တိုင်းပြည်ပြိုကွဲနိုင်ခြေ တကယ်ရှိသလား

Your browser doesn’t support HTML5

တရုတ်နယ်စပ်ဖြစ်တဲ့ ရှမ်းမြောက်ဒေသမှာ ညီနောင် (၃) ပါတီရဲ့တိုက်ခိုက်မှုတွေ ဖြစ်နေချိန် စစ်ကောင်စီဟာ "ကာလုံ" အစည်းအဝေးခေါ်ယူပြီး တိုင်းပြည်ပြိုကွဲနိုင်ခြေရှိနေလို့ သူတို့ကို ပြည်သူလူထုထောက်ခံကြဖို့ သမ္မတဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ တိုင်းပြည်ပြိုကွဲနိုင်တဲ့ အခြေအနေ တကယ်ရှိနေပါသလား။

** ပြန်လည်ထုတ်လွှင့် **

တရုတ်နယ်စပ်ဖြစ်တဲ့ ရှမ်းမြောက်ဒေသမှာ ညီနောင် (၃) ပါတီရဲ့တိုက်ခိုက်မှုတွေ ဖြစ်နေချိန် စစ်ကောင်စီဟာ "ကာလုံ" အစည်းအဝေးခေါ်ယူပြီး တိုင်းပြည်ပြိုကွဲနိုင်ခြေရှိနေလို့ သူတို့ကို ပြည်သူလူထုထောက်ခံကြဖို့ သမ္မတဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ တိုင်းပြည်ပြိုကွဲနိုင်တဲ့ အခြေအနေ တကယ်ရှိနေပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင် က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ ဒီတပတ်မှာလည်း အရေးကြီးနေတဲ့ မြန်မာ့အရေးကိုပဲ ဆက်ပြီးတော့ ဆွေးနွေးချင်ပါတယ်။ ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ ယာယီသမ္မတ ဦးမြင့်ဆွေက အခုလို တိုက်ခိိုက်မှုတွေဟာ နိုင်ငံတော်ကို အစိတ်စိတ်အမွှာမွှာ ကွဲသွားစေနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ပြီးတော့ ပြည်သူလူထုအနေနဲ့ တပ်မတော်ကို ထောက်ခံကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒီအပေါ် ဘယ်လိုသဘောရပါသလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ ပထမဦးဆုံး ကာလုံ - ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်တယ်ဆိုကတည်းက တိုင်းပြည်အခြေအနေ သိပ်အရေးကြီးနေလို့ ခေါ်တာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးခေါ်လိုက်ကတည်းက တိုင်းပြည်မှာ အခုဖြစ်နေတာ သိပ်အရေးကြီးနေတာ ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ သမ္မတက တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်တယ်ဆိုတော့ ပိုပြီးတော့ အရေးကြီးတယ်ဆိုတာကို highlight လုပ်ပြတာပေါ့။ ဒါက ဘာကိုပယ်ဖျက်လိုက်လဲဆိုတော့ တချိန်တည်းမှာ စစ်ကောင်စီရဲ့ ပြောခွင့်ရက အရှေ့မြောက်မှာ သူတို့အခေါ် သောင်းကျန်းသူတွေ၊ သူပုန်တွေက နယ်မြေတွေ သိမ်းယူလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့က ပြန်သိမ်းနိုင်ပါတယ်။ ဟိုဘက်ကလူတွေ ဝါဒဖြန့်ခြင်းသာ ဖြစ်ပါတယ်။ သူတို့ဟပေးတဲ့ ဗျူဟာကို ခဏတက်ပြီးတော့ ဝါဒဖြန့်ဖို့အတွက် ဓါတ်ပုံရိုက်သွားတာ ဖြစ်တယ်ဆိုတာတို့။ ဒါတွေဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သမ္မတကိုယ်တိုင်က တိုင်းပြည်အခြေအနေ ပြိုကွဲနိုင်တယ်ဆိုတာကို ဝန်ခံထားပြီဆိုတော့ သိပ်ပေါ်လွှင်သွားပါတယ်။ ဒုတိယတချက်ပြောချင်တာက သမ္မတက တိုင်းပြည်ပြိုကွဲနိုင်တယ်လို့ပြောတယ် - သူတို့အနေနဲ့ စိုးရိမ်တယ်ဆိုတာကို ကောင်းတဲ့လက္ခဏာလို့ ထင်ပါတယ်။ သို့သော်လဲ မပြိုကွဲအောင် သူတို့ကို ထောက်ခံအားပေးကြဆိုတော့ ပြည်သူက သူတို့ကို တကယ်ထောက်ခံမလား။ ပြဿနာဖြစ်လာတာက သူတို့အာဏာသိမ်းတာကို ပြည်သူတွေ မထောက်ခံလို့၊ လမ်းပေါ်ထွက်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။ အဲဒါကို အင်အားနဲ့ နှိပ်ကွပ်တယ်။ ပစ်ခတ်တယ်ဆိုတော့ အဲဒါကြောင့် လက်နက်ကိုင် တော်လှန်ရေးက အင်အားပိုပြီးတော့ ကြီးလာတာ ဖြစ်ပါတယ်ဆိုတော့ သူတို့ကို ထောက်ခံခြင်းအားဖြင့် ဒီကိစ္စ ငြိမ်သက်သွားနိုင်မယ့် အကြောင်းအရာ သိပ်မရှိဘူးလို့ ထင်ပါတယ်။ သူတို့ တကယ်ဖြစ်သင့်တာက peaceful resolution ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို စဉ်းစားရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ပြိုကွဲနိုင်တယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးပမ်းမှာကို ထောက်ခံပါဆိုရင်တော့ ငြိမ်းချမ်းစွာ ဖြေရှင်းရေး ကြွေးကြော်သံနဲ့အတူ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ပြောတယ်ဆိုရင်တော့ ပြည်သူတွေ အများကြီးထောက်ခံမယ်လို့ ထင်ပါတယ်။ ဒါက ကျနော် စဉ်းစားမိတာပါ။

မေး ။ ။ တကယ်တမ်း လက်တွေ့အခြေအနေတွေကို ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ ။ ။ လက်တွေ့အခြေအနေက ဆိုးနေပါတယ်။ အဲဒါကြောင့်လည်း သမ္မတက တိုင်းပြည်ပြိုကွဲတော့မယ်လို့ ပြောတာ။ သူတို့ အသိဆုံးပဲ၊ သူတို့ကိုယ်တိုင် တိုက်နေတဲ့လူတွေဆိုတော့။ အကြမ်းမျဉ်း ကျနော် နားလည်သလောက် ပြောရမယ်ဆိုရင်တော့ သံလွင့်မြစ်အရှေ့ဘက်ကမ်းမှာ တအာင်းတွေ နေခဲ့ကြတယ်။ အခု အရှေ့ဘက်ကမ်းတင်မက အနောက်ဘက်အထိ တိုက်ပွဲတွေ ကျယ်ပြန့်လာပြီဆိုတော့ အဲဒါတွေ အများကြီးတွေ့ရပါတယ်။ သူတို့တွေ အရှေ့မြောက်ဘက်ကို ခြေကုပ်ယူထားနိုင်ပြီ ဖြစ်တယ်။ အခုနောက်ဆုံးသတင်းဆိုရင် ရခိုင်ဘက်မှာလည်း ရဲစခန်းတွေ၊ စစ်ကောင်စီစခန်းတွေကို AA က ဝင်သိမ်းတာတွေ၊ တိုက်ခိုက်တာတွေ ရှိလာတယ်။ အလားတူပါပဲ ချင်းဘက်မှာလည်း ဒီလိုပဲ ဖြစ်နေတယ်။ အိန္ဒိယနယ်စပ်မှာလည်း ဟိုဘက်ကတပ်တွေက ပြန်သိမ်းသွားတာ ဖြစ်တယ်။ နောက် တောင်ပိုင်းမှာလည်း KNPP လွိုင်ကော်ဆိုရင် မြို့ထဲအထိ တိုက်ပွဲတွေ ကျယ်ပြန့်လာပြီဆိုတော့ နိုင်ငံအနှံ့မှာပဲ တော်တော်လေး တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတော့ မှန်ပါတယ် တိုင်းပြည်အခြေအနေ ပြိုကွဲမလားဆိုတာ စစ်ကောင်စီဘက်က စိုးရိမ်သလိုပဲ စိုးရိမ်လောက်တဲ့ အခြေအနေလို့ ပြောရင်ရပါတယ်။

မေး ။ ။ အခုတိုက်နေကြတဲ့ အင်အားစုတွေရဲ့ ရေရှည်ရည်မှန်းချက်က အားလုံးတူညီပါသလား။

ဖြေ ။ ။ အဲဒါက မေးခွန်းထုတ်စရာပဲ။ တကယ်တော့ အခုလောလောဆယ်မှာ သူတို့ရဲ့ လောလောဆယ် ရည်မှန်းချက်ကတော့ စစ်ကောင်စီရဲ့ တပြည်လုံးက တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီ ဖြုတ်ချရေး။ စစ်ကောင်စီ ဆန့်ကျင်ရေး ဖြစ်တယ်။ ဒီအဆင့်မှာတော့ သူတို့ တိုက်ကြမှာပဲ။ ဒီအဆင့်မှာတော့ တူညီကြတယ်။ ဒါပေမဲ့ ဒီအလွန်မှာ ဘာလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ သူတို့အခြေခံတူညီမှုကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်မယ်။ ဒီမိုကရေစီ ပြည်ထောင်စုတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖက်ဒရယ်ဆိုတာ ပုံစံအမျိုးမျိုး ရှိတယ်။ အဓိကတော့ ဗဟိုနဲ့ ပြည်နယ်တွေ၊ ဒေသတွေ ဆိုကြပါစို့။ အဲဒါတွေကို အာဏာဘယ်လို ခွဲဝေကြမလဲ။ Distribution of power ဗဟိုက အများကြီးချုပ်ကိုင်ထားတဲ့ ပုံစံမျိုး Centralized အခုဆိုရင် အများကြီး Centralized ဖြစ်တယ်။ ဗဟိုက အများကြီးချုပ်ကိုင်ပြီးတော့ ဟိုလူတွေက အာဏာဆိုတာ စာရွက်ပေါ်မှာပဲရှိပြီး၊ အာဏာ ဘာမှမရှိဘူး။ ကိုယ့်ဒေသမှာ ရွေးကောက်ပွဲ အနိုင်ရတာတောင် ကိုယ့်အစိုးရ ကိုယ်မဖွဲ့နိုင်တဲ့ အဲဒါမျိုး အစစအရာရာ အများကြီးပြဿနာတွေ ရှိပါတယ်။ ဒီဟာတွေကို ဘယ်လောက် ကြေကြေလည်လည် ညှိနှိုင်းနိုင်ကြမလဲဆိုတာကို အထူးစဉ်းစားစရာ ဖြစ်ပါတယ်။ တကယ်လို့ ညီညွှတ်နိုင်တယ်ဆိိုရင်တော့ ပြောစရာ မရှိပါဘူး။ အဲဒီအခါ ပြည်ထောင်စု ပြိုကွဲစရာ မရှိဘူးလို့ ထင်ပါတယ်။ အခုလောလောဆယ်မှာတော့ အဲဒါကို အတိအကျ ယတိပြတ်ပြောနိုင်ဖို့ ခက်သေးတယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒီဖက်ဒရယ်ရှင်း ဖက်ဒရယ်ပြည်ထောင်စု အဓိပ္ပါယ်ကို ဘယ်လိုဖွင့်ဆိုပါမလဲ။

ဖြေ ။ ။ ဖက်ဒရယ်ဆိုတာ အဲဒါပါပဲ - တိုင်းပြည်ကို ခွဲထားတဲ့ အစိတ်အပိုင်းတွေ။ အဲဒါကို federating units ဖက်ဒရယ်အထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ။ အဲဒီအစိတ်အပိုင်းတွေကို အကုန်လုံး စုပေါင်းပြီးတော့ ဗဟိုအစိိုးရဆီမှာ အချုပ်အခြာအာဏာကို အပ်နှင်းထားတယ်။ အဲဒါကိုတောင်မှ ဗဟိုအစိုးရနဲ့ ဖက်ဒရယ်ယူနစ်တွေကြားမှာ အာဏာကို ခွဲဝေတယ်။ ခွဲဝေတာ အဓိကအားဖြင့် ဖွဲ့စည်းပုံဥပဒေမှာ ခွဲထားတယ်။ များသောအားဖြင့် လုပ်တာကတော့ အမေရိကန်တွေက schedule ဇယားနဲ့ ခွဲထားတယ်။ ဖက်ဒရယ်အစိုးရလက်ထက်မှာ ရှိနေတဲ့ အာဏာတွေဟာ ဘယ်ဟာကိုလုပ်ပါ။ နိုင်ငံခြားဆက်ဆံရေး၊ တိုင်းပြည်ကာကွယ်ရေး၊ စာတိုက်ကြေးနန်းလုပ်ငန်း၊ ဘဏ္ဍာရေး စတာတွေကိုတော့ အဲဒါတွေကြတော့ သူတို့လက်ထဲမှာထားတယ်။ ပြည်နယ်အစိုးရလက်ထဲမှာကြတော့ ဘယ်အာဏာတွေ ထားပါဆိုပြီးတော့ ဇယားတွေ ခွဲပြီးတော့ ဗဟိုကကိုင်တဲ့ အာဏာ၊ ပြည်နယ်တွေ၊ ဖက်ဒရယ်ယူနစ်တွေ ကိုင်ရမယ့်အာဏာဆိုပြီးတော့ ခွဲထားတယ်။ တနိုင်ငံနဲ့ တနိုင်ငံ မတူဘူး။ တချို့မှာကြတော့ ဗဟိုလက်ထဲမှာ နည်းနည်းများတယ်။ ပြည်နယ်လက်ထဲမှာ များတာတွေ ရှိတယ်။ အမျိုးမျိုးခွဲထားတယ်။ ဖက်ဒရယ်ဆိုတာကို အဓိက ပြန်ပြောရရင် ဖက်ဒရယ်ယူနစ်တွေနဲ့ ဗဟိုအစိုးရကြားမှာ အာဏာကို ဖွဲ့စည်းပုံအရ အတိအကျ ခွဲထားတာ ဖြစ်ပါတယ်။ သဘောတူညီထားရတာ။ ဒီအတိုင်း ခွဲဝေကြမယ်ဆိုတာ ဖက်ဒရယ် သဘောပါ။ ဗဟိုချုပ်ကိုင်မှု သိပ်မရှိပါဘူး။

မေး ။ ။ ဒီမှာ တခုသိချင်တာက federation ဖက်ဒရယ် ပြည်ထောင်စုနဲ့ confederation ဘာကွာခြားပါသလဲ။ ရှင်းပြပေးပါ။

ဖြေ ။ ။ တချို့က confederate ဆိုပြီးတော့ လိုချင်ကြတယ်။ မြန်မာပြည်မှာ လောလောဆယ် ကြည့်မယ်ဆိိုရင်တော့ UWSA ဝတပ်ဖွဲ့က ဝပြည်နယ်ဟာ စစ်တပ်လည်း ကိုယ်ပိုင်ရှိတယ်။ မြန်မာနိုင်ငံ အစိုးရရဲ့ အချုပ်အခြာလက်အောက်မှာလည်း အပြည့်အဝ ရှိတယ်လို့ မခေါ်နိုင်ဘူး။ ဆိုတော့ သူတို့အပ်နှင်းချင်တဲ့ အစိတ်တပိုင်းတချို့ကိုပဲ ဗဟိုအစိုးရဆီမှာ အပ်ထားတဲ့သဘော ဖြစ်တယ်။ အဲဒါကိုကြည့်ပြီးတော့ တချို့တိိုင်းရင်းသားတွေက အားကျကြတယ်။ ငါတို့လည်းပဲ ဒီလိုပဲလုပ်မယ်။ သူတို့က လွတ်လပ်ခွင့် အတော်လေး ရှိတယ်။ confederation ကို မပြောပြခင်၊ ဝပြည်ထောင်စုရဲ့ ဒီလို အခြေအနေ ဖြစ်လာတာကို အရင်ပြောချင်တယ်။ ထောက်လှမ်းရေး ဦးခင်ညွှန့်တို့ လက်ထက်တုန်းက စစ်ထောက်လှမ်းရေးတွေနဲ့ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးကိစ္စမှာ 'ဗကပ'နေ ဝ၊ ကိုးကန့်တိို့ ခွဲထွက်လာပြီးတော့ သူတို့တွေကို မြန်မာစစ်ထောက်လှမ်းရေးတွေက စေ့စပ်ပြီးတော့ ခင်များတို့က ခင်များတိို့ဒေသကို ကြိုက်သလိုနေ၊ ကြိုက်တဲ့စီးပွားရေးကိုလုပ်၊ ဗမာပြည်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ မဟာမိတ်မဖွဲ့နဲ့ အဲဒီထဲမပါဝင်နဲ့ ခင်များတို့ဘာသာ သီးခြားနေကြဆိုပြီးတော့ ကြိုက်သလို လုပ်ခွင့်ပေးခဲ့တယ်။ အဲဒီကတည်းကစပြီးတော့ သူတို့တွေက သူတို့လက်နက်နဲ့ သူတို့တပ်နဲ့ မူးယစ်ဆေးတို့ ဘာတို့ ကြိုက်သလိုလုပ်ပြီးတော့ ချမ်းသာကြွယ်ဝလာတဲ့ ဒေသလို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီပုံစံနဲ့ ဝပြည်နယ် ဖြစ်လာခဲ့တာပါ။ ဆိုတော့ အခု confederate လို့ ခေါ်တာကတော့ စောစောကပြောခဲ့တဲ့ ဖက်ဒရယ်ထက် တဆင့်သာတယ်။ ဖက်ဒရယ်မှာကြတော့ ဗဟိုနဲ့ ပြည်နယ်တွေဟာ ဖွဲ့စည်းပုံအရ အာဏာကို အဓိကခွဲဝေထားတယ်။ confederate ကြတော့ လွတ်လပ်တဲ့နိုင်ငံတွေက သူတို့ရဲ့ ဘုံအကျိုးစီးပွားတခုအတွက် စီးပွားရေးအားဖြင့် အင်အားကောင်းအောင်၊ ပြည်ပအန္တရာယ်ကို စုပေါင်းကာကွယ်နိုင်အောင်စတဲ့ ဘုံအကျိုးစီးပွားတခုခုအတွက် ဗဟိုကို အာဏာတွေ လွှဲအပ်ထားတယ်။ သို့သော် သူတို့ဒေသရဲ့ အုပ်ချုပ်ခွင့်ကို အပြည့်အဝ ယူထားတယ်။ ဖက်ဒရယ်မှာလို သိပ်ပြီးတော့ အာဏာခွဲဝေမှုမှာ ဗဟိုနဲ့ဘာနဲ့ ညှိယူတာထက် သူတို့လက်ထဲမှာ အများကြီးထားပြီးတော့ သူတို့ရဲ့ ဘုံအကျိုးစီးပွားနဲ့ ကိုက်ညီမယ့် စောစောကပြောသလို ပြည်ပကာကွယ်ရေးတို့ နိုင်ငံတကာနဲ့ ကုန်သွယ်ရေးတို့ အဲဒီလောက်ကိုပဲ စုစည်းထားတဲ့ အင်မတန် လျော့ရဲသော ဖွဲ့စည်းမှု ဖြစ်ပါတယ်။ အဲဒါကတော့ confederate ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း တိုင်းရင်းသားတချို့က ဝကိုကြည့်ပြီးတော့၊ အဲဒီအဆင့်မျိုး ဖြစ်နေတာပေါ့။ ဗမာစစ်တပ်တောင် ဝပြည်နယ်ထဲ သွားမယ်ဆိုရင်တောင် ခွင့်တောင်းပြီးမှ သွားရတယ်ထင်ပါတယ်။ ဒီအတိုင်း သွားလာလို့ မရဘူး။ အဲဒီလို ပုံစံမျိုးကို အားကျကြတယ်လို့ ထင်ပါတယ်။ ဒါက federation ဖက်ဒရယ် ပြည်ထောင်စုနဲ့ confederation ကွဲခြားချက်ကတော့ အဓိက အဲဒါပါပဲ။

မေး ။ ။ အဲဒီတော့ အခုဖြစ်နေတဲ့ အခြေအနေတွေမှာ ပြည်ပနိုင်ငံတွေက ဝင်ရောက်နိုင်ခြေ၊ အထူးသဖြင့် တရုတ်နိုင်ငံအနေနဲ့ ဝင်ရောက်လာနိုင်ခြေ ရှိပါသလား။ ဘယ်လို သုံးသပ်နိုင်ပါသလဲ။

ဖြေ ။ ။ သိပ်ရှိပါတယ်။ တရုတ်က သိပ်အရေးကြီးတယ်။ အခုကတည်းက ဝင်ရောက်နေပြီပဲ။ ကိုးကန့်နဲ့ သုံးပါတီ မဟာမိတ်က စပြီးတော့ တိုက်လာနိုင်တာ တရုတ်က မီးစိမ်းပြလို့ဆိုတာ တဖြည်းဖြည်း အထောက်အထားတွေ ပေါ်လွှင်လာပြီ ဖြစ်ပါတယ်။ သူတို့တွေရဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေ ဖြစ်လာတဲ့အခါမှာ တရုတ်ပြည် နစ်နာတယ်။ စီးပွားရေးအရလည်း ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ နစ်နာတယ်။ အစကတည်းကလည်း တရုတ်က ဒီကိစ္စကို ကျွမ်းကျင်သူတွေ သုံးသပ်ချက်အရ တရုတ်က နည်းနည်းလစ်လျူရှုထားခဲ့ဟန်တူတယ်။ သို့သော်လည်း နောက်ပိုင်းမှာ သူတို့နိုင်ငံ နစ်နာလာတယ်။ သူတို့လူမျိုး နစ်နာလာတယ်။ သူတို့ပြည်သူတွေ ဆန့်ကျင်လာတယ်။ ကမ္ဘာမှာလည်း ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံဖြစ်အောင် ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံအတွက် ပိုပြီးတော့ သိက္ခာကျဆင်းလာတော့ ဒါကို အဓိကနှိမ်နင်းမယ်ဆိုပြီးတော့ လုပ်တယ်။ လုပ်တဲ့အခါမှာ စစ်ကောင်စီက ပြတ်ပြတ်သားသား မနှိမ်နင်းဘူး။ အဲဒီကိစ္စကို လုပ်နေတဲ့အထဲမှာ သူတို့ခန့်ထားတဲ့ လူတွေက အဓိကပါဝင်နေတယ်ဆိုပြီးတော့ တချို့က ထောက်ပြကြပါတယ်။ အဲဒါကြောင့် တရုတ်က မင်းတို့ပြောမရဘူးလား ဆိုပြီးတော့ ဒီကိစ္စကို လွှတ်ပေးလိုက်တဲ့အခါမှာ သုံးနိုင်ငံ မဟာမိတ်က အင်အားကောင်းလာတယ်။ အခုနောက်ဆုံးကြားတဲ့သတင်းဆိုရင် တချို့သတင်းဌာနတွေက အတည်ပြုပြီး ရေးထားပါတယ်။ သိပ်ကျယ်ပြန့်တဲ့ လောက်ကိုင်မြို့ထဲကိုတောင် တရုတ် အထူးတပ်ဖွဲ့တွေက ကိုယ်တိုင်ဝင်ရောက်ပြီးတော့ ဒီကိစ္စကို နှိမ်နင်းဖို့ လုပ်နေပြီ။ သို့သော်လည်း တရုတ်က မြန်မာနိုင်ငံဟာ ပြည်ထောင်စု ပြိုကွဲပြီးတော့ ဖရိုဖရဲ ဖြစ်တဲ့အထိ လုပ်လိမ့်မယ် မဟုတ်ဘူးလို့ အခိုင်အမာ သုံးသပ်တဲ့လူတွေလည်း ရှိပါတယ်။ Bertil Lintner လို ကျွမ်းကျင်တဲ့ သတင်းစာဆရာကြီးတွေက။ မြန်မာနိုင်ငံက သိပ်ပြီးတော့ ဒီမိုကရေစီ စစ်မှန်ပြီးတော့ ဖက်ဒရယ်စစ်စစ် ဖြစ်သွားရင်လည်း တရုတ်က ထင်တိုင်းလုပ်လို့ရမှာ မဟုတ်တော့ဘူး။ နောက်ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပုံစံမျိုး ဆိုတာလည်း တရုတ်က လိုလားချင်မှ လိုလားမယ်လို့ ပြောကြတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ကိုယ်တိုင်က အဲဒီလို တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာရှိတာ မဟုတ်ဘူး။ ဗဟိုက အဓိကချုပ်ကိုင်ထားတာ ဖြစ်တယ်။ အဲဒီအကြောင်းတွေကြောင့် တရုတ်က မြန်မာနိုင်ငံကို သိပ်ခိုင်ခိုင်မာမာကြီးလည်း မဖြစ်စေချင်ဘူး။ လုံးဝဖရိုဖရဲလည်း မဖြစ်စေချင်ဘူး။ ပြိုကွဲတာလည်း မဖြစ်စေချင်ဘူး။ သို့သော်လဲ မညီမညွှတ်ဖြစ်အောင် တရုတ်က ကြားဝင်ကစားနေမယ်။ သူတို့ အကျိုးစီးပွားအတွက်လို့ သုံးသပ်ကြပါတယ်။

မေး ။ ။ တရုတ်ကတော့ အိမ်နီးချင်းပေါ့။ ဒီနေရာမှာ ဒီကိစ္စမှာ တခြားအမေရိကန်တို့ တခြားနိုင်ငံတွေကကော ဘယ်လိုသဘောရှိပါသလဲ။

ဖြေ ။ ။ တရုတ်က ဝင်လာရင်တော့ အမေရိကန်က တရုတ်ကို အမြဲစောင့်ကြည့်နေတာပါပဲ။ အခုတောင်မှ တရုတ်က အဲဒီလိုလုပ်လာတယ်ဆိုရင် အမေရိကန်ကလည်း သူ့အကျိုးစီးပွားလည်း ကာကွယ်ရမယ်။ မြန်မာနိုင်ငံကို တရုတ် လုံးလုံးအုပ်စိုးသွားမယ့် အဖြစ်မျိုး မလိုချင်ဘူး။ ဒါက အာရှ-ပစ္စိဖိတ်ဒေသရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ မြန်မာနိုင်ငံဟာ တရုတ်ဘက်ကို လုံးဝပါသွားမှာကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လုံးဝမလိုလားပါဘူး။ ဒီဟာကို ထိန်းညှိမှာပဲ။ အခုပဲ သူတို့ကို စဉ်းစားကြည့်နေကြတယ် တရုတ်က တိုင်းပြည်ထဲမှာ တိုင်းရင်းသားအင်အားစုတွေပေါ် သြဇာပိုမိုပြီးတော့ ဖြန့်လာတယ်။ ဆိုတော့ NUG ကလည်း တဘက်မှာ အမေရိကန်နဲ့ ဆက်ဆံရေး သိပ်ကောင်းနေတယ်။ ဒီမှာ ရုံးတွေ ရှိနေပေမယ့်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ငါတို့ အားပေးတယ်။ ဘာညာဆိုတော့ တရုတ်နဲ့ ရည်မှန်းချက် သိပ်မကွဲဘူး။ တိိုင်းပြည်ကို ဒီလိုဖြစ်စေချင်တယ်။ ဆိုတော့ စစ်ကောင်စီကို တိုက်နေတဲ့ အဖွဲ့တွေကို တရုတ်က မီးစိမ်းပြလိုက်တာကို NUG က ကန့်ကွက်စရာ မရှိဘူး။ ဒါကို အမေရိကန်ဘက်က စိုးရိမ်တယ်။ တချို့ အမေရိကန်သုတေသီတွေ မြန်မာပြည်အကြောင်း အတွေ့အကြုံရှိတဲ့လူတွေ ရေးတာကို တွေ့ပါတယ်။ ဒါကို အဓိကထား စဉ်းစားရမယ်။ တရုတ်သြဇာ မလွှမ်းမိုးလာအောင် ငါတို့ ဘယ်လိုလုပ်ရမလဲ။ ဒီတိုင်းရင်းသား အင်အားစုတွေကို ချဉ်းကပ်ရမယ်။ NUG ကို ပိုပြီးတော့ ချဉ်းကပ်ရမယ် စသည်ဖြင့် ပြောနေကြတာတွေ တွေ့ရပါတယ်။ ဒါဟာ အမေရိကန်အတွက် အဓိကကိစ္စ ဖြစ်ပါတယ်။ ထို့နည်းတူစွာပဲ အာဆီယံဆိုလည်း ဒီကိစ္စကို အကြီးအကျယ် သတိထားပြီး စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နယ်စပ်ချင်းကပ်နေတဲ့ ထိုင်းနိုင်ငံကတော့ သူတို့ဆီမှာ အကျိုးသက်ရောက်မှု ရှိလာမလဲ။ နောက်ပြီးတော့ ရွှေကုက္ကိုလ်တို့ဘာတို့ဆို မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး နယ်စပ်မှာ ဖြစ်နေတယ်ဆိုရင် ထိုင်းအတွက်လည်း အထူးသတိထားစောင့်ကြည့်မယ့် အခြေအနေ ဖြစ်ပါတယ်။ အိန္ဒိယကလည်း အလားတူစွာပါပဲ စောင့်ကြည့်ပါလိမ့်မယ်။ အထူးသဖြင့် ရခိုင်ဘက်ကို စစ်မျက်နှာပြန့်လာတယ်ဆိုရင်တော့ သူတို့တွေလည်း အထူးစောင့်ကြည့်ရမယ် ဖြစ်တယ်လို့ ထင်ပါတယ်။