ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသတွေက သတင်းတွေကို စိုင်းမိဏ်းနဲ့ အတူ တင်ဆက်သွားမှာပါ။
နယ်ခြားစောင့်တပ် အသွင်မပြောင်းတဲ့ ဒီကေဘီအေ
ရွေးကောက်ပွဲလုံခြုံရေး အတွက် နယ်ခြားစောင့်တပ်တွေကို မြန်မာအစိုးရက အသုံးပြုနေတဲ့ အချိန်မှာပဲ နယ်ခြားစောင့် တပ်အသွင်ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့တွေကို မြဝတီမြို့ထဲက ထွက်ခွာသွားဖို့ မြန်မာစစ်တပ်က ရက်ပိုင်းအတွင်းက ဒုတိယအကြိမ် အဖြစ် အမိန့်ပေးလိုက်ပါတယ်။
ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ နောက်ဆုံးထားပြီး ထွက်ခွာ သွားဖို့ အမိန့်ပေးခဲ့ပေမယ့် ဒီကေဘီအေ တပ်ဖွဲ့တွေက ငြင်းဆန်ခဲ့တာကြောင့် အခု ဒုတိယ အကြိမ် ထပ်မံ အမိန့်ပေးတာ ဖြစ်ပါတယ်။
ဒီကေဘီအေ တပ်ဖွဲ့တွေကတော့ မြဝတီမြို့က ထွက်ခွာမှာ မဟုတ်ဘူးလို့ တပ်ရင်း ၉၀၂ က တပ်ခွဲမှူး စောဆန်းအောင် က ပြောပါတယ်။
ထွက်ဖို့မရှိဘူး မထွက်တဲ့အပြင်ကျနော်တို့ဘက်က စစ်ရေးအရ ကျနော်တို့ကို ဆင်နွဲမယ်ဆိုရင် ကျနော်တို့ကပြန်လည်တုံ့ပြန်ဖို့ ကျနော်တို့ စစ်ရေးအပြည့်အဝနဲ့ ပြင်ဆင်ထားတဲ့ အားတွေရှိတယ် ၊ကျနော်တို့က တောထဲမှာ စစ်တိုက်ခဲ့တာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပြီး အခုဆိုလို့ရှိရင်တောထဲက စစ်ဟာခေတ်မမှီတော့ဘူး တကယ်တမ်း မြို့ပေါ်မှာပဲ ဆက်လက် အကောင်အထည်ဖော်မယ် ခြေကုပ်ယူမယ် ၊
ဒီကေဘီအေ တပ်ဖွဲ့ အများစုက နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲ ခဲ့ပေမယ့် ဗိုလ်မှူး ကြီးစောလားဘွယ် ဦးဆောင်တဲ့ တပ်မဟာ (၅) က တပ်ရင်း ၄ ရင်းက နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းဖို့ ငြင်းဆိုခဲ့ပါတယ်။
လားဟူဒေသတွေမှာ ရှမ်းပါတီကို အနိုင်ရအောင်
လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီအနေနဲ့ ပါတီဝင်အင်အားများများမစည်းရုံးနိုင်ရင် ဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်တချို့ကို မဲဆန္ဒ နယ်မြေ စာရင်းမှ ပါယ်ဖျက်လိုက်မယ်လို့ မိုင်းတုံရှိ မြန်မာစစ်အစိုးရ ဒေသခံအာဏာပိုင်တွေက တနင်္လာနေ့ကခေါ်ယူ သတိပေးခဲ့တယ် လို့ အသက် ၄၀ ကျော် ဒေသခံလားဟူ အမျိုးသားတဦးက ပြောပါတယ်။
ခြိမ်းခြောက်ခံရတဲ့ မြို့နယ်တွေကတော့ လားဟူပါတီအားထားရတဲ့ မိုင်းတုံ၊ မိုင်းဆတ် တွေအပြင် မိုင်းခတ် မိုင်းယန်း မိုင်းယောင်း မြို့နယ်တွေပါတယ်လို့ ထိုင်းနယ်စပ် လားဟူအမျိုးသားရေး လုပ်ရှားသူတဦးက ပြောပါတယ်။
ဒီဒေသတွေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ရှမ်းပါတီကို မဲပေးခဲ့တဲ့ ဒေသတွေ ဖြစ်ပြိး လားဟူ ပါတီဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်လုပ်ထားတယ်လို့ ၁၉၉၀ ရွေးကောက်ပွဲမှာ လားဟူပါတီ ဥက္ကဌ ဖြစ်ခဲ့တဲ့ ဦးဂျဘိုးလုံက ပြောပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းမှာ ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေမှာ လားဟူပါတီက အမတ် လောင်း ၉ ဦးဝင် ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အခွင့်အရေးတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ မဲဆွယ်
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်မှာရှိတဲ့ မူဆလင်အမျိုးသားတွေကို လွတ်လပ်စွာ ခရီးသွားလာခွင့်ရမယ်ဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အသင်းဝင်ကတ်ပြားတွေကို ၁၅၀၀ နှုန်းနဲ့ ရောင်းချနေတယ်လို့ ဒေသခံ မူဆလင် တဦးက ပြောပါတယ်။
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ပင်လုံ USDP က လွယ်လင်မြို့ရှိရပ်ကွက်တွေမှာ တစ်အိမ်တက် ဆင်း စည်းရုံးရေးဆင်းတဲ့အခါ အိမ်ထောင်စုစာရင်းတောင်းကြည့်ပြီး အသက် ၁၈ နှစ်ပြည့် မဲပေးပိုင်ခွင့်ရှိတဲ့ သူတွေကို USDP ထဲဝင်ပြီး ပါတီကိုမဲပေးဖို့ အတင်းပြောဆိုနေတယ်။ ပါတီထဲဝင်ပြီးထောက်ခံမဲပေးမယ်လို့ မဖြေမချင်း အိမ်ပေါ်ကမဆင်းဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ နေထိုင်တဲ့ တောင်သူလယ်သမား ဒေသခံတွေကိုလည်း ဒီကြံ့ဖွံ့ပါတီက ကြံ့ဖွံ့ကိုသာ မဲထည့်ပေးရမယ်၊ အကယ်၍ အခြားပါတီတွေကိုသာ မဲထည့်ခဲ့မယ်ဆိုရင် ရွာမှ မောင်းထုတ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ဒေသခံတွေကို ကူညီနေတဲ့ ဒေါ်ဘောက်ဂျာက ပြောပြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရွေးကောက်ပွဲ အပေါ် အမြင်သဘောထားတွေနဲ့ ရွေးကောက်ပွဲကာလကို ဘယ်လို ဖြတ်သန်းကြမယ်ဆိုတာ အားမီက စုစည်းထားပါတယ်။
ကျွန်မက ချမ်းလွန်ပါ။ အခု လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆိုင်တဲ့ သတင်းဆောင်းပါး တပုဒ် ကြားရမှာပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၆ ခုဟာ မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ် တနေရာမှာ လျို့ဝှက် အစည်းအဝေး တရပ်ကျင်းပခဲ့ကြပါတယ်။ ရွေးကောက်ပွဲဟာလည်း မကြာခင်ကျင်းပတော့မှာ ဖြစ်တဲ့ အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို ဘယ်လို သဘောထားကြတယ်၊ ဘယ်လို ဖြတ်သန်းသွားကြမယ်ဆိုတာကို အားမီက စုစည်းတင်ပြထားပါတယ်။
ဒီနှစ်ထဲမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာဆိုရင် တိုင်းရင်းသားတွေအတွက် ဘာအာမခံချက်မရှိတဲ့အတွက် ကရင်အမျိုးသားတပ်မတော် (KNU) အနေနဲ့ ပြည်သူဘက်ကနေဆက်လက်ရပ်တည်ပြီး ရွေးကောက်ပွဲကာလ တလျောက် ဆက်ပြီးတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကရင်အမျိုးသားတပ်မတော် အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က အခုလိုပြောပါတယ်။
“တိုင်းရင်းသားတွေအတွက်ဘာမှ အာမခံချက်မရှိတဲ့အတွက်ကြောင့်ပေါ့နော်၊ အခုရွေးကောက်ပွဲရလာဒ်ကိုတော့ ကျမတို့လက်မခံဘူး။ ရွေးကောက်ပွဲရလာဒ်ကိုလည်းတရားဝင်လို့မသတ်မှတ်ဘူး။ ကျမတို့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုလက်မခံဘူး။ ဆက်လက်ပြီးတော့ ကာကွယ်ဖို့အနေနဲ့ကတော့ လူထုကိုကာကွယ်မယ်။ ကျမတို့ ကရင်အမျိုးသားကိုကာကွယ်မယ်။ ဆက်တိုက်ခိုက်ကြမယ်။”
မြန်မာအစိုးရရဲ့ နယ်ခြားစောင့် တပ်အသွင်ပြောင်းရေးကို လက်မခံခဲ့တဲ့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒေသမှာလည်း တင်းမာမှုတွေရှိနေပါတယ်။ ကေအိုင်အေ အဖွဲ့အနေနဲ့ စစ်အစိုးရဘက်က စတိုက်လာမယ် ဆိုပါကလည်း အသင့်အနေအထားရှိနေတယ်လို့ အမည်မဖော်လိုတဲ့ KIA အရာရှိတစ်ဦးက ပြောပါတယ်။
“တကယ်တော့ ကျနော်တို့ကသူတို့အရင်ဘာမှမလုပ်ရင် ကျနော်တို့ကလည်းဘာမှမလုပ်ပါဘူး။ တကယ်လို့ သူတို့ အရင် စပြီးမှဖြစ်လာရင်တော့ ကျနော်တို့လည်းကိုယ့်ကိုကိုယ် ကာကွယ်မှာပါ့။ ဖြစ်လာရင်လည်းကာကွယ်ဖို့တော့ အဆင်သင့်ပေါ့။ အဲ့လိုမျိုးအသင့်အနေအထားပေါ့ဗျာ။”
ကေအိုင်အေ အဖွဲ့နည်းတူပဲ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ အဖြစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ ၀ အဖွဲ့၊ မုန်းလား အပစ်ရပ်အဖွဲ့၊ အက်အက်စ်အေ- မြောက်ပိုင်း တပ်မဟာ ၁ နဲ့ မွန်ပြည်သစ်ပါတီဒေသတွေမှာလည်း တင်းမာမှုတွေ ဖြစ်နေပြီး စစ်ရေးပြင်ဆင်မှုတွေ ရှိနေပါတယ်။
ရွေးကောက်ပွဲအတွက် သီးသန့်တိုက်ပွဲဝင်ဖို့မရှိပေမယ့် ချင်းအမျိုးသားတပ်ဦးအနေနဲ့ စစ်ရေးဗျူဟာတွေ ပြောင်းလဲဖို့မရှိသလိုအရေးကြီးလာပါက အရှိန်အဟုန်တိုးမြင့်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦးမှ အထွေထွေအတွင်းရေးမှူး ဦးပေါလ်ဆီထန်ကအခုလိုပြောပါတယ်။
“ကျနော်တို့လိုအပ်ရင်တော့ တော်လှန်ရေးတိုက်ပွဲကြီးအရှိန်အဟုန်တော့ ဆက်လက်မြင့်တင်သွားဖို့ ကြိုးစားနေပါတယ်။ ရွေးကောက်ပွဲကနေပြီးတော့ ကျနော်တို့တိုင်းရင်းသားတွေရဲ့ ပြဿနာတစုံတရာကို ဖြေရှင်းနိုင်မယ်ဆိုတာကိုမယုံကြည်ပါဘူး။ ကျနော်တို့ကဒီရွေးကောက်ပွဲဖြစ်လို့ ကျနော်တို့ရဲ့မဟာဗျူဟာတွေ ပြီးတော့ စစ်ရေးဗျူဟာတွေပြောင်းလဲသွားတာမရှိဘူး။ ရွေးကောက်ပွဲကို မလက်ခံဘူး။ ဆက်တိုက်သွားဖို့ပဲဖြစ်ပါတယ်။”
လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေရဲ့ အစည်းအဝေးမှာတော့ မြန်မာစစ်အစိုးရက တိုက်ခိုက်လာမယ်ဆိုရင် အချင်းချင်းကူညီပြီးတိုက်ကြဖို့နဲ့ စစ်ရေးစွမ်းရည်မြင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်ရှင်။