ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်လို့မရသေးသမျှ တိုင်းရင်းသားပြည်သူတွေ အပေါ် ဖိနှိပ်မှုတွေကို ဖြေရှင်းပေးလို့ မရနိုင်ဘူး လို့ ပြည်ပရောက် တိုင်းရင်းသားခေါင်းဆောင် တချို့ကပြောပါတယ်။ စုံစမ်းမေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီးပြောပြမှာပါ။
ပြည်သူ့လွှတ်တော် နဲ့ အမျိုးသား လွှတ်တော်နှစ်ရပ်လုံးအတွက် အရေးပါ တဲ့ ကော်မတီတွေ ကို မနေ့က စတင်ဖွဲ့စည်းရာမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် အခြား အရေးကြီးတဲ့နေရာတွေမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေကို ထူးထူးခြားခြား ခန့်အပ်ခဲ့တာတွေ့ရပါတယ်။
ဒါဟာ အနိုင်ရပါတီကြီးဖြစ်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံ အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေတာလို့ သူတို့ မြင်ကြပေမဲ့လည်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လို့ မရသေးသမျှ ကာလပတ်လုံး တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်လာမှာ မဟုတ်သေးဘူးလို့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင် တချို့က ပြောပါတယ်။
" ပြည်သူလူထုကတော့ ဒေါ်စုကို Mandate ပေးလိုက်တာပဲ။ အကောင်းဆုံး မျှော်လင့်ချက် နဲ့ ဒါပေမဲ့ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းက ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီတပ်မတော်သား ၂၅% ကလည်း ဘာပဲလုပ်လုပ် ကန့်ကွက်နေမှာပဲ။ အဲ့ဒီ့တော့ သမ္မတ ဖြစ်ရေးတောင်မှ ဒီဆိုင်းငံ့ထားတဲ့ ဥပဒေတောင် သဘောမတူဘူးလေ။ အဲ့တော့ လူမျိုးစုတွေ ပါဝင်လာတာ ကြိုဆိုပါတယ်။ ဒါပေမဲ့ လူမျိုးစု တယောက်၊ နှစ်ယောက် ရတာနဲ့ လူမျိုးစုတွေရဲ့ အခွင့်အရေး အပြည့်အစုံမှ မရပဲ။ ကျျနော်ကတော့ စောင့်ကြည့်တဲ့ အဆင့်မှာပဲ ရှိတယ်လေ။ "
ကရင်တော်လှန်ရေးသမားတဦးဖြစ်တဲ့ မန်းရောဘတ်ဇံက ပြောသွားတာပါ။
ဝါရှင်တန်ဒီစီ အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum San ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာလျှင် တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရမယ်လို့မြင်ကြောင်း အခုလိုပြောပါတယ်။
"ကျနော်ကတော့ အပြုသဘောဆောင်တယ်လို့မြင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ပကတိဖြစ်နေတဲ့ တိုင်းရင်းသားတွေရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနေတဲ့ အခြေအနေမဟုတ်ဘူး။ ကျနော်မြင်တာကတော့ တကယ်လိုအပ်တာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ဖျက်ရင် ပယ်ဖျက်၊ မပယ်ဖျက်ရင် ဒီဟာကို ပြုပြင်ပြောင်းလဲရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျေျနာ်တို့ တိုင်းရင်းသားတွေ လိုချင်တာက တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ့နော်။ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်၊ လူမျိုးအနေဖြင့် ပြဋ္ဌာန်းနိုင်ခွင့်ကို ကျနော်တို့က လိုလားတာ။ ဘာဖြစ်လို့လဲဆိုတော့ လိုခဲ့တဲ့ အစိုးရအနေဖြင့် ကချင်ပြည်နယ်မှာ ဝန်ကြီးချုပ်ရှိခဲ့တယ်။ ဒါပေမဲ့ တကယ့်ကို ကချင်တိုင်းရင်းသား၊ ကချင်လူမျိုးတွေ အနေဖြင့် ဘာမှ ထိထိရောက်ရောက် ပြဋ္ဌာန်းနိုင်တဲ့ အာဏာမရှိဘူး။"
နယူးရောက်မြို့က ရခိုင်တိုင်းရင်းသား စာရေးဆရာ ဦးခိုင်အောင်ကျော်ရဲ့ အမြင် ကတော့-
" အခုလွှတ်တော်ထဲမှာ တိုင်းရင်းသားတွေထဲကဆိုရင်ပေါ့နော်။ ရခိုင်အမျိုးသားပါတီ က ဦးအေးသာအောင်ရယ်၊ ဦးဘရှင်၊ ဒေါ်ထုမေတို့ ရွေးချယ်ခံရတာနဲ့ပတ်သက်လို့ ဝမ်းသာပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ ဒီလွန်ခဲ့တဲ့ ငါးနှစ်တာကာလ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ခဲ့ကြတဲ့အခါတုန်းက သူတို့တွေမှာ မပြီးပြတ်ခဲ့တဲ့ ပြဿနာကြီးတခု ရှိတယ်။ အဲ့တာကတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဆိုပြီးတော့ လုပ်ချင်ကြတဲ့အခါမှာ သူတို့မှာ တာဝန်မပြီးပြတ်ခဲ့ဘူး။
အဲ့တာ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ်နိုင်ငံတခုမှာ ဗဟိုအစိုးရရဲ့ ဖက်ဒရယ်အစိုးရခေါ်ရမှာပေါ့နော်။ ဗဟိုအစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိတာကို ဟိုဟာပြင်မယ်၊ ဒီဟာပြင်မယ် ဆိုတဲ့ အပိုင်းတွေက အဲ့ဒီ့အချိန်တုန်းက တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ အများကြီး ပြောခဲ့ကြတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက အဲ့တာက သပ်သပ်၊ မြန်မာနိုင်ငံအတွက် ဗဟိုအစိုးရက ရေးဆွဲထားခဲ့တာဖြစ်တယ်။ ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းပိုင်ခွင့်ဆိုတာကို ကိုယ့်ဟာကိုယ် ရေးဆွဲရမှာဖြစ်တယ်။ တိုင်းရင်းသားလူမျိုးတွေက။"
ပြည်သူ့လွှတ်တော်ရဲ့ အစိုးရအာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှာ ဥက္ကဋ္ဌက NLD လွှတ်တော် အမတ် ဒေါက်တာမေဝင်းမြင့်၊ အတွင်းရေးမှူးကို ဦးဇုန်းတိန့်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ နောက် လွှတ်တော် အခွင့်အရေးကော်မတီရဲ့ ဥက္ကဋ္ဌ ကို ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ကချင်လွှတ်တော်အမတ် ဦးတီခွန်မြတ်၊ အတွင်းရေးမှူးကိုတော့ NLD လွှတ်တော်အမတ် ဒေါက်တာလှမိုး တို့ကို ခန့်အပ်ခဲ့ပါ တယ်။ နောက် အမျိုးသားလွှတ်တော်မှာ ဆိုရင်လည်း ပြည်သူ့ငွေ စာရင်းကော်မတီ အဖွဲ့ဝင်တွေအဖြစ် ရခိုင်လွှတ်တော် အမတ်တွေဖြစ်တဲ့ ဦးဘရှင်၊ ဒေါ်ထုမေတို့ ပါဝင်ခဲ့ကြတာပါ။
အနိုင်ရပါတီ NLD လွှမ်းမိုးထားတဲ့ ဒီတကြိမ် လွှတ်တမ်း သက်တမ်း အတွင်း နောက်ထပ် ထူးခြားချက် ကတော့ စစ်တပ် ကိုယ်စားလှယ်တွေလည်း လွှတ်တော်ကော်မတီတွေမှာ အဖွဲ့ဝင်တွေအဖြစ် တာဝန်ယူဆောင်ရွက်ခွင့် ရလာတာဖြစ်ပါတယ်။ အရင်အာဏာရ ကြံခိုင်ဖွံဖြိုးရေးပါတီ လက်ထက်မှာတောင် စစ်တပ် ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကော်မတီတွေရဲ့ လေ့လာသူတွေ အဖြစ်နဲ့ပဲ ပါဝင်ခွင့်ရကြတာပါ။