BRICS ထိပ်သီး ဘယ်လောက်အရေးကြီး

မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ အောက်တိုဘာလ ၃၀၊ ၂၀၂၄)

အမေရိကန်နဲ့ မဟာမိတ်တွေ အထီးကျန် ဖြစ်စေချင်နေတဲ့ ရုရှားနိုင်ငံမှာ အောက်တိုဘာလကုန်ပိုင်းက ကျင်းပခဲ့တဲ့ BRICS ထိပ်သီးစည်းဝေးပွဲက ဘာတွေထူးခြားမှုရှိခဲ့ပါလဲ။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါသလဲ။ မြန်မာရောအဖွဲ့ဝင် ဖြစ်လာနိုင်ပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ အောက်တိုဘာ ၂၂ ကနေ ၂၄ ထိ ရုရှားမှာ ကျင်းပခဲ့တဲ့ BRICS မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲဟာ ဘာတွေထူးခြားပါလဲ။ ဘယ်လောက်ထိ အရေးပါပါသလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ ပထမဦးဆုံး ထူးခြားမှုတစ်ခုကတော့ ရုရှားနိုင်ငံအတွက် အင်မတန် လက်မထောင်နိုင်တဲ့ပွဲလို့ ပြောရမှာ ဖြစ်ပါတယ်။ သူ လက်ခံကျင်းပနိုင်တဲ့ ကြီးမားတဲ့ နိုင်ငံတကာညီလာခံကြီးတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၁ မှာ ယူကရိန်းကို စပြီးစစ်တိုက်ပြီးထဲက ကျင်းပနိုင်တဲ့ အစည်းအဝေးပေါ့လေ။ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကတော့ ယူကရိန်းစစ်ကြောင့် ရုရှားကို အထီးကျန်ဖြစ်အောင်၊ အပယ်ခံနိုင်ငံဖြစ်အောင် ဆိုပြီးတော့ သူတို့ တွန်းပြီးတော့ လုပ်နေကြတာ။ ရုရှားက ဒီပွဲလုပ်ပြီး လက်မထောင်ပြတာက ငါက အထီးကျန် မဟုတ်ဘူးဆိုပြီးတော့ ပြသနိုင်တဲ့ပွဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီဟာ အရေးပါတာကလည်း ဒီမှာ တက်ရောက်လာတဲ့ နိုင်ငံတွေရဲ့ ကိုယ်စားပြုတဲ့ ကမ္ဘာ့လူဦးရေကို ကြည့်မယ်ဆိုရင် ၄၀ ရာခိုင်နှုန်းကျော်ကျော်လောက်ကို ကိုယ်စားပြုထားတာ ဖြစ်တယ်။ အနောက်နိုင်ငံတွေ ကိုယ်စားပြုတာ ဒီလောက် မရှိပါဘူး။ အနောက်နိုင်ငံတွေ ကိုယ်စားပြုတာ အကုန်လုံးပေါင်းလိုက်မှာ ၂၀ ကျော် ရာခိုင်နှုန်းလောက်သာ ရှိတယ်ဆိုတော့ သူတို့ဟာ ကမ္ဘာရဲ့ လူများစုကို ကိုယ်စားပြုတဲ့ နိုင်ငံတွေလည်း ဖြစ်တယ်။ နောက်ပြီးတော့ ကမ္ဘာနေရာဒေသအသီးသီးကပါတဲ့ အဖွဲ့အစည်းလည်း ဖြစ်တဲ့အတွက်ကြောင့် သူတို့က ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တဲ့ ကမ္ဘာ့ညီလာခံတရပ် ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီအဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်ပါမလဲ။ အစတုန်းက သူက ၅ နိုင်ငံနဲ့စပြီးတော့ ဖွဲ့ခဲ့ရာကနေ အခုနောက်ပိုင်းမှာ နိုင်ငံသစ်တွေကလည်း အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားလာကြတယ်ဆိုတော့ ဘာအကျိုးရှိပါသလဲ။

ဖြေ ။ ။ အဓိကကတော့ သူတို့ဟာ G7 ကို စီးပွားရေးအားဖြင့် ပြိုင်ဖို့ပါပဲ။ ရှင်းရှင်းပြောရရင်တော့ G7 လို့ခေါ်တဲ့ အဖွဲ့မှာ ဥရောပ (၄) နိုင်ငံရှိမယ်။ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ ရှိမယ်။ နောက် အမေရိက (၂) နိုင်ငံ အမေရိကန်ပြည်ထောင်စုရယ်၊ ကနေဒါရယ်။ နောက်အာရှက ဂျပန်ပါမယ်။ ဒီထိပ်သီး (၇) နိုင်ငံက ပြောထားတာက G7 ရဲ့ ရည်ရွယ်ချက်က ကမ္ဘာရဲ့ စီးပွားရေးနဲ့ ငွေကြေးစနစ်ကို သူတို့က ချုပ်ကိုင်ချယ်လှယ်ဖို့အတွက် အဓိကထားကြတာ ဖြစ်တယ်။ သူတို့ရဲ့ ချုပ်ကိုင်ချယ်လှယ်မှု့ကို မခံချင်ကြဘူး။ ကျန်တဲ့ BRIC စဖွဲ့တဲ့ လေးနိုင်ငံ ဘရာဇီး၊ ရုရှား၊ တရုတ်၊ အိန္ဒိယ။ နောက်ပြီးတော့ တောင်အာဖရိက ပါလာတယ်။ မူလ ၂၀၀၉ မှာ ဖွဲ့တုန်းကတော့ (၄) နိုင်ငံ။ ၂၀၂၁ မှာထင်တယ် တောင်အာဖရိက ပါလာတော့၊ စပြီး ၅ နိုင်ငံ BRIC ကနေ BRICS ဆိုပြီးတော့ S တစ်ခုတိုးလာတာပေါ့လေ။ သူတို့က G7 နိုင်ငံတွေရဲ့ စီးပွားရေး၊ ငွေကြေးစနစ် ချယ်လှယ်တာကို မခံချင်ဘူး။ အဲ့ဒါကြောင့် သူတို့က သီးခြားလွတ်လပ်တဲ့ စီးပွားရေးဇုန် တည်ထောင်ဖို့ ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ နောက်နိုင်ငံတွေလည်း ပါဝင်လာတယ်။ အခုဆိုရင် ပါဝင်လာတဲ့ နိုင်ငံတွေထဲမှာ အခုတက်တဲ့ထဲမှာဆိုရင် ဘယ်သူတွေ တက်လာလဲဆိုတော့ အီဂျစ်တို့ တက်လာတယ်။ နောက်ပြီး ဆော်ဒီအာရေးဗီးရား အဖွဲ့ဝင်တော့ မဖြစ်သေးဘူး။ တက်လာတယ်။ UAE တက်လာတယ်။ နောက်ပြီးတော့ အီရန် တက်လာတယ်။ အဲ့ဒီလိုနိုင်ငံတွေ တိုးလာတယ်။ ဒါ့အပြင် သမ္မတပူတင်က ပြောသေးတယ်။ အဖွဲ့ဝင် ဖြစ်ချင်တဲ့ နိုင်ငံပေါင်း (၃၀) လောက် ငါတို့ဆီမှာ လျှောက်ထားတာ ရှိတယ်။ အခုနက G7 ရဲ့ စီးပွားရေး ကြီးစိုးမှု့ကို မခံချင်တဲ့ နိုင်ငံတွေအားလုံးက ဒီမှာ စီးပွားရေးအားဖြင့် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့သဘောနဲ့ သူတို့ မျှော်လင့်ချက်နဲ့ ဝင်လာကြတာ ဖြစ်ပါတယ်။ ဆိုတော့ ဆက်လတ်ပြီးတော့လည်း ကျယ်ပြန့်လာမယ့် သဘောလည်း ရှိပါတယ်။ သူတို့ တကယ်လုပ်နိုင်ရင်ပေါ့လေ။

မေး ။ ။ ဒီထိပ်သီးဆွေးနွေးပွဲမှာ တကယ်တော့ ရုရှားကနေ တိုက်နေတဲ့ ယူကရိန်းစစ်ကို အောင်နိုင်ရေးအတွက် ပံ့ပိုးတာ၊ ထောက်ခံတာတွေ ရှိလား။ တစုံတရာ ပြဿနာ သဘောထား ကွဲလွဲတာတွေရော ရှိပါလား။

ဖြေ ။ ။ သဘောထား မကွဲလွဲဘူး။ ဒါပေမဲ့ ပြဿနာလည်း မဖြစ်ဘူး။ သို့သော်လည်းပဲ ကိုယ့်သဘောထားနဲ့ကိုယ် အထူးသဖြင့် ယူကရိန်းစစ်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေက သူတို့ရဲ့ မတူညီတာတွေပေါ့။ အဲ့ဒီလို မဖြစ်သင့်ဘူး။ စစ်ရေးနဲ့ အနိုင်ယူလိုက်ရမယ် ဆိုတာကိုတော့ ဘယ်သူမှ ‌ထောက်ခံပြီး ပြောတာတော့ မကြားရပါဘူး။ ရုရှားကတော့ ထောက်ခံကောင်း ထောက်ခံမှာပေါ့။ ကျန်တဲ့နိုင်ငံတွေကတော့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ပဲ။ အဓိကအရေးပါတဲ့ တရုတ်နဲ့ အိန္ဒိယဆိုရင် တရုတ်ကလည်း သူတို့ နိုင်ငံတကာမှာ ကမ္ဘာမှာလည်း စေ့စပ်တာနဲ့ ဖြစ်ချင်တယ်။ ဂုတ်သိက္ခာလည်း မြှင့်တင်ချင်တယ်။ သူက အီရန်နဲ့ ဆော်ဒီအာရေးဗီးယားကို စေ့စပ်ပေးခဲ့တယ် ဆိုပြီးတော့ ဂုဏ်ယူချင်တဲ့ နိုင်ငံဆိုတော့၊ ယူကရိန်းစစ်ပွဲကိုလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ အိန္ဒိယကလည်း နှစ်ဘက်လုံးနဲ့ ကောင်းမွန်စွာ ဆက်ဆံပြီး၊ အဲ့ဒီလို ဖြစ်စေချင်တဲ့ နိုင်ငံဆိုတော့ သမ္မတပူတင်က ယူကရိန်းစစ်ပွဲမှာ သူ့ကို ထောက်ခံဖို့ လိုချင်သည့်တိုင်အောင် ဒီပွဲမှာတော့ သူထောက်ခံမှု မရပါဘူး။ သို့ပေမဲ့ ယူကရိန်းစစ်ပွဲကို မထောက်ခံလည်း ပူတင်အတွက်ကတော့ အခုနကပြောခဲ့သလို အမြတ်ထွက်ပြီးသား ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တခြားကိစ္စတွေကတော့ သူတို့ အငြင်းပွားတာ မရှိပါဘူး။

ပြဿနာတက်တာက ကုလသမ္မဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် လာတက်တယ်။ လာတက်တော့ သူက ပူတင်တို့နဲ့ လက်ဆွဲနှုတ်ဆက်ပြီးနေတာကို အနောက်နိုင်ငံတွေက အများကြီးဝေဖန်ကြတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဆိုရင် ဒီလူဟာ ငါတို့ ဂျနီဗာမှာလုပ်တဲ့ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကြ မတက်ဘဲနဲ့ ဘာလို့ ဒီလူက ရုရှားလုပ်တဲ့ပွဲကို သွားတက်ပြီးတော့ ဖက်လဲတကင်း လုပ်နေရသလဲဆိုပြီးတော့ ပြောတယ်။ ဒါပေမဲ့ အန်တိုနီရို ဂူတာရက်စ် ပြောတာက ဘက်လိုက်ပြောတာ မဟုတ်ပါဘူး။ ယူကရိန်းစစ်ပွဲကို Just Peace ပေါ့လေ။ ငြိမ်းချမ်းပြီး တရားမျှတသော ငြိမ်းချမ်းရေး ဖြစ်စေရမယ်။ UN ရဲ့ Rule အတိုင်း ဖြစ်ရမယ်ဆိုပြီး အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။ သူ့ဘက်ကတော့ ပြောမှာပေါ့ စောစောက ပြောခဲ့သလို ကမ္ဘာ့လူဦးရေ အများစုကို ကိုယ်စားပြုတဲ့ပွဲ ဆင်းရဲသားနိုင်ငံတွေလည်း ပါတယ်၊ ချမ်းသာတာလည်း ပါတယ်။ အကုန်လုံးပါတယ်ဆိုတော့ သူတက်တာ ပိုပြီးမျှတတယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒီဆွေးနွေးပွဲမှာ နောက်တစ်ခုက BRICS နိုင်ငံတွေက အမေရိကန်ဒေါ်လာကို အစားထိုးနိုင်တဲ့ ငွေကြေးတရပ်ပေါ့။ အဲဒီလို ငွေကြေးအသစ်တစ်ခုကို ဆက်ပြီးတော့ လုပ်နိုင်ဖို့ ဆွေးနွေးဖို့သဘောကို တွေ့ရပါတယ်။ အဲဒီအပေါ်မှာကော ဒါဟာ ကမ္ဘာ့စီးပွားရေးကို ဘယ်လို ရိုက်ခတ်နိုင်လဲ။

ဖြေ ။ ။ အဲဒါက အဓိက ရည်ရွယ်ချက်ထဲမှာ ပါပါတယ်။ အခုက အမေရိကန်ဒေါ်လာကို Base လုပ်ပြီးတော့ အခြေခံပြီးတော့ အကုန်လုံး လဲလှယ်နေရတယ်။ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ဆင်းရဲတဲ့နိုင်ငံက ထွက်ကုန်တွေ တန်ဖိုးရှိတဲ့ဟာတွေ ထွက်လာတယ်။ ဥပမာ အာဂျင်တီးနားနိုင်ငံတို့ ဘာတို့က ဝိုင်တို့ဘာတို့ အခြားဟာတွေ ထွက်တယ်။ ထွက်တဲ့တန်ဖိုးရှိတဲ့ ကုန်ပစ္စည်း၊ လူလုပ်အားနဲ့ ထွက်လာတဲ့ သဘာဝကုန်ပစ္စည်းတွေကို ပေးရပြီးတော့ အမေရိကန်ရဲ့ စက္ကူပေါ့လေ ‌ဒေါ်လာဆိုတဲ့ ငွေကြေးရတာကို စုပြီးတော့ လုပ်ရတဲ့စနစ်ကို သူတို့ မကြိုက်ကြပါဘူး။ အဲ့ဒါကြောင့် သူတို့က BRICS currency တစ်ခုကို တည်ထွင်ဖို့ဆိုတာ သူတို့ အဓိကရည်မှန်းချက်ဖြစ်ပြီး ဦးတည်ပါတယ်။ အခုလောလောဆယ်မှာတော့ Grain Exchange ပေါ့။ ထွက်ကုန်ထွက်ကုန်ခြင်း Barter System မျိုး။ နောက်ပြီးတော့ Cross Broder Exchange လုပ်ဖို့အတွက် ငွေကြေးအပေးအယူ လုပ်ဖို့ကိုလည်း အဲဒီပုံစံမျိုးကိုလည်း သူတို့ သဘောတူကြပါတယ်။ ဒေါ်လာရဲ့ လွှမ်းမိုးမှု့ကို သူတို့ ရှောင်ရှားပြီးတော့ သူတို့ လုပ်ဖို့ပါ ။ တရုတ်ကလည်းပဲ အစထဲက တကယ်တော့ တရုတ်က ကမ္ဘာမှာ အမေရိကန်ကို ပြိုင်လာတော့ ယွမ်ကို ဒေါ်လာအစားထိုးဖို့ ကမ္ဘာ့ငွေကြေးအဖြစ် သုံးဖို့၊ တရုတ်က သိပ်လုပ်ချင်နေတာ။ တရုတ်ရဲ့ စီးပွားက သိပ်အင်အားကြီးပါတယ်။ စီးပွားရေးကို အကြမ်းဖျင်းနှိုင်းယှဥ်မယ်ဆိုရင် အခု ရုရှားရဲ့ စီးပွားရေး၊ ရုရှားအပေါ် မှီခိုနေတဲ့ နိုင်ငံတွေလည်း တရုတ်ဘက်ကို ပါလာမယ့်သဘော ရှိတယ်။ ငွေကြေးအားဖြင့်။ ရုရှားရဲ့ ဒီ GDP က Two Trillions လောက်ပဲ ရှိတယ်လို့ Reports တွေထဲမှာ တွေ့တယ်။ အမေရိကန်က ဘယ်လောက် ရှိလဲဆိုတော့ 22 Trillions လောက် ရှိတယ်။ တရုတ်က 19 Trillions ရှိတယ်။ ဆိုတော့ တချို့က ဒီဆယ်စုနှစ်အကုန်မှာ တရုတ်က အမေရိကန်ကိုတောင် ကျော်တက်သွားမယ်ဆိုပြီးတော့ ပြောလာကြတယ်။ အဲဒါကြောင့် တရုတ်က အဲဒါကို မျှော်မှန်းပြီး၊ ယွမ်ကို ဒေါ်လာနေရာမှာ အစားထိုးဖို့ထိ တရုတ်က ကြံစည်ထားတာ ဖြစ်ပါတယ်။ အခုလောလောဆယ်ကတော့ အဲ့ဒါကိုတော့ မပြောကြပါဘူး။ BRICS အတွက် သီးခြား Currency တစ်ခု တည်ထွင်ဖို့အတွက်ကိုတော့ သူတို့ ဆွေးနွေးကြပါတယ်။ ဒါဟာ အဓိကထားပြီး သူတို့ ဦးတည်နေကြတာပေါ့လေ။ ‌ဒေါ်လာရဲ့ လွှမ်းမိုးမှု့ကို မခံချင်ဘူးဆိုတာ။ BRICS ရဲ့ ရည်ရွယ်ချက်ထဲမှာကို သူက မူလရည်ရွယ်ချက်ထဲမှာကိုပါတဲ့ ရည်ရွယ်ချက်တစ်ခု ဖြစ်ပါတယ်။ အချိန်နဲ့အမျှ တိုးတက်မှု့ရှိလာလိမ့်မယ်လို့ ယူဆရပါတယ်။

မေး ။ ။ အဲဒီတော့ ဒီအဖွဲ့က ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ဘယ်လောက်ထိ ရိုက်ခတ်လာ
နိုင်ပါသလဲ။ စစ်ရေးခေတ်ကာလလို ပဋိပက္ခတွေ ဖြစ်လာနိုင်လား။

ဖြေ ။ ။ အဲဒီလိုတော့ ဖြစ်လာနိုင်စရာ မရှိဘူး။ စစ်ရေးခေတ်ကာလက နှစ်ဖွဲ့ရှိတာပေါ့လေ။ ဆိုဖီယက်ဘက်ကိုပါတဲ့ ကွန်မြူနစ်နိုင်ငံတွေ ရှိတယ်။ အမေရိကန်ဘက်ကိုပါတဲ့ အရင်းရှင်နိုင်ငံတွေ ရှိတယ်။ အဲဒီကြားမှာ အိန္ဒိယ၊ တရုတ်တို့ ဦးဆောင်တဲ့ Non-aligned countries တွေ ဗမာလည်း ပါခဲ့တယ်။ ဦးနုလက်ထက်က။ ဘက်မလိုက်နိုင်ငံဆိုပြီး ရှိတယ်။ အခုကြတော့ ဒီဟာ အဲဒီအုပ်စု ဖွဲ့တာကိုလည်း လက်မခံဘူး။ ဘက်မလိုက်လည်း မဟုတ်ဘူး။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar ပြောတဲ့ထဲမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တော့ ဘာပြောလဲဆိုတော့ သူတို့ရဲ့မူက Non-aligned မဟုတ်ဘူး။ Multi-alignment ပေါ့လေ။ ဘက်စုံအကုန်လုံးနဲ့ ဆက်ဆံမယ်၊ Role မခွဲဘူး။ အဓိကအားဖြင့် နိုင်ငံရေးအားဖြင့် အင်အားစုတစ်ခု ဖြစ်ဖို့အတွက်ကတော့ သူတို့ မရည်ရွယ်ပါဘူး။ စီးပွားရေးအားဖြင့် ဘယ်သူနဲ့မဆို ထိတွေ့ဆက်ဆံလိုတဲ့ နိုင်ငံတွေသာ ဖြစ်ပါတယ်။ အိန္ဒိယက အမေရိကန်နဲ့လည်း ဆက်ဆံတာပဲ။ ရုရှားနဲ့လည်း ဆက်ဆံတာပဲ။ အထူးသဖြင့် သူတို့ နိုင်ငံတွေ။ ကျန်တဲ့နိုင်ငံတွေလည်း ထိုနည်းလည်းကောင်း သဘောထားရှိတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဘယ်သူနဲ့ မဆက်ဆံဘူးဆိုပြီးတော့ နိုင်ငံရေး အခင်းအကျင်းနဲ့ ဖြစ်လာမှာတော့ မဟုတ်ဘူး။ သို့သော်လည်းပဲ အမေရိကန် တရုတ် ပြိုင်ဆိုင်မှုကတော့ အများကြီး ပိုပြီးပြင်းထန်လာတယ်။ အမေရိကန်က တရုတ်ကို သူတို့က စီးပွားရေးအားဖြင့် ကျော်တက်မှာကို အဓိက ဒါကိုထားပြီးတော့ သူတို့ တိုက်နေတယ်။ တရုတ်ကိုပိတ်ဆိုဖို့ လုပ်နေတာ။ ဆိုတော့ အဲ့ကိစ္စမှာ ပြိုင်ဆိုင်မှု့ကတော့ ပိုပြီးများလာမယ်ပေါ့လေ။ ဒါပေမယ့် ရန်ဖြစ်တဲ့အဆင့်တော့ မရောက်ဘူး။ သူတို့က အမြဲတမ်းပြောကြတယ်။ ပြိုင်ဘက်တော့ ဖြစ်တယ်။ ဒါပေမဲ့ ငါတို့ရန်သူ မဟုတ်ဘူးလို့တော့ ပြောကြတာဘဲ။ ဆိုတော့ အဲဒီအတိုင်းတော့ အရှိန်ပိုမြင့်လာတယ်လို့ ပြောလို့ ရပါတယ်။ ရန်သူဖြစ်တဲ့အဆင့်ထိတော့ ရောက်လိမ့်မယ်လို့ မယူဆရပါဘူး။

မေး ။ ။ အဲဒီတော့ အခု မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မေးချင်တာကတော့ BRICS မဟာမိတ်အဖွဲ့မှာ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ပါသလား။ အကယ်၍ ဖြစ်လာမယ်ဆိုရင် ကောင်းကျိုးက ဘာတွေ ဖြစ်နိုင်လဲ၊ ဆိုးကျိုးက ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ ပထမဦးဆုံး ပြောချင်တာက မြန်မာပြည်က စစ်ကောင်စီက သိပ်ကို အဖွဲဝင် ဖြစ်ချင်ပါတယ်။ သူတို့ စူးစမ်းတယ်၊ သူတို့က လေ့လာတယ်ဆိုတာတွေ အများကြီး သိရပါတယ်။ ဒါပေမဲ့ ဖြစ်လာမလား ဖြစ်လာရင်တော့ သူတို့အတွက် ထွက်ပေါက်ရတာပေါ့.။ သူတို့လည်းပဲ အပယ်ခံနိုင်ငံလို့ သတ်မှတ်ထားခံရတဲ့ နိုင်ငံဆိုတော့။ အခု တရုတ်က သူတို့ကို နည်းနည်းအသိအမှတ် ပြုလာပြီဆိုတော့ နည်းနည်း ကျေကျေနပ်နပ် ဖြစ်တယ်။ အာဆီယံက အသိအမှတ် မပြုဘူး - အိမ်နီးချင်းတွေက။ ရုရှားကလည်း အသိအမှတ် မပြုဘူး။ ရုရှားကို သုံးသပ်သူတွေက မြန်မာနိုင်ငံစစ်ကောင်စီကို လက်နက်ဝယ်တဲ့ ဖောက်သည်လောက်ပဲ သဘောထားတယ်လို့ ပြောကြပါတယ်။ BRICS အဖွဲ့ထဲကို ဝင်ခွင့်ရရင်တော့ သူဟာ လက်မထောင်နိုင်တာပေါ့။ ရုရှားထက် ငါတို့ ပိုပြီးထိရောက် BRICS အဖွဲ့ဝင် ဖြစ်ပြီး နောက်ပြီး စီပွားရေးအားဖြင့်လည်း ဒေါ်လာကိစ္စကြောင့် အထိနာတာတွေ ရှိတယ်။ အဲဒါတွေကို ပတ်ရှောင်ပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ သို့ပေမဲ့ မြန်မာနိုင်ငံစစ်ကောင်စီအဖွဲ့ဝင် ဖြစ်လာနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော် တစ်ခုတွေးမိတာက ပါကစ္စတန်က စိတ်ဝင်စားတဲ့အထဲမှာ ပါတယ်။ ပါကစ္စတန်ရဲ့ အဓိကရန်ဘက် ဖြစ်တဲ့ အိန္ဒိယက အားလုံးသဘောတူညီမှု့ရမှ လက်ခံတဲ့အဆင့်ကို လုပ်ဖို့ဆိုပြီး အဆိုပြုတယ်လို့ ကြားရပါတယ်။ အထူးသဖြင့်ကတော့ ဒါဟာ ဘယ်သူ့ကို ရည်ရွယ်လဲဆိုရင် ပါကစ္စတန်ကို ရည်ရွယ်ဟန် ရှိတယ်။ အဲဒီလိုသာ သတ်မှတ်လိုက်တယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း စဥ်းစားစရာတွေ ပေါ်လာမယ် ထင်ပါတယ်။ တချို့နိုင်ငံတွေကလည်း ဒါကိုထောက်ပြလာမယ်။ ဘာကြောင့်လို့လဲဆိုတော့ အာဆီယံထဲမှာ မြန်မာကို ပယ်ခဲ့တဲ့နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားတို့ နောက်ပြီးတော့ မလေးရှားတို့ ဖြစ်လာမယ်။ သူတို့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်လာရင် သူတို့က သူတို့ကိုတော့ ဖယ်မှ ဖြစ်မယ်ဆိုတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒါကို စောင့်ကြည့်ရမယ့် အခြေအနေပါ။ ဒါပေမဲ့ BRICS မှာ နိုင်ငံတကာ ဆက်ဆံရေးအရ အားတက်စရာတစ်ခုလို့ ယူဆရမှာက တရုတ်နဲ့ အိန္ဒိယ ပြိုင်ဘက်။ ပဋိပက္ခ တော်တော်လေးကို ပြင်းပြင်းထန်ထန် ဖြစ်နေတာ။ အခု သူတို့က ဖက်လဲတကင်း - ၅ နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် သူတို့နှစ်ယောက် တွေ့တယ်။ မိုဒီနဲ့ ရှီကျင့်ဖျင်နဲ့ တွေ့ကြတယ်။ တွေ့ကြပြီးတော့ သူတို့ နယ်စပ်မှာ စစ်ရေး ရင်ဆိုင်မှု Military Confrontation ဖြစ်နေတာ ၄ နှစ်လောက် ရှိပြီ။ အဲ့ဒါကို ငါတို့ ပြေငြိမ်းရအောင် ဆိုပြီးတော့ ပြောတယ်။ ဒီကတဆင့် အိန္ဒိယနဲ့ တရုတ် တင်းမာမှုက ပိုပြီးလျော့ပါးသွားနိုင်တယ်လို့ ပြောတယ်။ သို့ပေမဲ့လည်း အိန္ဒိယက QUAD ထဲမှာလည်း ပါနေတယ်ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သေချာပြောနိုင်ဖို့ကတော့ ခက်အုံးမယ်။ ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ နောက် ထိပ်သီးညီလာခံတွေမှာ ပါလာမှာ ဖြစ်ပါတယ်။

မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်။ အခုလိုဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။