မွန်ပြည်နယ်ဒေသအတွင်း
တပ်အသွင်ပြောင်းရေးကို လက်မခံငြင်းဆိုထားတဲ့ မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရကနေ အခုရက်ပိုင်းမှာ မော်လမြိုင်မြို့ပေါ်မှာရှိတဲ့ ရုံးတွေကို ပထမဆုံးအကြိမ်အဖြစ် တင်းကြပ်တဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ပါတီဝင်တစ်ဦးက ပြောပါတယ်။
မွန်ပြည်သစ်ပါတီအပါအဝင် မွန်လူမျိုးရေးရာအဖွဲ့ကနေ အောက်တိုဘာလဆန်းက ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကျေညာချက်ထုတ်ပြန်အပြီး ရွေးကောက်ပွဲတွေမှာ အနှောက်အယှက် မပြုနိုင်အောင် အခုလို တင်းကြပ်မှုတွေ လုပ်ဆောင်လာတယ်လို့ မွန်နိုင်ငံရေးအသိုင်းအဝိုင်းကနေ သုံးသပ်ထားပါတယ်။
အမည် မဖေါ်လိုသူ ပါတီဝင်တစ်ဦးအဆိုအရ မွန်ပြည်သစ်ပါတီဟာ တရားဝင်ပါတီ မဟုတ်တော့တဲ့အတွက် ရုံးတွေမှာ လူဝင်၊ လူထွက်၊ ညအိပ်လူတွေကို ဧည့်စာရင်းတိုင်ရမယ်လို့ စစ်အာဏာပိုင်တွေကနေ အကြောင်းကြား လာပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ တိုင်းရင်းသားဒေသ စည်းရုံးရေး သတင်းများ
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က တိုင်းရင်းသား ဒေသတွေမှာ စည်းရုံးရေးလုပ်ငန်းတွေကို နည်းမျိုးစုံသုံး လုပ်ဆောင်နေပါတယ်။
စစ်ကိုင်းတိုင်းကလေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီက ငွေကြေး အလုံးအရင်း အသုံးပြုပြီးတော့ ချင်းလူမျိူးများ နေထိုင်တဲ့ကျေးရွာ တွေမှာသွားရောက်ပြီး လူထုစည်းရုံးတွေ လုပ်ဆောင်နေတယ်လို့ ပြိုင်ဖက်ပါတီ တခုဖြစ်တဲ့ ချင်းတိုးတက်ရေး ပါတီက ခေါင်းဆောင်တယောက်က ပြောပါတယ်။
ကျနော်တို့ချင်းရွာမှာ ကွင်းဆင်းပြီးတော့ ငွေတွေလိုက်ဝေနေကြတယ်လေ အခု ကြာအင်းမှာ ၁၀ သိန်း၊ သာယာကုန်းမှာ ၅ သိန်း၊ အဲလိုသူတို့ဝေတာတွေရွာအများကြီးရှိတယ် ကျနော်တို့ စာရင်းအတိအကျသိတာ ဒီနှစ်ခုဘဲရှိတယ်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကချင်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးတီခွန်မြတ်ဟာ သူ့နယ်မြေဖြစ်တဲ့ ခလင်းကုန်းရွာက ရွာသားတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ရမယ်ဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကဒ်တွေကို ပြီးခဲ့တဲ့ပါတ်ကနေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ် လွိုင်ကော် မြို့နယ် အတွင်းက ကျေးရွာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတွေက အိမ်တိုင်းမှာ မဲဆွယ်တဲ့ ပိုစတာတွေကို လိုက်ကပ်ပေးပြီး တအိမ်တယောက် ပါတီဝင်ရမယ်ဆိုပြီး စာရင်းလိုက်ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ် ဒေသဆိုင်ရာ
နမ့်ခမ်းမြို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ စိုင်းစံညွန့် ရဲ့ ညီမအိမ် ဓါးပြတိုက်ခံရလို့ အနီးအနားရှိ နေအိမ်ပိုင်ရှင်အချို့ကို ခေါ်ယူထိန်းသိမ်းထားရာမှာ မနေ့က ပြန်လွတ်ပေးလိုက်ပါတယ်။
အနီးအနားဝန်းကျင်ရှိ အိမ်အချို့နဲ့ ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၀) ယောက်ကျော်ကို ရဲစခန်းမှာ အရင်ပတ်ကခေါ်ယူ ထိန်းသိမ်းထားရာကနေ မနေ့ကပြန်လွတ်ပေးလိုက်တာပါတယ်။ လွတ်ပေးချိန်မှာလည်း လိုအပ်တဲ့ချိန် ခေါ်ယူစစ်နိုင်ဖို့ သုံးလအတွင်း ခရီးမထွက်ဖို့တားမြစ်ထားတယ်လို့ စလေးတန်း ရပ်ကွက်သူတဦးကပြောပါတယ်။
အဲဒီ ဓါးပြတိုက်မှုဟာ နမ့်ခမ်းမြို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ စိုင်းစံညွန့်ရဲ့ညီမ နန်းရွှေကြည်ရဲ့ အိမ်ဖြစ်ပါတယ်။ ကျပ်ငွေ ၁.၃ သန်းနဲ့ တရုတ်ငွေ ယွမ် နှစ်သောင်း ပါသွားတယ်လို့လည်း အဆိုပါ နမ့်ခမ်းမြို့ စလေးတန်းရပ်ကွက်နေ ကျောင်းဆရာမတဦး ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဖြစ်တဲ့ စိုင်းစံညွန့်က အနီးအနားကျေးရွာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲထည့်ပေးဖို့ စည်းရုံးလှုံဆော်ပေးနေတုန်းမှာ အခုလို ဓါးပြတိုက်မှုဖြစ်ခဲ့တာလို့ နမ့်ခမ်းမြို့ခံတွေက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ သံဃာတွေကို ရွေးကောက်ပွဲ ကိစ္စတွေမှာ တားမြစ်နေတဲ့ ကိစ္စ
တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ သံဃာတော်တွေရဲ့ သြဇာအာဏာကို ခွန်အောင်မြတ်က စုစည်းထားပါတယ်။
ကျွန်မက ချမ်းလွန်ပါ။ အခု ရွေးကောက်ပွဲဆိုင်ရာ သတင်းဆောင်းပါး တပုဒ်ကို ကြားရမှာပါ။ ရှမ်းပြည်တောင်ပိုင်းမှာ လာမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ် စည်းရုံးတဲ့အခါ သံဃာတော်တွေကို ချဉ်းကပ်ပြီး စည်းရုံးခွင့်တွေ မပေးတော့ပါဘူး။ ၁၉၉၀ ခုနှစ်တုန်းက သံဃာတော်တွေရဲ့ သြဇာ အရှိန်အဝါကြီးတဲ့အတွက် မဲဆွယ် စည်းရုံးရေးဆင်းတဲ့အခါမှာ ပြည်သူလူထုကို တရားဟောတဲ့နေရာမှာ သံဃာတော်တွေကို အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။ အခု အာဏာပိုင်တွေက အဲဒီလို ပိတ်ပင်လိုက်တဲ့အတွက် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်တယ်ဆိုတာ ခွန်အောင်မြတ်က စုစည်းတင်ဆက်ထားပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရဟန်းသံဃာတော်တွေ နိုင်ငံရေးပါတီတွေနဲ့ မပတ်သက်ရသလို မဲဆန္ဒ ရှင်တွေကိုလည်း ဘာမှ ဟောပြောပိုင်ခွင့် ပိတ်ပင်လိုက်တဲ့အပေါ် တောင်ကြီးက ဆရာတော် ဦးကဝိန္ဒက အခုလို မိန့်ကြားပါတယ်။
“သူတို့ပိတ်ပင်တော့ ခံစားရတော့ဟာ။ ဘယ်လိုခံစားရတာတုန်း။ ဒီ ၂၀၁၀ ရွေးကောက်ပွဲကျတော့ တဦးနဲ့တဦး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ အဲလိုမျိုး ပါဝင်စေချင်တာပေါ့နော။ ပါဝင်စေချင်တယ်ဆိုလို့ရှိရင်တော့ နောင်တချိန် ကျတော့ ဘယ်သူကောင်းစားမလဲ တို့နိုင်ငံပဲ ကောင်းစားမယ် မဟုတ်ဘူးလား။ အခုကျတော့ မပါဝင် တဲ့အခါကျတော့ သူတို့ပဲ ကောင်းစားတယ်ကွာ။ ပြည်သူလူထုတွေက မကောင်းစားတော့ဘူးပေါ့နော။”
ပအိုဝ်းဆရာတော် ဦးဓမ္မက ဆရာတကာအပေါ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဟောပြောခွင့် ပိတ်ပင် လိုက်တဲ့ လုပ်ရပ်ဟာ မလုပ်သင့်တဲ့အပြင် သံဃာတော်တွေဟာ တကာတွေကို ကောင်းရာကောင်း ကြောင်း ဟောပြောညွှန်ပြခွင့် ရှိတယ်လို့ ပအိုဝ်းဘာသာနဲ့ မိန့်ကြားပါတယ်။
“အဲဒီမှာ နိုင်ငံရေးအကြောင်းပြောတာ၊ လူမျိုးရေးကို ခွဲခြားတာ မဟုတ်ဘူး။ အဲဒီလို သဘောတရား ဟုတ်လား။ ကောင်းတဲ့ အရာကို လုပ်နေတာပဲ။ ပြောခွင့်ရှိပါတယ်။ တဘက်နဲ့တဘက် ရန်ဖြစ်အောင် ပအိုဝ်းနဲ့ရှမ်း ရန်ဖြစ်အောင်၊ ရခိုင်နဲ့ ဗမာ ရန်ဖြစ်အောင် အဲလိုလုပ်တာ မဟုတ်ဘူး။”
ရွေးကောက်ပွဲအတွက် ပါတီများ မဲဆွယ်စည်းရုံးတဲ့အခါမှာ အမတ်လောင်းတွေ တော်တော်များများ ဟာ ဆရာတော် သံဃာတော်ကြီးကို ချဉ်းကပ်ပြီး အကြံအဉာဏ်တောင်းပြီး သြဝါဒကို ခံယူကြတယ် လို့ ၁၉၉၀ ခုနှစ်တုန်းက သထုံမြို့နယ် လွတ်တော်အမတ်ဖြစ်ခဲ့ပြီး ယခု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
“မဲလည်းမထည့်ဘူး။ ဝင်လည်းမပြိုင်တဲ့ ဘုန်းကြီးတွေရဲ့ တိုင်းပြည်ပေါ်မှာ တော်တည့်မှန်ကန်အောင် ထိန်းကြောင်းပေးတဲ့ ပါဝါက သိပ်ကြီးတယ်လေ။ ဘာဖြစ်ပဲ ဖြစ်ဖြစ် ဘုန်းကြီးတွေကို နိုင်ငံရေးသမားတွေ က စည်းရုံးကြတာဆို ဒါဟာ အစဉ်အလာပဲ။ အဲဒါ အခုမှ ဘုန်းကြီးတွေကို လိုက်ပြီး ပိတ်ပင်တာကတော့ တိုင်းပြည်မှာရှိတဲ့ အုပ်ချုပ်ရေးကို သြဇာနဲ့ထိန်းပေးမယ့် ပုဂ္ဂိုလ်ရဲ့ ပါဝါကို ပိတ်ပစ်တာလို့ ကျနော် အဲလို မြင်တယ်။”
မြန်မာပြည်မှာ သံဃာတော် အပါး ၄ သိန်းလောက်ရှိပြီး အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာဆိုရင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဗုဒ္ဓဘာသာဝင် များပြားတာကြောင့် လူထုတွေ အပေါ် သံဃာတော်တွေက သြဇာ ရှိပါတယ်။