မြန်မာ့ဒီမိုကရေစီရေးနဲ့ အမေရိကန် အခန်းကဏ္ဍ

Your browser doesn’t support HTML5

စစ်အာဏာရှင်စနစ်က လွတ်မြောက်လိုတဲ့ မြန်မာပြည်သူ အများစုဟာ သူတို့က "ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်" လို့ ယူဆနေကြတဲ့ အမေရိကန်ရဲ့ အကူအညီကို မျှော်လင့်ကြပါတယ်။ မျှော်လင့်သလောက် အကူအညီရနိုင်ပါမလား။ ဒီလို အကူအညီတွေပေးဖို့ အမေရိကန်ဘက်မှာ ဘယ်လို အကန့်အသတ်တွေရှိနေပါသလဲ။

စစ်အာဏာရှင်စနစ်က လွတ်မြောက်လိုတဲ့ မြန်မာပြည်သူအများစုဟာ "ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်" လို့ ယူဆနေကြတဲ့ အမေရိကန်ရဲ့ အကူအညီကို မျှော်လင့်ကြပါတယ်။ မျှော်လင့်သလောက် အကူအညီ ရနိုင်ပါမလား။ ဒီလို အကူအညီတွေပေးဖို့ အမေရိကန်ဘက်မှာ ဘယ်လို အကန့်အသတ်တွေ ရှိနေပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးမှာ မြန်မာကနေ အမေရိကန်ကို တော်တော်လေး အားထားတာကို တွေ့ရပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေကိုလည်း အားထားတယ်ဆိုပေမဲ့ အမေရိကန်ကို ပိုပြီးတော့ အားကိုးတဲ့သဘော ရှိပါတယ်။ အဲဒီတော့ ဒီနေရာမှာ အမေရိကန်ကို တကယ်ပဲ အားကိုးထိုက်ပါသလား။

ဖြေ ။ ။ အားကိုးထိုက်သလားဆိုတော့ အားကိုးတာကိုတော့ အပြစ်ပြောစရာ မရှိပါဘူး။ အကူအညီ လိုနေတဲ့အခါမှာ လူတိုင်းကို အားကိုးရှာကြတာ သဘာဝပါပဲ။ ဒါပေမဲ့ အမေရိကန်က ဘယ်လောက်ကူညီနိုင်မလဲ။ လုံးလုံးလျားလျား သူ့ကိုအားထားလို့တော့ မရဘူး။ သူ့ရဲ့ အကူအညီကို မျှော်လင့်တာ မမှားဘူးလိို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီမိုကရေစီအရေးဆိုတာ သိပ်ကျယ်ပြန့်တယ်။ အဓိကအားဖြင့် ဒီမိုကရေစီ ဖြစ်လာဖို့အတွက် အဓိကနှစ်ပိုင်းခွဲပြီး ပြောရပါမယ်။

ပထမတပိုင်းက ဒီမိုကရေစီအတွက် အဟန့်အတား အဓိကဖြစ်နေတဲ့ အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ရမယ်။ အဲဒီလမ်းပိတ်စို့နေတာကို ဖယ်ရှားပြီးမှ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းဖို့အတွက် ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို လုပ်လာရမှာ ဖြစ်ပါတယ်။ ပထမပိုင်းဖြစ်တဲ့ အာဏာရှင် ဖယ်ရှားရေးက သိပ်ခက်ခဲတဲ့ကိစ္စပါ။ ဒီကိစ္စမှာ အမေရိကန်က ဘယ်လောက်အထိ ကိုယ်ထိလက်ရောက် ထဲထဲဝင်ဝင် ပါလာနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အခုပဲ သူတို့က NDAA Burma Act ကို ပြဌာန်းထားတာ ၁ နှစ်ပဲ ပြည့်တော့မယ်၊ အဲဒီမှာ ကတိပေးထားတဲ့၊ ပြောထားတဲ့ အချက်တွေ - non lethal assistance ပေးမယ်၊ ဘာညာစတာတွေ ဘာမှအကောင်အထည် ဖော်လာတာ၊ စတင်လာတာလည်း မကြားဘူးဆိုတော့ အဲဒါတွေကို သိပ်မျှော်လင့်နေလို့ မဖြစ်ဘူးလို့ ထင်ပါတယ်။

မေး ။ ။ အမေရိကန်ကတော့ သူ့ကိုယ့်သူ ဒီမိုကရေစီပြယုဂ်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြယုဂ်တခုအဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားပါတယ်။ ဆိုတော့ ဒီလိုမျိုး သတ်မှတ်ထားတဲ့နေရာမှာ မူဝါဒတွေမှာလည်း ဒီလိုပဲ ဖော်ပြပါတယ်။ ဒီလို သတ်မှတ်ထားတာဟာ ဘယ်လောက် အတိုင်းအတာအထိ မှန်ကန်ပါသလဲ။

ဖြေ ။ ။ လူ့အခွင့်အရေးဆိုတာကတော့ အမေရိကန်နိုင်ငံ ပေါ်ထွန်းလာကတည်းက လူ့အခွင့်အရေးအတွက် လုပ်လာတာပဲ။ 'liberty, equality, fraternity' ကြွေးကြော်သံနဲ့ လုပ်လာတာဆိုတော့ လူ့အခွင့်အရေးက သူတို့ဆီမှာ အစကတည်းကပါပါတယ်။ ဒီမိုကရေစီလည်း သူတို့ဆီမှာပါတယ်။ သို့သော် ဒီဝါဒကို နိုင်ငံတကာကို ပျံ့နှံ့သွားအောင် အမေရိကန် ဦးဆောင်လုပ်ဆောင်မယ်ဆိုတဲ့ အယူဝါဒက မရှိခဲ့ပါဘူး။ အစတုန်းက အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက ပထမကမ္ဘာစစ်မတိုင်ခင်အထိ သူတို့တွေက isolationist နေခဲ့တယ်။ အဓိကပါဝင်လာတာက ဒုတိယကမ္ဘာစစ်ပြီမှ။ ဆိုဗိယက်က အရှေ့ဥရောပနိုင်ငံတွေကို သိမ်းပိုက်ပြီးတော့ ကွန်မြူနစ်စနစ် လုပ်တဲ့အခါမှာ အဲဒီအရှေ့ဥရောပနိုင်ငံတွေ ကွန်မြူနစ်စနစ်အောက်က လွတ်မြောက်အောင် ကူညီဖို့အတွက် အမေရိကန်က ကူညီဖို့အတွက် မူဝါဒချပြီး လုပ်တယ်။ အဲဒီတုန်းက သမ္မတ Harry Truman ဆိုတော့ အဲဒီမူဝါဒက Truman Doctrine လို့ ခေါ်ပါတယ်။ အဲဒီ Truman Doctrine က အဲဒီနိုင်ငံတွေကို တကယ်ပဲ ကူညီပြီးတော့ လုပ်ဆောင်ခဲ့ပါတယ်။ ဆိုတော့ အဲဒီအချိန်ကနေ စလုပ်လာတာကနေ သူတို့က ကမ္ဘာပေါ်မှာ ဒီမိုကရေစီ ချန်ပီယံဆိုတဲ့ပုံစံ တဖြည်းဖြည်း ဖြစ်လာတယ်။ အခုနောက်ဆုံးဖြစ်နေတာကတော့ ယူကရိန်းမှာတော့ ကိုယ်ထိလက်ရောက် မပါဘူး။ နေတိုးလည်း လက်နက်အကူအညီပေးတယ်။

ထိုင်ဝမ်မှာကြတော့ ထိုင်ဝမ်ကိုတော့ မထိနဲ့ ငါတို့လုပ်မယ်ဆိုပြီးတော့ တရုတ်က လေယာဉ်ပျံတယ်ဆို၊ သူတို့ကလည်း ပျံပြတယ်ဆိုတာတွေ လုပ်နေတယ်ဆိုတော့ တချို့ပညာရှင်တွေက ကင်ပွန်းတပ်ကြတယ်။ Biden Doctrine ဟိုတုန်းက Truman Doctrine လုပ်ခဲ့သလိုပဲ ထိုင်ဝမ်ကိစ္စမှာတော့ တရုတ်ကို ဟန့်တားဖို့အတွက် အမေရိကန်အစိုးရက အဲဒီလိုလုပ်နေတယ်လို့ ပြောပါတယ်။ သူတို့ဟာ ဒီမိုကရေစီ ချန်ပီယံ ဟုတ်လား၊ မဟုတ်လားဆိုတာကိုတော့ အဲဒီမှာ စောင့်ကြည့်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘယ်လို ဖြစ်လာမလဲဆိုတာကတော့။

မေး ။ ။ ဟုတ်ပါတယ်။ ဒီမှာလည်း ထိုင်ဝမ်အရေးမှာတော့ အမေရိကန်က ထဲထဲဝင်ဝင် ကူညီနေတာကို တွေ့ရပါတယ်။ တဘက်ကပြောမယ်ဆိုရင် မြန်မာနိုင်ငံကလည်း တရုတ်ရဲ့ သြဇာစက်ကွင်းထဲကို ကျနေတယ်လို့ ပြောလို့ရနိုင်တဲ့ အနေအထားပါ။ မြန်မာနိုင်ငံကြတော့ ဘာလို့ အမေရိကန်က ဒီလောက်ထိ မကူညီတာလဲ။

ဖြေ ။ ။ နှစ်ချက် နှိုင်းယှဉ်လို့ ရပါတယ်။ တရုတ်ရဲ့ ထိုင်ဝမ်အပေါ် ခြိမ်းခြောက်မှုနဲ့ မြန်မာနိုင်ငံပေါ် ခြိမ်းခြောက်မှု ဘယ်ဟာပိုကြီးသလဲ ဆိုတာကို ကြည့်လိုက်ရင် သိသာထင်ရှားတယ်။ တရုတ်က ထိုင်ဝမ်ကို ပိုပြီးတော့ ခြိမ်းခြောက်တယ်။ ထိုင်ဝမ်က သူတို့နိုင်ငံရဲ့ တစိတ်တဒေသလို့ သူတို့သတ်မှတ်ထားတာ ဖြစ်တယ်။ အမေရိကန်ကလည်း One China Policy ဆိိုတာကို လက်ခံခဲ့တာ၊ ဒါကြောင့်လဲ တရုတ်-အမေရိကန် ဆက်ဆံရေး စတင်လာတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ အမေရိကန်က ဒီကိစ္စကို ပြန်ပြင်ချင်တဲ့ လေသံတွေ ပစ်လာတော့ တရုတ်ကလည်း ဒါကို တင်းကြပ်လာတဲ့ သဘောဆိုတော့ ထိုင်ဝမ်အပေါ် တရုတ်ရဲ့ ခြိမ်းခြောက်မှုက ပိုပြင်းထန်ပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ခြိမ်းခြောက်မှုက ဒီလောက်ထိ မပြင်းထန်ပါဘူး။

မြန်မာနိုင်ငံမှာ သူတို့ရဲ့ အကျိုးစီးပွား - စီးပွားရေး အကျိုးစီးပွား၊ စစ်ရေးအရ မဟာဗျူဟာ အကျိုးစီးပွား ရှိမယ်။ စီးပွားရေး အကျိုးစီးပွားက ရေနံပိုက်လိုင်း ကျောက်ဖြူကတဆင့် သယ်တဲ့ကိစ္စကို ပြောနေကြတာ။ တရုတ်ရရှိတဲ့ အခြားဒေသက ရရှိတဲ့ ရေနံတွေထက်စာရင် မြန်မာနိုင်ငံက ဖြတ်လာတဲ့ ရေနံဟာ သိပ်များပြားလှတဲ့ ပမာဏ မဟုတ်ပါဘူး။ သို့ပေမဲ့ မြန်မာန်ိုင်ငံကတဆင့် အိန္ဒိယသမုဒ္ဒရာကို စစ်ရေးအားဖြင့် ထွက်ပေါက်ရဖို့အတွက် ကိုးကိုးကျွန်းတိို့မှာ စစ်စခန်း တည်ဆောက်တာတွေ ဖြစ်လာတယ်။ အဲဒီအပိုင်းကတော့ နည်းနည်းပိုပြီး အရေးကြီးပါတယ်။ သို့သော်လဲ တချိန်ချိန်မှာ မှတ်ထားရမှာက တရုတ်ဟာ မြန်မာနိုင်ငံအပေါ်မှာ သြဇာလွှမ်းမိုးခွင့်၊ စီးပွားရေးအားဖြင့် အိမ်နီးချင်းနိုင်ငံ ဖြစ်နေတဲ့အတွက်ကြောင့် မြန်မာ့အရေးနဲ့ ပတ်သက်ရင် တရုတ်သည် အမေရိကန်ထက် အရေးပါတယ်ဆိုတာကို အမေရိကန်ကိုယ်တိုင်က အသိအမှတ်ပြုတယ်။ ကျနော် မြန်မာနိုင်ငံမှာ တာဝန်ကျဖူးတဲ့ အမေရိကန် သံတမန်ကြီးတွေ မြောက်မြားစွာကို မေးဖူးပါတယ်။ အဲဒါကို သူတို့လက်ခံတယ်။ ဆိုတော့ အမေရိကန်အတွက် မြန်မာနိုင်ငံသည် ထိုင်ဝမ်လောက် အရေးမကြီးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်ဝမ်ကို ပိုပြီးတော့ အလေးထားတယ်။ မြန်မာကို ဒီလောက်အလေးမထားပါဘူး။

မေး ။ ။ ဒါဆိုရင် အမေရိကန်က သူ့ကိုယ့်သူ ဒီမိုကရေစီ ပြယုဂ်တခုအဖြစ် မှတ်ယူထားတာပါ။ အဲဒီတော့ ဒီမိုကရေစီ နိုင်ငံတခု ပီပီပြင်ပြင်ဖြစ်အောင်၊ ဘယ်လိုဆက်ပြီးတော့ ဖော်ဆောင်နိုင်ပါမလဲ။ ဘယ်လို ထိန်းထားနိုင်ပါမလဲ။

ဖြေ ။ ။ သူတို့ပြယုဂ် နာမည်ကို ထိန်းထားနိုင်ဖိို့ ကျနော် ပထမဦးဆုံး ပြောခဲ့သလိုပဲ နှစ်ပိုင်း။ အာဏာရှင်စနစ် ဖယ်ရှားရေးမှာ သူတို့က ကိုယ်ထိလက်ရောက် ပါဝင်တာတွေကို သိပ်တက်တက်ကြွကြွ မလုပ်ဘူး။ သူတို့ အကျိုးစီးပွားနဲ့ ချင့်ချိန်းပြီးတော့ ငါတို့ နစ်နာသွားမလားဆိုတာကို တွက်ပြီးတော့ လုပ်မယ်။ သို့သော်လဲ အာဏာရှင်စနစ်ကို နည်းနည်းဖယ်ရှားပြီးတော့ လမ်းအဟလေး ရသွားရင်တော့ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အများကြီးအကူအညီပေးနိုင်ပါတယ်။ ဒါကြောင့်လဲ တချို့ပညာရှင်တွေက အမေရိကန်က အခု စစ်ကောင်စီကို လုံးဝပစ်ပစ်ခါခါ လုပ်ထားမယ့်အစား သူတို့ကို နည်းနည်းလေး လမ်းစပေးပြီးတော့ အဟလေးပြကာ ဖွင့်ပေးလိုက်ပါလား။

နမူနာ ဘာပြသလဲဆိုတော့ အိုဘားမားလက်ထက်တုန်းက အဲဒီလို လုပ်ခဲ့တဲ့အတွက်ကြောင့် ဦးသိန်းစိန်အစိုးရကလည်း နည်းနည်းဟပေးတော့၊ အိုဘားမားက မြန်မာပြည်ကို သူကိုယ်တိုင်သွား၊ ဗြိတိန်ဝန်ကြီးချုပ်တို့လည်း သွားကြပြီးတော့၊ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလုပ်လာတယ်။ နောက်ပြီးတော့ ဒီမိုကရေစီ ဖော်ဆောင်ရေး အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ institutions တွေ ပေါ်ပေါက်လာအောင် စီးပွားရေး၊ ပညာရေး၊ လေ့ကျင့်မှုတွေ အများကြီးပေးလာတယ်။ အဲဒီပုံစံမျိုးနဲ့ လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်ဆိုတော့ အမေရိကန်သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာလည်း အာဏာရှင်စနစ် ဖယ်ရှားရေး၊ ထိပ်တိိုက်ရင်ဆိုင်မှု လုပ်တာထက်၊ အဲဒီလမ်းဖွင့်ပေးတဲ့ နေရာမှာ အခုနပြောသလိို စီးပွားရေး၊ ပညာရေး၊ လူမှုရေးအားဖြင့် ဒီမိုကရေစီ institution တွေ ဖန်တီးပေးတဲ့နေရာမှာတော့ အများကြီး အရေးပါတယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ အမေရိကန်ကြတော့ အခုစစ်ကောင်စီနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူတွေကို အရေးယူဒဏ်ခတ်ပိတ်စို့မှုတွေ လုပ်နေတာပါ။ ဒါက ဘယ်လောက်အထိ ထိရောက်ပါသလဲ။

ဖြေ ။ ။ အဲဒါလည်း controversial အငြင်းပွားစရာလို့ပြောရင် ရပါတယ်။ ပညာရှင် တော်တော်များများက sanction ပိတ်စို့မှုကို အားမပေးပါဘူး။ sanction က မထိရောက်ဘူးလို့ ယူဆကြပါတယ်။ စောစောက အိုဘားမားလက်ထက်မှာ မြန်မာနိုင်ငံမှာ ပွင့်လင်းလက်ခံလာခဲ့တာ sanction ကြောင့် မဟုတ်ပါဘူး။ sanction ကို ဖယ်ပြီးတော့ အဟလေးပြပြီးတော့ သူတို့ ဝင်လိုက်တဲ့သဘောကြောင့် ဆက်ပြီးတော့ ပွင့်လင်းသွားတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ sanction ပေးနေလို့ တချို့က sanction က ပြည်သူလူထုကိုသာ ပိုပြီးတော့ ထိခိုက်နစ်နာတယ်လို့ ပြောကြပါတယ်။ သူတို့က targetted sanction ပြည်သူကို မထိခိုက်အောင် လုပ်တယ်ဆိုပေမဲ့လဲ ချမ်းသာတဲ့လူတွေက ချမ်းသာနေတာပဲ။ အထူးသဖြင့် စစ်တပ်က လူတွေ၊ ခရိုနီတွေ၊ ဗိုလ်ချုပ်တွေ ဘယ်လောက် ချမ်းသာနေကြသလဲ။ သူတို့ကတော့ ချမ်းသာပြီး ချမ်းသာနေမှာပဲ။ ဆိုတော့ အဝတ်ထည်ချုပ် လုပ်ငန်းကလူတွေ၊ အလုပ်လက်မဲ့ ဖြစ်တာတွေ စသည်ဖြင့် အများကြီးဖြစ်လာပါတယ်။ ဒါကြောင့် sanction ထိရောက်တယ်လို့တော့ လူတိုင်းက လက်မခံကြပါဘူး။ ဒါပေမဲ့ တချို့ကလည်း sanction ချရင် အားတက်ကြတယ်။ သို့သော်လဲ လူအများစုကလည်း သူတို့ စိတ်မကောင်းဖြစ်ရတယ်၊ ဖိအားပေးတယ်၊ sanction လုပ်တယ်ဆိုရင် ကျနော်တိို့ဆီက ပရိသတ်တွေလည်း ဟားတိုက်ကြတာကို အများအားဖြင့် တွေ့ရပါတယ်။ sanction ကို သိပ်တော့ အားကိုးလောက်စရာ မဟုတ်ပါဘူး။

မေး ။ ။ အဲဒီတော့ မြန်မာ့အရေးမှာပါ အမေရိကန်က တခြားနိုင်ငံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာကော ရှိပါသလား။ တခြားနိုင်ငံတွေ၊ တခြားအဖွဲ့အစည်းတွေက ဘယ်လောက်အထိ မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးတာ ရှိပါသလဲ။

ဖြေ ။ ။ ဆောင်ရွက်ပေးတယ်။ ဒါပေမဲ့ နိုင်ငံတကာကိုကြည့်ရင် နှစ်ခြမ်းကွဲနေတာကတော့ အဓိက အားနည်းချက်ပါပဲ။ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံတွေ၊ အမေရိကန် ဦးဆောင်ပြီးတော့ ဘယ်လောက်ပဲ အင်တိုက်အားတိုက် လုပ်လုပ်၊ တဘက်မှာ တရုတ်တို့ ရုရှားတို့က စစ်ကောင်စီဘက်နေ လုံးဝပံ့ပိုးပေးနေတော့ ဘယ်လိုမှ မထိခိုက်နိုင်တော့ဘူး။ သူတို့ကို ဟိုဘက်တွန်းပို့သလိုပဲ ဖြစ်မယ်ဆိုတာကိုပဲ အမြဲတမ်းစဉ်းစားနေရတယ်။ အမေရိကန်ကလည်း ဒီဟာကို စဉ်းစားနေမှာပဲ။ ကျန်တဲ့နိုင်ငံတွေကလည်း တရုတ်ရင်ခွင်ထဲ ပိုရောက်သွားမလား။ အိန္ဒိယဆိုရင် အမြဲတမ်းပြောနေတာပဲ - ငါတို့က တွန်းပို့လိုက်ရင် မြန်မာက တရုတ်ဘက်ကို ရောက်သွားမှာ၊ အဲဒါကြောင့် အဲဒီလိုလုပ်ရပါတယ်လို့ ပြောနေကြတာဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာလည်း သူတို့အချင်းချင်း သဘောထား တိုက်ဆိုင်မှု၊ ညီညွှတ်မှု မရှိရင်တော့ ဖြစ်နေမှာပဲ။ ဒီမိုကရေစီကို မြန်မာတင်မက တကမ္ဘာလုံး ထွန်းကားလာရေးကလည်း ဒီနိုင်ငံတွေအားလုံး တညီတညွှတ်တည်းဖြစ်မှဆိုတော့ အဓိကအားဖြင့် ကမ္ဘာ့အင်အားကြီး ပြိုင်ဘက်နိုင်ငံတွေက တဘက်က ဒီမိုကရေစီ၊ ကျန်တဲ့တဘက်က ဒီမိုကရေစီနိုင်ငံတွေ မဟုတ်တော့၊ ဒီမိုကရေစီ ထွန်းကားရေးဟာ နိုင်ငံတကာ အခင်းအကျင်း၊ အခြေအနေ၊ ရေခံမြေခံ သိပ်ပြီးတော့ မကောင်းဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီနေရာမှာ တခုမေးကြည့်ချင်ပါတယ်။ ဒီလို အခင်းအကျင်းမျိုးမှာ မြန်မာနိုင်ငံက ဒီမိုကရေစီ လိုလားသူတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါပါသလဲ။

ဖြေ ။ ။ အရေးကြီးဆုံးပါပဲ။ စောစောက ပြောခဲ့သလို democracy can neither be exported nor imported - ဒီမိုကရေစီက သူများဆီက တင်သွင်းလို့လည်း မရဘူး၊ ဝယ်ယူလို့လည်း မရဘူး။ ကိုယ့်နိုင်ငံတွင်းမှာ ဖန်တီးကြရမယ့် ကိစ္စသာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေက ပိုပြီးစည်းလုံးညီညွှတ်ဖို့ လိုတယ်။ နောက်ပြီး ဒီမိုကရေစီ လိုလားတဲ့စိတ်ဓါတ်တွေ၊ လူတွေ၊ စည်းကမ်း၊ တာဝန်ယူမှု စသည်ဖြင့် အစစအရာရာ ပညာရေး၊ အသိဉာဏ်မြင့်မားအောင် လုပ်ရမယ်။ စည်းလုံးညီညွှတ်မှုရှိဖို့ လိုတယ်။ ကိုယ့်ကျိုးကို ကြည့်ပြီးတော့ ငါ့အကျိုးစီးပွားအတွက်ဆိုပြီး အများအကျိုးကို ပစ်ပယ်ပြီးတော့ လုပ်တဲ့စိတ်ဓါတ်မျိုးကို စွန့်ပစ်ဖို့လိုတယ်။ အဲဒါမျိုးလည်း စုပေါင်းပြီးတော့ ညီညီညာညာ လုပ်ရမှာ ဖြစ်ပါတယ်။ အချိန်ယူပြီး တဖြည်းဖြည်းသွားရမယ့် ကိစ္စလို ထင်ပါတယ်။

မေး ။ ။ မြန်မာ့အရေးမှာ အမေရိကန်ဆီကနေ ထင်သလောက် အကူအညီတွေ မရတော့ဘူးဆိုရင် ဒီမိုကရေစီရေး လိုလားသူတွေအနေနဲ့ ဘာဆက်လုပ်သင့်တယ် ထင်ပါလဲ။

ဖြေ ။ ။ ကိုယ့်ကိုယ်ကို အားကိုးရမှာပေါ့။ အဲဒါက မြန်မာက အမေရိကန်ကို အစကတည်းက အားထားနေလို့မှ မဖြစ်တာ။ သူတို့ကို လုံးလုံးလျားလျား အားထားလို့ မရပါဘူးဆိုတော့ စောစောကပြောသလိုပဲ ကိုယ့်ဘက်က တည်ဆောက်ရမှာပေါ့။ တချိန်ချိန်မှာတော့ အလှည့်အပြောင်း ဖြစ်လာမှာပါ။ အခုလဲပဲ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတယ်။ အလှည့်အပြောင်း ဖြစ်လာတဲ့အခါ ကိုယ်တို့ဘက်က အဆင်သင့်ဖြစ်နေအောင် ညီညီညွှတ်ညွှတ်နဲ့ ဆက်သွားဖို့ပဲ လိုတယ်လို့ ထင်ပါတယ်။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာ။