တိုင်းရင်းသားဒေသ နဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ

  • Ronald အောင်နိုင်

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ သံဃာ့ကိစ္စ သံဃာများသာ ဖြေရှင်းရန် အကြောင်းကြားစာ မွန်ဘုန်းကြီးကျောင်းများသို့ပို့

သံဃာ့ကိစ္စများကို အာဏာပိုင်များနှင့် မပါတ်သက်ပဲ သံဃာများကသာ ဖြေရှင်းသွားရန် ညွှန်ကြားစာကို အခုရက်ပိုင်းအတွင်း မွန်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ ပေးပို့ခဲ့တယ်လို့ မွန်သံဃာတော်တွေက ပြောပါတယ်။

ယခု ဆုံးဖြတ်ချက်ကို ဇူလိုင်လ အတွင်း ကျင်းပသည့် ဆဋ္ဌမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ မှာ ဆရာတော်ဘဒ္ဒန္တပဏ္ဍဝံသမှ အကြံပြုတင်ပြအရ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ယခုညွှန်ကြားစာ ထုတ်ပြန်သည့်အပေါ် မွန်ရဟန်းပျိုတစ်ပါးကတော့ သံဃာတော်တွေ သပိတ်မှောက်လာလို့ ရဲတပ်ဖွဲ့တွေ စစ်တပ်တွေနဲ့ ထိန်းသိမ်းရင် အခြေအနေတွေ ပိုဆိုးပြိး ရွေးကောက်ပွဲကို ထိခိုက်နိုင်တာကြောင့် အခုလို အခုလို ညွှန်ကြားလာတာ ဖြစ်နိုင်တယ်လို့ မွန်ရဟန်းပျိုတပါးက မိန့်ကြားခဲ့ပါတယ်။

ရှမ်းနှင့် ပလောင် ပါတီများက ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားမှုကြောင့် ရှမ်းပြည်မြောက်ပိုင်းအတွင်း ပိတ်ပင်ခံထားရသည့် ဒေသများတွင် စည်းရုံးရေးလုပ်ငန်းများ ပြန်လုပ်ခွင့်ရ

ရှမ်းပြည်မြောက်ပိုင်းမှာ စည်းရုံးရေးခရီး တားမြစ်ပိတ်ပင်ခံရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (ကျားဖြူပါတီ)နဲ့ တအာင်း (ပလောင်) ပါတီတို့က ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားခဲ့လို့ အခုတပတ်ထဲမှာ စည်းရုံးရေး ဆင်းခွင့်ပြန်လည်ရပြီလို့ သိရပါတယ်။

ကွတ်ခိုင်မြို့နယ် နဲ့ နမ္မတူမြို့နယ်အတွင်း စည်းရုံးရေးဆင်းခွင့်မရတဲ့ ကိစ္စကို ဥပေဒေကြောင်းအရ အဆင့်ဆင့်တင်ပြ ဖြေရှင်းနိုင်ဖို့ တရားဝင်စာထုတ်ပြန်ပေးဖို့ ကွက်ခိုင်မြို့ရွေးကောက်ပွဲကော်မရှင်ထံ ပလောင်နဲ့ကျားဖြူပါတီ ကော်မတီဝင်တွေက သွားရောက် တောင်းဆိုခဲ့လို့ အခုလို စည်းရုံးခွင့်ပြန်ရတာလို့ လားရှိုးအခြေစိုက် ကျားဖြူပါတီဝင်တဦး ကပြောပါ တယ်။

တအာင်းပါတီဆိုရင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဘက်စည်းရုံရေးဆင်းစဉ် ဒေသခံ ပြည်သူ့ စစ်နဲ့ ကြံ့ဖွံ့ပါတီက ရွာပြင်ကထွက်ဖို့ အတင်းမောင်းထုတ်ပြီး စည်းရုံးရေးဆင်းရင် ဖမ်းပြီး ထောင် ချမယ်လို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့ ကွတ်ခိုင်မြို့နေ ပလောင်အမျိုးသားတဦး ကလည်း ပြောပါတယ်။

စက်တင်ဘာလ အတွင်းက ကွတ်ခိုင်နဲ့ နမ္မတူမှာ ကျားဖြူပါတီနဲ့ တအာင်းအမျိုးသားပါတီ ရဲ့ စည်းရုံးရေးခရီးကို ဟန့်တားခဲ့တာဟာ ကချင်ပြည်သူ့စစ် ခေါင်းဆောင်ခွန်မြတ်ရဲ့ လူတွေနဲ့ ကြံ့ဖွံ့ပါတီတို့ဖြစ်ကြတယ်လို့ အဲဒီ ပလောင် အမျိုးသားက ပြောပါတယ်။

ကယားပြည်နယ်အတွင်း ပညာရေးဝန်ထမ်းများ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီသို့ ဝင်ရောက်မှုကြောင့် နယ်များတွင် ဆရာ- ဆရာမ အခက်အခဲရှိနေ

ကယားပြည်နယ် (ကရင်နီဒေသ) အတွင်းမှာရှိတဲ့ ဖရူးဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်က ပညာရေးဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဝင်ရောက်သွားလို့ စာသင်ကျောင်းတချို့မှာ ဝန်ထမ်းလစ်လပ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပါတီဝင်ရောက်သွားသူတွေဟာ မြို့ပေါ်ကျောင်းတွေက ဖြစ်ပေမယ့် အဲဒီလစ်လပ်သွားတဲ့ မြို့နဲ့နီးတဲ့ ဒေသတွေကို နယ်တွေက ဆရာ-ဆရာမတွေက အလုအယက် ပြောင်းရွေ့ကြတာကြောင့် နယ်စာသင်ကျောင်းတွေမှာ ဆရာ-ဆရာမတွေရှားပါးသွားတာလို့ လွိုင်ကော်မြို့ခံ ကျောင်းဆရာတယောက်က ပြောပါတယ်။

ကယားပြည်နယ် အတွင်း ကြံ့ဖွံ့ပါတီထဲက ကိုယ်စားလှယ်အမတ်လောင်းနေရာမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် အမတ်လောင်း အများစုဟာ ပညာရေးဌာနက ကျောင်းဆရာဝန်ထမ်းတွေဖြစ်တယ် အဲဒီကျောင်းဆရာကပဲ ပြောပါတယ်။

ရွေးကောက်ပွဲနှင့် ပါတ်သက်သည့် အိန္ဒိနိုင်ငံ၏ သဘောထား ရပ်တည်မှုနှင့် နယ်စပ်တိုင်းရင်းသားများ၏ အနာဂါတ် အလားအလာ

မြန်မာစစ်အစိုးရ ကျင်းပမည့်ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ အိန္ဒိယနိုင်ငံဘက်မှာ နေထိုင်ကြတဲ့ မြန်မာအတိုက်အခံအင်အားစုတွေကို ဒေသတွင်းအာဏာပိုင်တွေက အနီးကပ်လေ့လာစောင့်ကြည့်မှု့ရှိလာနေ သလို ဖမ်းဆီးမှုတွေလည်းမကြာခဏပြုလုပ်လာတယ်လို့သိရပါတယ်။ ခုလက်ရှိအိန္ဒိယအစိုးရရဲ့ မြန်မာနအဖစ်စအစိုးရအပေါ် ထားရှိတဲ့ ပေါ်လစီ တွေ ဘယ်လိုဆက်ရှိနေသေးလဲဆိုတာ တိုင်းရင်း သတင်းလွှာက ရောဘတ်က တင်ဆက်ထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချူပ်မှုး ကြီးသန်းရွှေ အိန္ဒိယကို ရောက်ရှိလာခဲ့တဲ့နောက်ပိုင်း ကစပြီး တော့ ဒေသတွင်းမှာအခြေစိုက်လှုပ်ရှားနေကြတဲ့ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်း တွေကို အိန္ဒိယအစိုးရက အနီးကပ်လေ့လာစောင့်ကြည့်မှုပြုလုပ်လာခဲ့တာပါ။

အထူးသဖြင့်တော့ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေသ မီဇိုရမ်ပြည်နယ်မှာအခြေစိုက်နေကြတဲ့ ချင်းနိုင်ငံရေး အသိုင်းအဝန်းတွေကို မီဇိုရမ်အစိုးရကနေ အကြောင်းပြချက်တစုံတရာမပေးဘဲ လာရောက်ဖမ်း ဆီးမှုတွေရှိနေ တယ်လို့ ချင်းအမျိူးသားကောင်စီကအထွေထွေအတွင်းရေးမှူး ပူးရာလ်နှင်းကပြောပါတယ်။

ခုလာမည့် နိုဝင်ဘာ ၇ ရက်နေ့ရွေးကောက်ပွဲနဲ့သက်ဆိုင်မှုရှိနိုင်မလားဆိုပြီး ကျနော်တို့သုံးသပ်ရတဲ့အပိုင်း လဲရှိတယ်..တချိူ့သင်တန်းတွေဘာတွေမလုပ်ဖို့တားမြစ်ထားတာက နိုဝင်ဘာလ ၇ ရက်နေ့ထိတားမြစ်တာ တွေရှိတယ်……ဒါကြောင့် ရွေးကောက်ပွဲနဲ့တော့တော်တော်လေးပတ်သက်တယ်လို့သုံးသပ်လို့မိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က စပြီးတော့ တရားမဝင်နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားအလုပ်သမား ၈၀ ကျော်ကို မီဇိုရမ်အစိုးရကဖမ်းဆီးလိုက်ပြီး အဲဒီနောက် မြန်မာနယ်စပ်တလျှောက် လူသားချင်း စာနာသည့် အထောက် အကူပြု လုပ်ငန်းများ လုပ်ကိုင်နေတဲ့ Free Burma Rangers အဖွဲ့ နှင့် ချင်းအမျိူးသမီးအဖွဲ့ဝင်တချိူ့ သင်တန်းပေးပို့နေစဉ်မှာ မီဇိုရမ် ထောက်လှမ်းရေးတွေက ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၂၀ ရက်နေ့က မီဇိုရမ်ရောက် တရားမဝင်နိုင်ငံခြားသားတွေကို ပြန်လည်ဖမ်းဆီး မည်ဟု အစိုးရကတရားဝင်ထုတ်ပြန်ကြေညာပြီး သိပ်မကြာခင် စက်တင်ဘာလ ၂၄ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှား နေသူ ၃ ဦးကို မီဇိုရမ်အာဏာ ပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံခဲ့ရသူ တဦးကတော့

နိုင်ငံခြားသားအမှုနဲ့ ကျနော်တို့ကိုရွေးပြီးတော့ ဖမ်းတဲ့အပေါ်မှာ ကျနော်တို့က စဉ်းစားမရ ဖြစ်နေတယ်…ဖြစ်နိုင်တာတခုကတော့ ဗိုလ်ချူပ်မူးကြီးသန်းရွှေက ပြီးခဲ့တဲ့လမှာ အိန္ဒိယကိုလာတယ်..အဲဒါနဲ့ကျ နော်တို့ဆက်စပ်ကြည့်လိုက်ရင် ခုမဲထည့်မဲ့လူတွေ အဲဒီရွေးကောက်ပွဲကို ပြည်ပကနေအတိုက်အခံလုပ်နိုင်မယ့် လူတွေကို ဖမ်းပေးပါဆိုပြီး လုပ်ခိုင်းတယ်လို့ကျနော်ယူဆပါတယ်

ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအစိုးရဟာ မြန်မာ့ဒီမို ကရေစီရေးကို ယခင်က ထောက်ခံ အားပေးမှုများ ရှိခဲ့ပေမဲ့ ၁၉၉၂ နောက်ပိုင်း အရှေ့မျှော်ဝါဒ ကျင့်သုံးချိန်ကစပြီးတော့ မြန်မာ စစ်အစိုးရနှင့် ရင်းရင်းနှီးနှီးဆက်ဆံမှုတွေပြုလုပ်လာခဲ့ပါတယ်။

အိန္ဒိယက မြန်မာအစိုးရအပေါ်မူဝါဒပြောင်းလဲလိုက်တဲ့ မူဝါဒတွေ ရှိနေတယ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာနေထိုင်နေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအဝေး ရောက်ညွန့် ပေါင်းအစိုးရ(အဲန်စီဂျီ ယူဘီ)က ဝန်ကြီး ဒေါက် တာတင့်ဆွေကတော့ ပြောပါတယ်။

ပထမအချက်ကတော့ ဗမာနိုင်ငံစစ်အစိုးရလက်ထက်မှာ တရုတ်နိုင်ငံရဲ့လွှမ်းမိုးကြီးစိုးမှု ဟာများသထက် များလာတဲ့အပေါ်မှာ အိန္ဒိယက စိုးရိမ်လာတယ်၊ ဒုတိယကတော့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်တွေ ကိုအခြေ ပြုပြီးတော့ အိန္ဒိယအစိုးရကိုတော်လှန်တိုက်ခိုက်နေတဲ့ အရှေ့မြောက်သူပုန်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ ဟာ အတော်လေးအရေး ပါလာပါတယ်၊ နောက်ဆုံးအချက်ကတော့ ဗမာပြည်ရဲ့ သယံဇာတတွေကို အိန္ဒိယ အစိုးရက လိုချင်တယ် ဒီအကြောင်းတွေကြောင့် ပြောင်းသွားတာလို့ ကျနော်တို့ယူဆပါတယ်။

ရွေးကောက်ပွဲ နောက်ပိုင်းမှာ အိန္ဒိယ နိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံရေး ဒုက္ခသည်တွေကို အိန္ဒိယအစိုးရအနေနဲ့ ပြန်ပို့မှာကို သူတို့အနေနဲ့စိုးရိမ် မှုတွေရှိ နေတယ်လို့ဒေါက်တာတင့်ဆွေကဆက်ပြောပါတယ်။