မြန်မာ့အရေး အပစ်ရပ်အဖွဲ့ ခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ ဆွေးနွေး

အပစ်ရပ် တိုင်းရင်းသား ၁၀ ဖွဲ့ရဲ့ ရဲ့ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (Photo- NCA-S EAO)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအစီအစဉ်တခု လုပ်သွားနိုင်ဖို့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ထိုင်းနိုင်ငံမှာ ဆွေးနွေးနေကြပါတယ်။ အပစ်ရပ် တိုင်းရင်းသား ၁၀ ဖွဲ့ရဲ့ ရဲ့ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များ ညီလာခံ ဒုတိယပိုင်းမှာ ဆွေးနွေးနေကြတာပါ။ မတ်လ ၂၉ ရက်ကနေ ဧပြီ ၂ ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ညီလာခံအကြောင်း ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ ဒုတိယပိုင်းကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ မတ်လ ၂၉ ရက်ကနေ့က စတင်ကျင်းပနေပါတယ်။ ဒီညီလာခံကနေ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ဒါမှမဟုတ် နိုင်ငံရေး လမ်းပြမြေပုံတစ်ရပ်ကို ချမှတ်ဖို့ ရည်ရွယ်ထားကြောင်း NCA လက်မှတ်ထိုး အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“လက်ရှိ နိုင်ငံရေးအခြေအနေ အောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု ရပ်နားထားတဲ့ အခြေအနေအောက်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာနိုင်ဖို့ အတွက်ကို PPST အနေနဲ့ နိုင်ငံရေး ရည်မှန်းချက် ၇ ရပ်ကို ချမှတ်ထားတာပေါ့နော်။ အဲဒီနိုင်ငံရေးရည်မှန်းချက် ချမှတ်နိုင်ဖို့အတွက်၊ လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့ ဆိုရင် နိုင်ငံရေးအစီအစဉ်တစ်ခု ဖော်ထုတ်နိုင်ဖို့အတွက်ကို ကျနော်တို့အတွင်းမှာ ညှိနှိုင်းနေတာ ကြာပြီပေါ့နော်။ အဲဒီအစဉ်အစဉ်တစ်ခုကို Summit မှာ တင်သွင်းပြီးတော့ အတည်ပြုချက် ယူနိုင်ဖို့အတွက် ကြိုးစားသွားမယ်။ ဒါ တစ်ချက်ပေါ့။ ”

စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က NCA လုပ်ငန်းစဉ်တွေကို ရပ်တန့်ထားခဲ့ပါတယ်။ PPST လက်ရှိ ချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက် ၇ ရပ်မှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ပုဂ္ဂိုလ်အားလုံး လွှတ်ပေးပြီး ဆွေးနွေးအဖြေရှာဖို့၊ သက်ဆိုင်သူတွေအားလုံးပါဝင်ဖို့ ဆိုတဲ့အချက်တွေ ပါဝင်တာဖြစ်ပါတယ်။

ဒီရည်မှန်းချက် ၇ ချက်ကို အကောင်အထည်ဖော်ဖို့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ စုဖွဲ့မှုတွေ ဆောင်ရွက်ဖို့၊ ဒီလို ဆောင်ရွက်ရာမှာ NCA လက်မှတ် မထိုးတဲ့ အဖွဲ့တွေပါ ပါဝင်နိုင်ဖို့ စတာတွေကိုလည်း ညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ဒီညီလာခံမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ကိုလည်းအထူးဖိတ်ကြားသူအဖြစ် ဖိတ်ကြားခဲ့ပါတယ်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက ညီလာခံအဖွင့်အမှာစကားပြောကြားရာမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ အချင်းချင်း အပြန်အလှန်သတ်ဖြတ်နေတယ်။ ဒီပြဿနာကို စားပွဲဝိုင်းမှာ နည်းလမ်းရှာပြီး ဖြေရှင်းဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မျက်နှာချင်းဆိုင်ရော Video Conferencing နည်းနဲ့ပါကျင်းပနေတဲ့ ညီလာခံ ပထမနေ့မှာ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ခေါင်းဆောင်တွေ၊ အလုပ်အဖွဲ့ဝင်တွေ၊ အကြံပေးအဖွဲ့ဝင်တွေ၊ သြစတြေးလျ ၊ ကနေဒါ အပါအဝင် အနောက်နိုင်ငံ နိုင်ငံ ၆ နိုင်ငံက သံတမန်တွေအပြင် အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ
USAID မှ ယာယီဌာနေကိုယ်စားလှယ်လည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) နဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ (၅) ဖွဲ့ တို့ဟာလည်း မတ်လ ၂၈ ရက် တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ NSPNC ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအခြေအနေ၊ ပဋိပက္ခ လျှော့ချနိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ လက်ရှိ ငြိမ်းချမ်းရေး အခြေအနေတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း တစ်ဖွဲ့ခြင်းစီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သဘောထားတွေကို အလွတ်သဘောဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က ကိုယ်စားလှယ်အဖွဲ့ကတော့ ဒေသတွင်း ဖွံ့ဖြိုးရေးကိစ္စတွေကို အဓိက ဆွေးနွေးဖြစ်ခဲ့ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိ ခွန်ထွန်းတင်က ပြောပါတယ်။

“ အဓိကက ကျနော်တို့ အခြေအနေပေါ့။ ဒေသဖွံ့ဖြိုးရေးတို့ ဘာတို့ သူတို့ ပြန်လည် ဆွေးနွေးတာတော့ ရှိတာပေ့ါ။ သူတို့လည်း မေးတာပေါ့။ ပြီးခဲ့တဲ့ ပြည်ထောင်စုမှာလည်း ကျနော်တို့ မတက်နိုင်ဘူး။ အဲဒါကျ ကျနော်တို့ တော်တော်များများ Covid ဖြစ်နေကြတော့ မသွားလိုက်ဘူးပေါ့။ ရက်ကပ်တဲ့အချိန်မှာ Covid ကူးခံကြတော့ အဲဒီကိစ္စတော့ သူတို့ကို ရှင်းပြတယ်။ ”

ဒီဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) (PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ တက်ရောက်ခဲ့တာပါ။

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့သာ အဓိက လုပ်ဆောင်နေတာကြောင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ငြိမ်းချမ်းရေးဆွေးနွေးမှ မြန်မာပြည်ရဲ့ ပြဿနာတွေ ပြေလည်နိုင်မယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီဘက်က NUG ၊ PDF စတဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသလို ဒီလ ၂၇ရက်နေ့ တပ်မတော်နေ့အခမ်းအနားမှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အကြမ်းဖက် အဖွဲ့တွေနဲ့ သူတို့ကို ထောက်ခံပံ့ပိုးနေသူတွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး အပစ်ရပ်အဖွဲ့ ခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ ဆွေးနွေး

(Unicode)











