အီသီယိုးပီးယား လေကြောင်းလိုင်းက Boeing 737 Max 8 ခရီးသည်တင် လေယာဉ် ပျက်ကျသွားပြီးတဲ့နောက် အဲဒီလေယာဉ် ပျံသန်းတာကို ရပ်ဆိုင်းလိုက်တဲ့ နိုင်ငံတွေ ပိုတိုးလာနေပြီး အဲဒီထဲမှာ သြစတြေးလျနဲ့ စင်္ကာပူနိုင်ငံတွေလည်း ပါလာပါတယ်။
ဒီလေယာဉ် အမျိုးအစား ပျက်ကျတာ အခုတကြိမ်ဟာ ငါးလအတွင်း ဒုတိယအကြိမ်ပါ။
အီသီယိုးပီးယား လေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ်ဟာ တနင်္ဂနွေနေ့က Addis Ababa မြို့တော် လေဆိပ်ကနေ ပျံတက်သွားအပြီး သိပ်မကြာခင်မှာပဲ ပျက်ကျသွားတာကြောင့် လေယာဉ်ပေါ်ပါ ခရီးသည်နဲ့အမှုထမ်း ၁၅၇ ဦးလုံး သေဆုံးသွား ပါတယ်။
အဲဒီ ဖြစ်ရပ်ပြီးတဲ့နောက် တရုတ်၊ အင်ဒိုနီးရှား၊ ဘရာဇီးလ်နဲ့ မက္ကဆီကိုနိုင်ငံတွေက သူတို့ဆီမှာရှိတဲ့ Boeing 737 Max 8 လေယာဉ်တွေကို ရပ်ထားလိုက်တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့က လေယာဉ်ပျက်ကျတဲ့ ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးနေချိန်မှာ ဒီလေယာဉ်တွေ ပျံသန်းတာကို ယာယီ ရပ်ဆိုင်းထားလိုက်တာ ဖြစ်တယ်လို့ သြစတြေးလျနဲ့ စင်္ကာပူ လေကြောင်း အာဏာပိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ကနေ ပျံတက်သွားအပြီး မိနစ်ပိုင်းအတွင်းမှာပဲ Java ပင်လယ်ထဲ ပျက်ကျသွားတဲ့ လေယာဉ်နဲ့ အခု အီသီယိုးပီးယား လေကြောင်းလိုင်းက ပျက်ကျသွားတဲ့ Boeing 737 Max 8 လေယာဉ်တို့ဟာ မော်ဒယ်လ် အတူတူပဲဖြစ်ပါတယ်။
လေယာဉ်ပျက်ကျ မသွားခင် လေယာဉ် နောက်ပိုင်းကနေ မီးခိုးတွေ ထွက်လာတာကို တွေ့လိုက်ရတယ်လို့ မျက်မြင် တွေ့သူ ၂ ဦး ထက်မနည်းက ပြောထားပါတယ်။
Your browser doesn’t support HTML5