တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ

ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

ဖားကန့် ကျောက်စိမ်းမှော်မှာ မှတ်ပုံတင်မရှိသူတွေကို ယာယီမှတ်ပုံတင်တွေ ပြုလုပ်ပေးနေ

ကချင်ပြည် ဖားကန့်မြို့နယ်တွင် ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ဖားကန့်မှော်ရှိ မှတ်ပုံတင်မရရှိတဲ့သူတွေကို ယာယီမှတ်ပုံတွေ အခမဲ့ လုပ်ဆောင်ပေးနေကာ မဲဆွယ် စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်။

ဓါတ်ပုံမပါတဲ့ ယာယီမှတ်ပုံတင်ဟာ အဝါရောင်ဖြစ်ပြီး အမည်၊ နေရပ်လိပ်စာနှင့် PKK( PhaKant Kachin) ဆိုတဲ့ ယာယီမှတ်ပုံတင် နံပါတ် ပါရှိတယ်လို့ ဆိုင်းတောင်ရှိ ဆယ်အိမ်မှူး တစ်ဦးကပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောင်ယှဉ်ပြိုင်မယ့်သူကတော့ တိုင်းမှူးဟောင်း အငြိမ်းစား ဗိုလ်ချုပ် အုန်းမြင့်ဖြစ်ပါတယ်။

ဖားကန့်မြို့နယ်မှာ နိုင်ငံသားစီစစ်ရေးကပ်ပြား မှတ်ပုံတင်လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့် ကျပ် ၁သိန်း ၄သောင်း ကုန်ကျတယ်လို့ မှတ်ပုံတင်လုပ်ထားတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူဦးရေနဲ့ မဲရုံမမျှ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်းမှာ ခရိုင်ကော်မရှင်ရဲ့စာရင်းအရ မဲပေးနိုင်သူ စုစုပေါင်း နှစ်သိန်းခွဲကျော်ရှိပြီး တပ်မိသားစုမဲရုံ (၉) ရုံ အပါအဝင် မဲရုံစုစုပေါင်း ၁၅၁ ရုံသာရှိလို့ မဲဆန္ဒရှင်တွေ သတ်မှတ်ချိန်အတွင်း မဲမပေးနိုင်မှာ စိုးရိမ်တယ်လို့ ချင်းတိုးတက်ရေး ပါတီ စီပီပီ က ပြောပါတယ်။

မဲရုံတိုးချဲ့ပေးရန် ခရိုင်ကော်မရှင်သို့ တောင်းဆိုခဲ့ပေမယ့် စစ်တပ်မိသားစုအတွက် မဲရုံ ၉ ရုံသာ ရရှိခဲ့တယ်လို့ စီပီပီ လူကြီးတစ်ဦးက ပြောပါတယ်။

ယခုလ ၁၂ ရက်နေ့က ကလေးမြို့၊ တာဟန်းရပ်ကွက်မှာပြုလုပ်တဲ့ ချင်းတိုးတက်ရေးပါတီရဲ့ လူထုစည်းရုံးဟောပြောပွဲမှာ လူထု ၇၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ၂၂ ရက်နေ့က လက်ပံချောင်းကျေးရွာမှာပြုလုပ်တဲ့ လဟာပြင်လူထုစည်းရုံးဟောပြောပွဲမှာလည်း လူတစ်သောင်းနီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ရွာတွေမှာ မဲမထည့်ရပဲ ကြိုတင်မဲ အဖြစ်သတ်မှတ်

တနင်္သာရီတိုင်း ထားဝယ်မြို့အရှေ့ဖက် ထိုင်းနယ်စပ် မြန်မာအစိုးရ တပ်စခန်းတွေက ရဲဘော်တွေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ ဒေသမှာရှိတဲ့ ကရင်ကျေးရွာသား တွေရဲ့ နာမည်စာရင်းကို ကြိုတင်မဲ အဖြစ်သတ်မှတ်လိုက်တယ်လို့ နယ်စပ်က လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။

အောက်တိုဘာ ၁၇၊ ၂၀၁၀ ရက်နေ့မှာ ထိုင်းနယ်စပ်မှာတာဝန်ယူနေတဲ့ အစိုးရ တပ်စခန်း ၁၈ ခုက ရဲဘော်တွေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ ဒေသမှာ ရှိတဲ့ ကရင်ကျေးရွာ ၄ ရွာဖြစ်တဲ့ (မောထာကျေးရွာ၊ ထီးထာကျေးရွာ၊ အမိုးကျေးရွာ၊ ဆင်ဖြူတိုင်ကျေးရွာ) က ရွာသားတွေကို ကြိုတင်မဲ စာရင်းအဖြစ်သတ်မှတ်လိုက်တာလို့ အဲဒီ လေ့လာသူက ပြောပါတယ်။

အဲဒီလို သတ်မှတ်လိုက်ပေမယ့်လည်း ကျေးရွာသူကျေးရွာသားတွေကတော့ သူတို့ကိုယ်တိုင် မဲပေးခဲ့ရတာ မရှိဘူးလို့ အမိုးရွာသား တယောက်က ပြောပါတယ်။ ဒီရွာတွေမှာ ရှိတဲ့ လူဦးရေစာရင်းနဲ့ အိမ်ထောင်စု စာရင်းတွေကို မေလကတည်းက လာရောက် ကောက်ယူထားခဲ့တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ မဲဆန္ဒ မပေးရမယ့် နယ်မြေတွေ သတ်မှတ်တဲ့ အပေါ်မှာ ကရင်ပြည်သူတွေက ဘယ်လို ခံစားကြတယ်၊ မြင်ကြတယ်ဆိုတာ မင်မ်အစ က စုစည်းထားပါတယ်။

ကျွန်မက ချမ်းလွန်ပါ။ ခု သတင်းလွှာ တပုဒ်ကြားကြရမှာပါ။ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကရင်ပြည်နယ် ၇ မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စု တစ်ဝက်ကျော်ကျာ်မှာ မဲပေးပိုင်ခွင့် ပယ်ချလိုက်ပါတယ်။ အဲဒီအထဲမှာ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက ကျေးရွာအုပ်စုတွေလည်း ပါဝင်ပါတယ်။ ဒီလို ပယ်ချတဲ့ အတွက် ပြည်သူလူထုအတွက် ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာ မင်းအာသံက စုစည်းထားပါတယ်။

မဲမပေးရတော့ မယ့် နေရာ အများစုဟာ ကရင့်အမျိုးသား အစည်းအရုံး ကေအဲန်ယူ နယ်မြေအနီးတဝိုက်မှာ ရှိပါတယ်။ ဒါပေမယ့် ကေအဲန်ယူကတော့ သူတို့ အနေနဲ့ ရွေးကောက်ပွဲကို အနှောက်အယှက် မပေးဘူးလို့ ပြောပါတယ်။

တပ်မဟာ (၆) မှ ဗိုလ်ကြီး စောထဲနေက အခုလိုပြောပါတယ်။

''ကျနော်တို့ ကေအန်ယူ အနေနဲ့တော့ ဒီလာမည့် ၂၀၁၀ ရွေးကောက်ပွဲကို နှောက်ယှက်လဲ မလုပ်ပါဘူး၊ မဲထည့်သူတွေလည်း မတားပါဘူး၊ အကယ်၍ ပါတီဝင်မည့်ကိုယ်စားလှယ်အလောင်းတွေ ကျနော်တို့ နယ်မြေမှာ သွားလာဖြတ်သန်းတဲ့အခါ တေ့ွမယ်ဆိုရင် သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို သိလိုခဲ့ရင် မေးမြန်းလိမ့်မယ်၊ ဒါပေမယ့် ဖမ်းဆီးပြီး ခေါ်တာမျိုး ကျနော်တို့ ကေအမ်ယူက ထုတ်ပြန်ညွန်းကြားထား တဲ့အမိန့်လည်းမရှိပါဘူး''

တချို့ ပြည်သူတွေကတော့ မဲပေးခွင့် မရတာဟာ ဆုံးရှုံးမှု လို့ မြင်ကြပါတယ်။ ကရင်အမျိုးသား စောပီလူးက ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းက ကရင် အမျိုးသား တယောက်ဖြစ်ပါတယ်။

'ကရင်လူမျိုးဖြစ်ပြီးတော့ မဲပေးပိုင်ခွင့်မရှိတော့ ကိုယ်လူမျိုးတွေ အရာမဝင်လိုမျိုး ခံစားမိတယ်ဗျာ၊ မြန်မာပြည်သား မဟုတ်လိုမျိုးဖြစ်နေတယ်၊ နောက်ပြီး ဗမာပြည်သားမှ နှင်းထုတ်ခံသလိုမျိုး ခံစားမိပါတယ်''

ကြာအင်းဆိပ်ကြီး မှာရှိတဲ့ ဒေသခံတယောက်က ခွိကလုံအုပ်စုမှာရှိတဲ့ သံဃာတော်တစ်ပါး ပြောကြားခဲ့တာကို အခုလို ပြန်ပြောပြပါတယ်။

''ကရင်ပြည်နယ်မှာရှိတဲ့ ၇ မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စု တစ်ဝက်လောက် မဲပေးပိုင်ခွင့် ပိတ်ပင်လိုက်တော့ တော်တော်လေးကို ခံစားရတယ်ပေါ့၊ ဒါဟာ နအဖက ဘားအံမှာရှိတဲ့ ဖလုံ-စဝေါ်ပါတီကို သတ်တာပဲလို့''

ဒါပေမယ့်လည်း ကြာအင်းဆိပ်ကြီးမှာရှိတဲ့ ဒေသခံတော်တော်များများကတော့ ဒီလာမယ့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိပဲ ၎င်းတို့၏ စားဝတ်နေရေးအတွက်သာ စိတ်ပူနေတယ်လို့ မဲသလဒေသခံတစ်ယောက်က ပြောတယ်။

''ဒီနှစ်က မိုးကလဲ ခေါင်၊ လယ်ယာလုပ်ငန်းကို လယ်ထွန်လဲမရ၊ နောက်ပြီး လွန်ခဲ့နွေတုန်းကလည်း မိုးသိပ်မရွာတော့ ဒီလာမည့် ၂၀၁၁ မှာ ထွက်တဲ့ သီးနှံ ကွမ်းသီးတွေ ထွက်ရှိပါတော့မလားဟု စိတ်ပူနေတယ်''

အခုအချိန်မှာတော့ ကရင်ပြည်နယ်တွင်း မဲမပေးရမယ့် ဒေသတချို့မှာ လူစာရင်းတွေကောက်ပြီး ကြိုတင်မဲအဖြစ် ဖြည့်စွက်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်ခင်ဗျား။