တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ

ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုန်းကိုးပြည်သူ့စစ်တပ်စခန်းကို မနေ့က မနက်ပိုင်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင် ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ကျားဖြူပါတီ၊ တအောင်းပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ စည်းရုံးရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရပါတယ်။

တိုက်ပွဲမှာ ပြည်သူ့စစ်ဘက်က ၁ ယောက်ကျဆုံးပြီး လက်နက်ငယ် ၃ လက်နဲ့ ကျည်ဆန်ရာကျော်ကို အဲဒီ ဝင်တိုက်တဲ့တပ်ဖွဲ့တွေက သိမ်းသွားခဲ့ပါတယ်။

မနေ့ညနေပိုင်းကတော့ အဲဒီဒေသကို မြန်မာအစိုးရက တပ်ရင်းတရင်း တိုးချဲ့ချထားလိုက်ပြီး လုံခြုံရေးတင်းကြပ်တာကြောင့် ပါတီတွေ စည်းရုံးရေးရပ်ထားရတယ်လို့ ကျားဖြူပါတီက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာလည်း အပစ်ရပ်တပ်ဖွဲ့က ပါတီအဖြစ် အသွင်ပြောင်းထားတဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က လက်နက်ကိုင်တပ်နဲ့ အတူ စည်းရုံးရေး ဆင်းရာမှာ နမ့်ဇန်မြို့နယ် မကျိုင်းပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အရင်အပတ်အတွင်းက ဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ပအိုင်းအမျိုးသားအဖွဲ့ချုပ်က ဗိုလ်ကြီး တဦးအပါအဝင် ၄ ယောက်သေဆုံးပြီး ၂ ယောက် ပျောက်နေပါတယ်။ မကျိုင်းပြည်သူ့ စစ်ဘက်ကတော့ ၁ ယောက် လည်ပင်းမှာ ဒဏ်ရာရပြီး လွိုင်လင်ဆေးရုံမှာ ကုနေရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ကျေးရွာတွေ ကချင်ပါတီမရှိတဲ့အတွက် ရှမ်းပါတီကို ရွေးကောက်ပွဲ ပညာပေးဖို့ ဖိတ်ခေါ်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာရှိတဲ့ ကချင်ကျေးရွာသားတွေဟာ ကချင်ကိုယ်စားပြုပါတီ မရှိတဲ့အတွက် ရှမ်းပါတီကို ရွေးကောက်ပွဲ ပညာပေးဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒေသခံ ကချင်တွေရဲ့ ဖိတ်ခေါ်မှုအရ ရှမ်းပါတီဖြစ်တဲ့ ကျားဖြူပါတီက မိုးကောင်းအမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်း စောသန်းမြင့်က မဲပေးပုံပေးနည်းနဲ့ ရွေးကောက်ပွဲအကြောင်း၊ ရှမ်းပါတီအကြောင်းတွေကို ကချင်ကျေးရွာတွေမှာ ပြုလုပ်ပေးခဲ့တယ်လို့ ပြောပြပါတယ်။

မိုးကောင်းမြို့နယ်ထဲက ကချင်ကျေးရွာတွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီရဲ့ဆွေးနွေးမှုကို စိတ်ဝင်တစား လာရောက် နားထောင်ကြတယ်လို့ ကျားဖြူပါတီဝင်တဦးက ပြောပါတယ်။

ကယားပြည်နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးလုပ်ကိုင်နေမှု

ကယားပြည်နယ်၊ ဒီးမောဆိုးမြို့နယ်၊ နန်းဖယ်ခုံဒေသရှိ ကယန်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က လူထုတွေကို ဘိလပ်မြေနဲ့ သစ်တွေ အခမဲ့ပေးပြီး မဲဆွယ်စည်းရုံးနေပါတယ်။

ကြံ့ဖွံ့ပါတီဟာ နန်းဖယ်ခုံဒေသက ကယန်းကျေးရွာတွေကို ရွာငယ် တရွာမှာ ဘိလပ်မြေ ၃၀ အိတ်နဲ့ သစ် ၃ တန်၊ ရွာကြီး တရွာမှာ ဘိလပ်မြေ ၅၀ အိတ်နဲ့ သစ် ၅ တန် ပေးပြီး မဲဆွယ်စည်းရုံးခဲ့တယ်လို့ နန်းဖယ်ခုံ ဒေသက ကယန်းရွာသားတယောက်က ပြောပါတယ်။

ကြံ့ဖွံ့ပါတီဟာ ပြီးခဲ့တဲ့လအတွင်း စည်းရုံးရေးဆင်းတဲ့အချိန်မှာလည်း များသောအားဖြင့် ကယန်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာတွေကို သာ ဘိလပ်မြေနဲ့ သစ်တွေ ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ကျွန်မက ချမ်းလွန်ပါ။

မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး မွန်တိုင်းရင်းသားပါတီတခုကို တည်ထောင်ထားပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကို ပြည်သူတွေက ထောက်ခံကြပါသလား။ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာကို မိရင်စနိုင်းက စုစည်း တင်ပြထားပါတယ်။

မွန်တမျိုးသားလုံးအတွက် နိုင်ငံရေးပါတီတပါတီရှိသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အမြင်တူကြတဲ့ နိုင်ငံရေးစိတ်ဝင်စားသူ လူအနည်းစုနဲ့ ပါတီကို တန်းတူသော ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော နိုင်ငံတော် ထူထောင်ရန်နဲ့ စစ်မှန်သော ဒီမိုကရေစီစနစ် ပါတီစုံစနစ်ကို ကျင့်သုံးရန် အပါအဝင် မူဝါဒ ၇ ချက်နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

မွန်ပြည်သူကို ကိုယ်စားပြုထားတဲ့ ပါတီတခုထဲရှိတဲ့အတွက် ဒီပါတီကိုပဲ ထောက်ခံသွားမယ်လို့ မုဒုံဒေသခံတယောက်က မွန်လို ပြောပါ တယ်။

“ဒီရွေးကောက်ပွဲဟာ သူတို့အတွက် အထောက်အပံ့ဖြစ်စေဖို့ပဲလေ။ သူတို့အားအင်တွေ ရဖို့အတွက်ပဲဖြစ်တယ်။ တကယ်လို့ မွန်ပါတီ မရှိဘူးဆိုရင် ပြည်သူတွေက သူတို့ကို စိတ်ဝင်စားလာမယ် ထောက်ခံလာမယ်၊ အခြေအနေကတော့ ရွေးကောက်ပွဲဝင်ရင်လည်း အခွင့်အရေးဆုံးရှုံးတာပဲ၊ မဲအနိုင်ရပြန်တော့လည်း အခွင့်အရေးတွေ ဆုံးရှုံးအုံးမှာပဲလေ”

ဒါပေမယ့်လည်း ၁၉၉၀ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ် မဲဆန္ဒနယ် ၅ နေရာမှာ အနိုင်ရခဲ့တဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အတွင်းရေးမှူး နိုင်ဥဿာကတော့ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်တယ် မွန်ပါတီကိုလည်း ထောက်ခံသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ အဖွဲ့က ၂၀၀၈ အခြေခံ ဥပဒေကိုကော ၂၀၁၀ ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ထားပြီးသားပါ။ သူတို့ဟာ နိုင်ငံရေးဘက်ကို စတင်ပြီးတော့ ဝင်လုပ်တယ်ဆိုတော့လည်း ကြိုဆိုရမယ့်သဘောတော့ ရှိတာပေါ့လေ၊ ဒါပေမဲ့ သူတို့လည်း အများကြီးလေ့လာဖို့တော့ လိုသေးတယ်”

ဒီလို အတိုက်အခံတွေ ကြားကပဲ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ၂၀၁၀ ခုနှစ် ဧပြီလမှာ မွန်သီချင်းရေးဆရာအဖြစ် နာမည် ကျော်ကြားခဲ့တဲ့လူလည်းဖြစ်၊ အငြိမ်းစားပြည်နယ် ပညာရေးမှူးလည်းဖြစ်တဲ့ နိုင်ငွေသိန်း ခေါ် (နိုင်ဂျနူမွန်) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီးတော့ ဒု-ဥက္ကဋ္ဌ အနေနဲ့ ဒေါက်တာမင်းလှအောင်၊ အထွေထွေအတွင်းရေးမှူးကတော့ ဒေါက်တာမင်းနွယ်စိုးတို့က တာဝန်ယူထားကြပါတယ်။

ဒီကနေ့အထိ ရပ်တည်လာခဲ့တာဟာ လွယ်လွယ်ကူကူတော့ မဟုတ်ဘူးလို့ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောပါတယ်။

“လက်ရှိအစိုးရက စစ်အစိုးရပဲ။ လုပ်ရကိုင်ရတာ အခက်အခဲ အမျိုးစုံရှိတယ်။ ဘယ်လိုပဲဖြစ်စ့် မလျော့တဲ့ဇွဲနဲ့ လုံလဝိရိယနဲ့ ရမယ့် နေရာကနေပြီးတော့ ဝင်ပြီးတော့ ရှိသမျှအခက်အခဲတွေကို ရင်ဆိုင်မယ်ဆိုပြီးတော့ ဆုံးဖြတ်တယ်၊ အဲဒီလိုဆုံးဖြတ်ချက်နဲ့ ပါတီ စည်းရုံးရေးဆင်း အဲဒီမှာလည်းအခက်အခဲတွေနဲ့ နောက်ပြီးတော့ တင်းကြပ်မှုတွေကလည်းရှိတယ် ပြည်သူတွေ ကြောက်နေကြတာနဲ့ အထူးသဖြင့် မွန်ပြည်သူတွေ တအား ကြောက်ကြတယ်”

အဲဒီအပြင် ငွေရေးကြေးရေး အခက်အခဲတွေလည်းရှိတဲ့အတွက် မျှော်မှန်းထားသလောက် ကိုယ်စားလှယ်အရေအတွက် ပြည့်အောင် ရွေးကောက်ပွဲ မဝင်နိုင်ဘူးလို့ နိုင်ငွေသိန်းက ပြောပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ကိုယ်စားလှယ်လောင်း နေရာ (၃၄) နေရာ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။