*** ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့် ***
အရေးပေါ်ကာလ သတ်မှတ်ချက် တိုးချဲ့လိုက်တာ ဘာကြောင့်လဲ၊ ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာကို မမြသဇင်အောင်က အယ်ဒီတာ ဦးကျော်ဇံသာအား မေးမြန်းတင်ဆက်ထားပါတယ်။
မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ စစ်ကောင်စီက ဒီရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတော်အရေးပေါ်ကာလကို ထပ်ပြီးတော့ သက်တမ်းတိုးလိုက်ပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိသေးလို့အတွက် လိုအပ်လို့ သက်တမ်းတိိုးရတာလို့ ပြောပါတယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပေးပါမလဲ။
ဖြေ ။ ။ မင်္ဂလာပါ မြသဇင်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု မရှိသေးဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မေးရမယ့်မေးခွန်းက အဲဒီလို နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုမရှိအောင် ဘယ်သူက လုပ်နေတာလဲဆိုတာက အဓိကကျတဲ့မေးခွန်း ဖြစ်တယ်လို့ ထင်ပါတယ်။ ပထမဦးစွာ ၂၀၂၀ ရွေးကောက်ပွဲပြီးတော့ ဒီမိုကရေစီလမ်းကြောင်းဟာ ပိုပြီးပီပြင်လာမယ်၊ ရှေ့ကိုအေးအေးချမ်းချမ်း ဆက်သွားကြလိမ့်မယ်လို့ မျှော်လင့်ထားချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အဲဒါကို ဖျက်သိမ်းလိုက်ပြီး၊ အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးက ပျက်ပြားသွားခဲ့တာ ဖြစ်ပါတယ်။ အခုလည်းပဲ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု မရှိတာက အမှန်ပါပဲ။
သူတို့က တည်ငြိမ်အေးချမ်းအောင်လုပ်တာ တခုမှ မရှိတာ။ သူတိို့လုပ်နေသမျှဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနဲ့ ဆန့်ကျင်တဲ့ကိစ္စတွေလို့ ပြောချင်ပါတယ်။ ဥပမာအားဖြင့် သူတို့ မတရားအာဏာသိမ်းခဲ့တာကို ဥပဒေနဲ့အညီ လုပ်တယ်လို့ပြောတယ်။ လက်မခံတဲ့ လူဟူသမျှကို ရန်သူလို သဘောထားပြီးတော့ အကြမ်းဖက်ပြီး နှိပ်ကွပ်နေတယ်ဆိုတော့ ဘယ်လိုမှ တည်ငြိမ်အေးချမ်းစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်ဆိုတော့ ပြန်ကောက်ပြောရမယ်ဆိုရင်တော့ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုတာ မှန်တယ်။ မရှိအောင်လုပ်နေတာက ဘယ်သူလဲ။ ဘာကြောင့်လဲဆိုတာကို စမ်းစစ်ရမှာသာ ဖြစ်တယ်လို့ ထင်ပါတယ်။
မေး ။ ။ ၂၀၂၁ ဧပြီလတုန်းက အရေးပေါ်ကာလသက်တမ်းက (၂) နှစ်ထက် ပိုပြီးတော့ မကြာနိုင်လောက်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ဖူးပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ မှာ ဒီအရေးပေါ်ကာလကို ခြောက်လသက်တမ်း နှစ်ကြိမ်တိုးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီပေါ်မှာကော ဘယ်လိုပြောချင်ပါလဲ။
ဖြေ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံကိုယ်တိုင်က သူတို့စစ်တပ် လိုချင်သလို ဆွဲလို့ရအောင်လို့ လုပ်ထားတဲ့ ဖွဲ့စည်းပုံလို့ ပြောရမှာ ဖြစ်ပါတယ်။ သူတို့က စစ်တပ်ကို အာဏာတွေ အများကြီးပေးထားတယ်။ ဒီဥပဒေအရဆိုရင် သူတို့လိုချင်တဲ့ အာဏာတွေကို အကုန်လုံးယူထားပြီး ဖြစ်တဲ့အတွက်ကြောင့် စစ်တပ်က နောက်ထပ်အာဏာသိမ်းစရာ မရှိတော့ဘူးဆိုပြီးတော့ တချို့က တွက်ခဲ့ကြတာ။ အဲဒါကိုလည်း နောင် သူတို့လုပ်ချင်တာ လုပ်လို့မရတဲ့အခါကြတော့ အဲဒါကိုဖျက်တယ်။ သူတို့တပ်ထဲမှာလည်း ဥပဒေအရ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတကိုပဲ အိမ်သွားပြီးတော့ အတင်းလက်မှတ်ထိုးခိုင်း၊ ထိုးဖို့ငြင်းဆိုတော့ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ထောင်ထဲထည့်လိုက်တယ်။
နောက် သူတို့က တက်ပြီးတော့ အစိုးရဖွဲ့တယ်။ ဒါတွေကရော ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီရဲ့လားဆိုတာလည်း မေးစရာရှိပါတယ်။ အခုလည်းပဲ သူတို့က ၂၀၀၈ ကိုပဲ ကိုးကားပြီးတော့ ဒီဥပဒေအရ လုပ်နေပါတယ်လို့ ပြောတယ်။ အဲဒီမှာလည်း တနေရာမှာ ခြောက်လနှစ်ကြိမ်ထက် မတိုးရဘူးလို့ ပြောတယ်။ ဒါပေမဲ့ အကြိမ်ကြိမ်တိုးလာခဲ့တယ်။ အဲဒီမှာ သာမန်အခြေအနေမှာဆိုတာကို ထည့်ထားတဲ့အတွက်ကြောင့် သာမန်မဟုတ်တဲ့အတွက်ကြောင့် တိုးတယ်၊ ဘာညာပြောနေတော့ ဒီသံသရာက ဘယ်တော့မှ ပြီးမှာမဟုတ်ပါဘူး။ ဒီလိုပဲ အကြောင်းပြပြီးတော့ ဆက်တိုးနေမှာပဲလို့ ယူဆရပါတယ်။
သူတို့အာဏာသိမ်းထားသမျှလည်း ဘယ်တော့မှ သာမန်အခြေအနေ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပထမဦးဆုံး သက်တမ်းက ၂ နှစ်ပိုပြီး မကြာနိုင်ဘူး ပြောခဲ့တယ်။ တကယ်တော့ အာဏာသိမ်းပြီးတဲ့နောက်မှာ သူတို့ကြေညာတာ ၁ နှစ် ထိန်းထားမယ်လို့ ပြောတာပါ။ နောက်တော့ ၂ နှစ် ဖြစ်သွားတယ်။ သူတို့စကားတွေကို မယုံရဘူး။ နောက်တော့ ထပ်ထပ်ပြီး တိုးလာတယ်။ ဆိုတော့ ဒီကိစ္စကို သူတို့က လိုချင်သလို တိုးနေမှာပဲ။ သူတို့ရည်ရွယ်ချက်ကတော့ ဘာဖြစ်နိုင်သလဲဆိုရင် ၂၀၂၄ ကြရင် ၂၀၂၀ တုန်းက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲသက်တမ်းဟာ ၄ နှစ် ကြာသွားပြီးဆိုတော့ ရွေးကောက်ပွဲရလဒ်က ပြီးဆုံးသွားပြီ ဆိုပြီးတော့ တမျိုးတမည်များ လှည့်လာလေမလား။ အဲဒါကြောင့် သူတို့တွေက သက်တမ်းအမျိုးမျိုး အကြောင်းပြပြီးတော့ တိုးနေတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ အခုအနေအထားက စစ်ကောင်စီအနေနဲ့ ထွက်ပေါက်ပိတ်နေတဲ့ အနေအထားလို့လည်း ပြောလို့ရပါတယ်။ နောက် နိုင်ငံတကာ ဖိအားတွေကလည်း အဘက်ဘက်က ပေးနေတဲ့ အချိန်မျိုးမှာ ဒီလိုသက်တမ်း ထပ်တိုးလိုက်တာ ပိုပြီးတော့ ကျဉ်းထဲကျပ်ထဲကို ရောက်မသွားနိုင်ဘူးလား။
ဖြေ ။ ။ ထွက်ပေါက်ပိတ်နေတဲ့ အနေအထားဆိုတော့။ ထွက်ပေါက်ပိတ်နေတာ မှန်ရဲ့လား။ ထွက်ပေါက်မရှိဘူးလား။ သူတို့ကိုယ်တိုင်က ထွက်ပေါက်ကိုမှ မထွက်တာလို့ ကျနော် ပြောချင်တယ်။ ထွက်ပေါက်ပိတ်နေသလားလို့ မေးစရာ ကြီးမားတဲ့မေးခွန်းတခု ဖြစ်ပါတယ်။ သူတို့ထွက်ချင်ရင် ထွက်လို့ရသားပဲ။ သူတို့ကိုယ်တိုင်က ထွက်ပေါက်ပိတ်တာကို လိုချင်နေသလား စောစောက ပြောသလိုပေါ့။ ထွက်ပေါက်ပိတ်ထားရင် အာဏာသုံးရပ်လုံးပေါ် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အကုန်လုံးကို သူတို့ပဲ ချုပ်ကိုင်ပြီးတော့ အာဏာရှင်စနစ်နဲ့ ထင်သလို လုပ်လို့ရနေတာပဲ - စီးပွားရေးကအစ။ သူတို့ ဒီအခြေအနေမျိုးကို နှစ်သက်နေလို့ တမင်တကာ မထွက်တာ၊ ထွက်ပေါက်ပိတ်အောင် လုပ်နေတာလို့လည်း တဘက်က စဉ်းစားလို့ ရတာကို ပြောတာပါ။ လူတချို့ကတော့ ထွက်ပေါက်ပိတ်တယ်လို့ သုံးသပ်ကြတယ်။
ထွက်ပေါက်ပိတ်တယ်ဆိုတဲ့ သုံးသပ်ချက်နဲ့ တဘက်မှာလည်း ထွက်ပေါက်ပိတ်အောင် သူတို့လုပ်ပြီးတော့ သူတို့ထင်ရာကို လုပ်နေတယ်ဆိုပြီးတော့ စဉ်းစားစရာလည်း ဖြစ်လာပါတယ်။ ပိုပြီးကျဉ်းထဲကျပ်ထဲ ရောက်မလားဘူးလား။ မှန်ပါတယ်။ တကယ်တမ်း အခက်အခဲ ပိုတွေ့လာတာ ပြည်သူလူထုသာ ဖြစ်ပါတယ်။ သူတို့အတွက် အခက်အခဲ ဘာမှမတွေ့ပါဘူး။ သူတို့လုပ်ချင်ရာ လုပ်နေတာပဲ။ သူတို့လုပ်လို့ရပါတယ်။ ဒါပေမဲ့ ပြည်သူလူထုမှာ စားဝတ်နေရေး၊ ဒုက္ခဟာ မကျေနပ်တဲ့ စနစ်အောက်မှာ နေရတာ၊ အာဏာရှင်လက်အောက်မှာ နေရတာ၊ နောက်ပြီးတော့ အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးရတာ။ သားတကွဲမယားတကွဲ မိသားစုတွေနဲ့ ဝေးကွာရတာ အများကြီး ဒုက္ခတွေနဲ့ ကြုံနေရပါတယ်။ ပြည်သူတွေကတော့ ကျဉ်းထဲကျပ်ထဲကို ဆက်ပြီးတော့ ရောက်နေမှာ သေချာတယ်။ သို့သော်လဲ စစ်ကောင်စီက ရောက်မယ်လို့ ကျနော် မထင်ပါဘူး။
မေး ။ ။ အခုတကြိမ်နဲ့ဆိုရင် ဒီလို အရေးပေါ်ကာလကို သက်တမ်းတိုးလာတာ လေးကြိမ် ရှိပါပြီ။ ဒီလိုအကြိမ်ကြိမ် တိုးနေတာက အဖြေပါလား။ ဒီလိုတိုးလိုက်တဲ့အတွက် တစုံတရာ တိုးတက်မှု ရှိလာမှာလား။ အဲဒီအပေါ် ဘယ်လိုပြောပြချင်ပါသလဲ။
ဖြေ ။ ။ တကယ်တမ်း တိုးတက်မှု ရှိလာမလားဆိုရင် ပထမတကြိမ်ထက် ဒုတိယတကြိမ် တဖြည်းဖြည်း တိုးတက်လာတာ၊ တရိပ်ရိပ် မြင်ခဲ့ရတယ်ဆိုရင်တော့ နောင်ကိုလည်း ဆက်လက်ပြီးတော့ တိုးတက်လာမယ်လို့ ကျနော်တို့ မျှော်မှန်းနိုင်မယ်။ မမြဇင် နှိုင်းယှဉ်ကြည့်ပါ - ဟိုတုန်းက သိမ်းခဲ့တဲ့အချိန်ထက် အခုလက်ရှိအချိန်ထိ ပိုတိုးတက်လာသလား။ ပိုပြီးတော့ ဆုတ်ယုတ်ကျဆင်းသွားသလား။ ပထမအကြိမ်ထက် ဒုတိယအကြိမ် ပိုဆိုးတယ်။ တတိယအကြိမ် ပိုဆိုးတယ်။ စတုတ္ထအကြိမ် ပိုမိုဆိုးတယ်ဆိုတော့ နောက်တဖြည်းဖြည်း အဲဒီအခြေအနေကနေ တက်မလားဆိုတော့ စဉ်းစားစရာ သိပ်ပြီးလွယ်ကူတဲ့ သုံးသပ်ချက်ပါပဲ။ A simple logic က ဆက်ပြီးတော့ကျမယ့် အခြေအနေ ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီလိုပြောရတာကို သိပ်အဆိုးမြင်တာပဲလို့ အပြောခံရမှာ၊ ဝေဖန်ရင်လည်း ခံရမှာပါပဲ။ တကယ်တမ်း စဉ်းစားကြည့်ရင်လည်း အင်မတန် ရင်နာစရာကောင်းတဲ့ အခြေအနေ၊ ဆက်လက်ပြီး ကျဆင်းသွားမယ့် အခြေအနေကို တွေ့နေရပါတယ်။ တိုးတက်လာစရာတော့ မမြင်ပါဘူး။
မေး ။ ။ အဲဒါဆိုရင် ဒီလိုကျဆင်းသွားတဲ့ အခြေအနေကနေ ပြန်ပြီးတော့ တိုးတက်လာအောင်၊ ပြေလည်လာအောင် ဘယ်လိုနည်းလမ်း ရှိပါမလဲ။
ဖြေ ။ ။ သိပ်လွယ်ကူပါတယ်။ ဒါက ဆန္ဒရှိရင် နည်းလမ်း ဖြစ်တာပဲ။ Where there's a will, there's a way ဆိုတာ ရှိပါတယ်။ ပထမဦးဆုံးက အကြမ်းဖက်မှု violence ကို ရပ်လိုက်။ မတရားဖမ်းဆီးထားတဲ့ လူတွေကို လွှတ်လိုက်။ ပြီးတော့ သဘောရိုးနဲ့ တွေ့ဆုံဆွေးနွေးလိုက် - အခြေအနေမှန်ကို လက်ခံပြီ။ ဒါတွေက ကျနော့်အမြင်သာမက နိုင်ငံတကာကလည်း ဒီအတိုင်း၊ အာဆီယံ မူ (၅) ချက်ကလည်း ဒီဟာကို အဓိကပြောထားကြတာ ဖြစ်ပါတယ်။ ဒါကို တွေ့ဆုံဆွေးနွေးရေး လုပ်ပါ။ ဒီလိုလွှတ်ပါ၊ ဒီလိုလုပ်ပါဆိုတာကို စစ်ကောင်စီကမှ မလိုက်နာတာ။ သူတို့အတွက် ထွက်ပေါက်ရှိတယ်။ ဒီဟာက ထွက်ပေါက်ပါပဲ။ ဒီဟာကို သွားလိုက်ရင် လွယ်လွယ်လေးပါ။ သူတို့ မလုပ်တာကတော့ လွယ်လွယ်လေးဆိုတာကတော့ လမ်းစပွင့်သွားတာပေါ့။ ညှိနှိုင်းရတာတော့ အများကြီးအခက်အခဲတွေ ရှိမှာပါ။ ဒါကတော့ ဒီလိုထိုင်ပြောနေရုံနဲ့ ပြီးတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အများကြီး အချိန်ယူညှိနှိုင်းရမယ်။ ဒါပေမဲ့ လုပ်နိုင်တဲ့နည်းလမ်း ရှိနေပါတယ်။ အဲဒီလိုလုပ်ရင် ဖြစ်မယ်။ မလုပ်ဘဲနဲ့ နေပြီးတော့ ဒီလို အကျဉ်းအကျပ်ထဲမှာပဲ ဆက်နေမယ်။ အာဏာကို ထပ်ထိန်းချုပ်ထားမယ် - သူတို့ နေချင်တဲ့သက်တမ်းအထိ ဆိုရင်တော့ ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ပဲ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ နောက်ထပ်မေးချင်တာတခုက ဒီအချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဘာသာရေး အခမ်းအနားတွေ လုပ်လာတာလည်း ရှိပါတယ်။ ဒီလိုအခမ်းအနားတွေ လုပ်လာတာဟာ တကယ်ပဲ တိုက်ဆိုင်မှုလို့ ဆိုနိုင်ပါသလား။
ဖြေ ။ ။ အဲဒီမှာလည်း တိုက်ဆိုင်မှုလို့ ဆိုနိုင်ပါတယ်။ သို့သော်လဲပဲ တိုက်ဆိုင်အောင် တမင်တကာ လုပ်တယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ဘာသာရေးနဲ့ လုပ်ပြခြင်းအားဖြင့် သူတို့လုပ်ရပ်ကို လူထု ပိုမိုတိမ်းညွှတ်လာလိမ့်မယ်ဆိုတဲ့ ဆန္ဒမျိုး၊ မျှော်လင့်ချက်မျိုး သူတို့မှာ ရှိပါလိမ့်မယ်။ ဘာသာရေးကို နိုင်ငံရေးအတွက် မသုံးရဘူးလို့တော့ အတိအကျပြောဖို့ ခက်ပါလိမ့်မယ်။ သီအိုရီတွေ အများကြီးပါပဲ။ တချို့ပုဂ္ဂိုလ်တွေဆိုရင် ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲပြစ်လို့ မရဘူးလို့ ပြောတဲ့ ပညာရှင်တွေ အများကြီးပါ။ ကျနော် စိတ်ထဲမှာ စွဲနေတာက မဟတ္တမ ဂန္ဓီကြီးရဲ့ ပြောကြားချက်တခု ဖြစ်ပါတယ်။ ဘာသာရေးဟာ နိုင်ငံရေးအတွက် သိပ်အသုံးကျတယ်။ ဘာသာရေးက သွန်သင်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ နူညံ့သိမ်မွေ့တဲ့စိတ်၊ သဘောထားကြီးမားမှုစတဲ့ Characteristics တွေကို ဘာသာတရားတိုင်းမှာ သင်ပြထားတာ ရှိပါတယ်။ ဒါတွေကိုယူပြီးတော့ နိုင်ငံရေးမှာ သုံးနိုင်ရင်တော့ သိပ်အသုံးတည့်တာပေါ့။ အဓိက ဘာသာရေးကို အသုံးချတာကတော့ စိတ်ကောင်းစေတနာနဲ့ အသုံးချသလား။ သိုတည်းမဟုတ် သူလုပ်ချင်တာကို မတရားလုပ်ဖို့အတွက် အသုံးချသလား။
စိတ်ထဲမှာပေါ်လာတဲ့ နမူနာတခုကို ပြောရမယ်ဆိုရင် ခပ်ကြမ်းကြမ်းဖြစ်ကောင်းလည်း သည်းခံပေါ့ - ဆဒ္ဒန်မင်းကိုသတ်ဖို့ သောနုတ္တရမုဆိုးက သင်္ဃန်းကြီးကို ရုံလာခဲ့တာပဲ။ ဒီလို ရည်ရွယ်ချက်မျိုးမှာ သင်္ဃန်းကိုရုံပြီးတော့ ဘာသာရေးကို အသုံးချတယ်ဆိုရင်တော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ သို့သော်လဲ တကယ်တမ်း ကောင်းအောင်လုပ်တဲ့အချိန်မှာ ဘာသာရေး အခမ်းအနား လုပ်တယ်ဆိုတာတော့ ဘာမှပြောစရာ မရှိပါဘူး။ အခုကတော့ သူတို့တွေက တမင်တကာ ရည်ရွယ်ချက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် လုပ်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက် စိတ်စေတနာပေါ်မှာ အများကြီး မူတည်လိမ့်မယ်လို့ပဲ ပြောချင်ပါတယ်။
မေး ။ ။ အဲဒီတော့ ဒီလိုလုပ်တော့ကော ဒီအပေါ်မှာ ထိရောက်မှု တစုံတရာ ရှိပါ့မလား။ ပြည်သူက လက်ခံလာပါမလား။
ဖြေ ။ ။ အဲဒါ အရေးကြီးဆုံး မေးခွန်းပါပဲ။ ပြည်သူလူထုက လက်ခံရင် ဖြစ်မယ်။ ဆိုတော့ အခုနပြောတဲ့ အခြေအနေအရ ပြည်သူတွေက လက်ခံမလား။ အဲဒါက အဓိကပါပဲ။ ပြည်သူက လက်ခံတယ် - ကောင်းတဲ့အလုပ်ပဲ။ ဒီဟာက ကောင်းတယ်လို့ ယူဆရင်တော့ ကောင်းတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ တကယ်တမ်း သူတို့အတွက် အကျိုးကျေးဇူး ကောင်းတာတွေ တစုံတရာ ခံစားနေရတယ်ဆိုရင်တော့ ပြည်သူကတော့ ကောင်းတယ်လို့ သာဓု ခေါ်ကြမှာပဲဆိုတော့ အခုတော့ ပြည်သူတွေ ဘယ်လိုခံစားနေကြရသလဲဆိုတာတော့ သိတဲ့အတိုင်းပါပဲ။ ပြည်သူဆုံးဖြတ်ရမယ့် အဆုံးအဖြတ်သာ ဖြစ်တယ်လို့ ပြောပါရစေ။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာ။
ဦးကျော်ဇံသာ ။ ။ ကျေးဇူးပါ။ ဒီနေ့ကတော့ မကောင်းမြင်တတ်လွန်ရာများ ကျနေမလားလို့ စိုးတထိတ်ထိတ်နဲ့ လုပ်ရတဲ့လူတွေ ဖြစ်ပါတယ်။