မြန်မာ့အရေး နဲ့ တရုတ်အခန်းကဏ္ဍ

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang အား လက်ခံတွေ့ဆုံစဥ်။ (တပ်မတော်သတင်းမှန်ပြန်ကြားရေး မေ - ၂၊ ၂၀၂၃)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း နိုင်ရေးအကျဉ်းသားတချို့ကို လွှတ်ပေးခဲ့တာဟာ ဘာသဘောပါလဲ။ မြန်မာ့ပြဿနာမှာ တရုတ်က ဘယ်လောက်အရေးပါသလဲဆိုတာ အခုတပတ်အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ဒီတပတ်မှာတော့ မြန်မာ့အရေး တရုတ်အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပေးစေချင်ပါတယ်။ တလောတုန်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာဟာ တရုတ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ကြောင့်လို့ ဆိုနိုင်ပါသလား။

ဖြေ ။ ။ မင်္ဂလာပါ မမြသဇင်။ တိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတဲ့ အဓိကအကြောင်းရင်းကတော့ စစ်ကောင်စီရဲ့ အကျဉ်းအကျပ်ကနေ ထွက်ချင်လို့၊ ထွက်လို့မရလို့ ထွက်ပေါက်ပိတ်နေတဲ့အတွက်ကြောင့် သူတို့ သဘောထားပျော့ပျောင်းလာပါပြီဆိုတာကို ပြသလိုတဲ့သဘောသာ ဖြစ်ပါတယ်။ ဆိုတော့ လွှတ်ပေးဖို့အတွက်ကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အမြဲတမ်း ပြောဆိုတိုက်တွန်းနေတဲ့ကြားက တရုတ်ကလည်း တိုက်တွန်းမှာ သေချာပါတယ်။ ဆိုတော့ ဒီလိုလွှတ်ပေးတာဟာ တရုတ်ကြောင့်တော့ မဟုတ်ဘူး၊ သို့သော်လည်း သူတို့ရဲ့ အကျဉ်းအကျပ်နဲ့ နိုင်ငံတကာရဲ့ တိုက်တွန်းမှုတွေကြောင့် လွှတ်ပေးတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ တရုတ်ကြောင့် လွှတ်ပေးတယ်ဆိုတာမျိုး ပုံရိပ်ပြလိုက်ခြင်းအားဖြင့် စစ်ကောင်စီ ပိုတောင်သိက္ခာကျသေးတယ်။ တရုတ်ရဲ့ လက်ပါးစေ ဖြစ်နေသလားဆိုတာကို မေးခွန်းထုတ်ဖွယ်ရာ ရှိပါတယ်။

မေး ။ ။ ဒါဆိုရင် မြန်မာ့အရေးမှာ တရုတ်ရဲ့ တုံ့ပြန်ပုံတွေက ဘယ်လောက်အထိ သက်ရောက်မှု ရှိပါသလဲ။

ဖြေ ။ ။ သက်ရောက်မှု ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက အခုအခါ တရုတ်ကို အများဆုံးမှီခိုအားထားနေရတဲ့ အနေအထားရှိတော့၊ သူ့ရဲ့ တုံ့ပြန်မှုက သိပ်ပြီးအရေးကြီးပါတယ်။ ဆိုတော့ အခုကိစ္စမှာလည်း တရုတ်ကတော့ သူ့အကျိုးစီးပွားကို အခြေခံပြီးတော့ လုပ်တာပေါ့။ တုံ့ပြန်တာပဲ။ ဒီနေရာမှာ သူက ပြောမှာပေါ့၊ မြန်မာနိုင်ငံခေါင်းဆောင်တွေကို ခင်များတို့ကို ကျုပ်တို့ ကူညီရတာ ပိုလွယ်ကူအောင်၊ ခင်များတို့ သိပ်ဆိုးပြ၊ တင်းပြနေရင် သူတို့ကူညီနေရတာ၊ နိုင်ငံတကာမှာလည်း ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံကြီးအဖြစ်နဲ့ သူ့ကိုယ်သူ ဂုဏ်ဖော်ချင်တဲ့ တရုတ်နိုင်ငံအနေနဲ့ ဒီလောက်တော့ မတင်းမာနဲ့ ကျုပ်တိို့ ခင်များတို့ကို ကူညီရလွယ်အောင်၊ နည်းနည်းပါးပါး ပျော့ပျောင်းတဲ့သဘောထားလည်း ပြပါအုံးဆိုတာနဲ့ ချဉ်းကပ်တာ သေချာပါတယ်။ ဒါကြောင့် တရုတ်ရဲ့ လုပ်ဆောင်မှုဟာ ပိုပြီးတော့ အရေးပါတယ်။ တရုတ်က မြန်မာစစ်တပ်ရဲ့ အဓိကအားထားရလည်း ဖြစ်နေတယ်လို့ ပြောနိုင်ပါတယ်။

မေး ။ ။ မြန်မာ့အရေး ပြေလည်ဖို့မှာ ဒေသတွင်းနိုုင်ငံတွေနဲ့ နိုင်ငံတကာ အားလုံးကတော့ ဝိုင်းပြီးတော့ လုပ်နေကြတာပါ။ ဒီအထဲမှာ တရုတ်က ပိုပြီးတော့ အရေးပါတယ်ဆိုတဲ့သဘော ဖြစ်နေပါလား။ ဒါဆိုရင် မြန်မာအပေါ်မှာ တရုတ်က သြဇာလွှမ်းမိုးနေတယ်လို့ ပြောနိုင်ပါသလား။

ဖြေ ။ ။ တရုတ်က အရေးပါတယ်။ သြဇာလွှမ်းမိုးနေပြီလို့ ပြောနိုင်ပါတယ်။ မြန်မာနဲ့ တရုတ်ဆိုတာ ဟိုးသမိုင်းအစကတည်းက အိမ်နီးချင်းနိုင်ငံ၊ အိမ်နီးချင်းလူ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်ဆိုတော့ တရုတ်က အင်အားကြီးတယ်။ လူဦိးရေများတယ်ဆိုတော့ တရုတ်က ပိုပြီးတော့ စစ်ရေးအားဖြင့် ကျူးကျော်တာ၊ ရန်စတာ အဲဒါမျိုးတွေ စစ်ရေးပဋိပက္ခတွေ အများကြီး ရှိခဲ့ပါတယ်။ ပုဂံခေတ်ကတည်းက နောက်ပိုင်း မြင်စိုင်းဘွဲ့ ကာချင်းတွေမှာဆိုရင် "တရုတ်လာသည်၊ ရိုင်ရိုင်လော၊ ရိုင်ရိုင်။
မြှားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။" ဆိုတဲ့ စစ်ဖြစ်တဲ့ကိစ္စတွေကို အဲဒီကတည်းက စာပေနဲ့တကွ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ ကုန်ဘောင်ခေတ်မှာ ဘိုးတော်ဘုရားလက်ထက် ရောက်တဲ့အခါ မြန်မာကလည်း အရှေ့ဘက်ကို သိပ်ပြီးတော့ အာရုံမထားဘဲနဲ့ ရခိုင်ကိုသိမ်းပြီးနောက် အနောက်ဘက်ကို လှည့်သွားတော့၊ ဘင်္ဂလားကို သိမ်းထားပြီဖြစ်တဲ့ အင်္ဂလိပ်နဲ့ ထိပ်တိုက်တွေ့ပြီးတော့ အဲဒီအချိန်ကစပြီး နိုင်ငံခြားဆက်ဆံရေးက ပြောင်းသွားတာ ဖြစ်တယ်။ တချိန်လုံး တရုတ်နဲ့ ဆက်ဆံလာခဲ့ရတာပါ။ နောက် ဒုတိယကမ္ဘာစစ်၊ ကွန်မြူနစ်နဲ့ တိုက်ပွဲဖြစ်ပြီးတော့၊ ကွန်မြူနစ်တွေက တရုတ်ပြည်မှာ အာဏာရလာတဲ့ မြန်မာစစ်တပ်၊ မြန်မာနိုင်ငံအစိုးရက အရင်ဆုံး အသိအမှတ်ပြုခဲ့ရတယ်။ တရုတ်ဖြူ အကြွင်းအကျန်ဒဏ်ကိုလည်း မြန်မာခံခဲ့ရတယ်ဆိုတော့ အမြဲတမ်း သူတို့နှစ်ဦးက ဆက်စပ်နေပါတယ်။ တရုတ်သြဇာဟာ မြန်မာနိုင်ငံမှာ အမြဲတမ်းကြီးနေတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့်လဲ ဦးသန်းရွှေလက်ထက်တုန်းက၊ နောက် မြစ်ဆုံကိစ္စဖြစ်တော့ တရုတ်ကို မှီခိုရသက်သာအောင်ဆိုပြီးတော့ ရုရှားဘက်ကို ဦးလှည့်လာတယ်။ အခု ရုရှားနဲ့ တရုတ်နဲ့ တပေါင်းတည်းဖြစ်သွားတော့ သိပ်တော့မထူးတော့ဘူးပေါ့။ တရုတ်သြဇာဟာ အများကြီးလွှမ်းမိုးနေတယ်လို့ ပြောကိုပြောရလိမ့်မယ် ဖြစ်ပါတယ်။

မေး ။ ။ အရှေ့မှာလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နော်လင်းဟေဇာလည်း မြန်မာနိုင်ငံကို လာခဲ့ပါတယ်။ နောက်တလောကပဲ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းလည်း မြန်မာနိုင်ငံကို လာခဲ့ပါတယ်။ ဒီခရီးစဉ်တွေနဲ့ အခု တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ဘယ်လိုနှိုင်းယှဉ်လိုပါသလဲ။

ဖြေ ။ ။ တရုတ်ခရီးစဉ်ကတော့ ပိုပြီးထိရောက်တာပေါ့။ စောစောကပြောခဲ့သလို သူက အဓိကလွှမ်းမိုးထားတဲ့ တိုင်းပြည်။ ဗမာစစ်တပ်က အဓိကမှီခ်ိုနေရတဲ့ နိုင်ငံဖြစ်နေတော့ စောစောကလူတွေရဲ့ ခရီးစဉ်လည်း သူတို့နည်းနဲ့သူတို့ ထိုးဖော်ဖို့ ကြိုးစားတာပဲ။ နော်လင်းဟေဇာကတော့ ထိပ်တိုက်ရင်ဆိုင်ပြီး Confrontation သဘောမျိုးနဲ့ ပြောပြီးတော့ ချက်ချင်းကို Public အထိ ဖွင့်ပြလိုက်တဲ့အခါမှာ ဒီဘက်ကလည်း ရုတ်တရက်တုံ့ပြန်တာတွေ ရှိလာခဲ့တဲ့အတွက်ကြောင့် ဒါက တော်တော်လေး မအောင်မြင်ခဲ့ဘူးလို့ပဲ ပြောရမှာပဲ။ နောက်ထပ်သွားဖို့တောင် လမ်းပိတ်သွားတယ်လို့ ပြောရမယ်။ ဘန်ကီမွန်းကတော့ သူ့မှာ သိပ်ပြီးသြဇာအာဏာကြီးတဲ့ အဖွဲ့အစည်းမဟုတ်ဘူး၊ အကြံပေးနိုင်တဲ့အဖွဲ့အစည်း၊ ဖြောင့်ဖျတဲ့အဖွဲ့အစည်းသက်သက်သာ ဖြစ်တဲ့အတွက်ကြောင့် သူက Very soft approaching သွားခဲ့တာ ဖြစ်ပါတယ်ဆိုတော့ တရုတ်ကတော့ အဓိကနိုင်ငံဖြစ်တာကြောင့် တရုတ်ရဲ့ လွှမ်းမိုးမှုက အများကြီးရှိတယ်။ တရုတ်ရဲ့ သြဇာက ပိုပြီးတော့ ထိရောက်တယ်။ တရုတ်ပြောတာ ပိုပြီးတော့ ထိရောက်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ စစ်တပ်ရဲ့ အကျဉ်းအကျပ်ကလည်း အင်မတန် အရေးကြီးတယ်။ သူတို့က မှီခိုနေရတယ်။

မေး ။ ။ ဒီခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအချုပ်အခြာအာဏာကို လေးစားကြဖို့ကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဆိုရင် ဒါက ဘာသဘောသက်ရောက်ပါသလဲ။ သူက မြန်မာနိုင်ငံကို အလေးထားတယ်လို့ ပြောလို့ရပါသလား။

ဖြေ ။ ။ တော်တော်လေး မေးခွန်းထုတ်စရာကောင်းတယ်။ မြန်မာနိုင်ငံအချုပ်အခြာအာဏာကို လေးစားပါလို့ သူက ပြောလိုက်တယ်ဆိုတော့ သူကများ ပြောအားရှိတယ်လားလို့ ပြန်မေးချင်တယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အများဆုံး မထီမဲ့မြင်ပြုတယ်လို့ ယူဆခြင်းခံနေရတာ တရုတ်သာ ဖြစ်ပါတယ်။ နမူနာတခုကြည့် - အရှေ့မြောက်မှာရှိတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားတွေကို တရုတ်က သြဇာလွှမ်းမိုးထားတယ်။ သူတို့ပြောတာကို လိုက်လုပ်နေရတယ်။ သူတို့ လက်နက်ထောက်ပံ့တယ်။ ငွေကြေးထောက်ပံ့တယ် အမျိုးမျိုးလုပ်ထားတယ်။ ဒါက အချုပ်အခြာအာဏာကို လေးစားသလားလို့ မေးစရာ ဖြစ်နေတယ်။ ဆိုတော့ နိုင်ငံတကာက အချုပ်အခြာကို လေးစားကြပါဆိုတော့ မြန်မာစစ်ကောင်စီက ညည်းပါလိမ့်မယ်။ နိုင်ငံတကာက မင်းတို့ဘာလုပ်၊ အာဆီယံက ဘယ်လိုလုပ်မယ်၊ ကုလသမဂ္ဂက ဒီလိိုလုပ်မယ် စသည်ဖြင့် ပြောကြတဲ့အခါမှာ၊ မင်းတို့ပြောတာက အချုပ်အခြာအာဏာကို ထိပါးသလိုဖြစ်တယ်။ အလေးအနက်ထားကြပါဆိုတော့ သူကို ပြန်မေးတဲ့လူတော့ မရှိဘူးထင်တယ်။ ပြန်မေးရမှာက ခင်များတို့ကော အလေးအနက်ထားသလား။ တကယ်အလေးအနက်မထားတာကတော့ တရုတ်ပဲ။ တရုတ်ကိုပဲ ပြောရမှာပါ။ နိုင်ငံတကာကတော့ State အနေနဲ့တော့ အချုပ်အခြာအာဏာကို လေးစားတယ်။ အခုပြဿနာ ဖြစ်တာက Government နဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံတယ်။ Government-to-Government relations ထိခိုက်တာသာ ဖြစ်ပါတယ်။ State ကို သူတို့က အသိအမှတ်ပြုပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ မဟာဗျူဟာအကျိုးစီးပွားက ဘာဖြစ်ပါမလဲ။ သတင်းတွေထဲမှာလည်း ဖော်ပြနေတာမှာ Strategic Cooperation ဆိုတဲ့ စကားပါ။ ဒီစကားက မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရမယ်ဆိုတာလည်း ပြောပါတယ်။ အဲဒီတော့ ဒီစကားကို ဘယ်လိုနားလည်ရပါမလဲ။ ဘယ်လောက်အထိ တာသွားနိုင်ပါသလဲ။

ဖြေ ။ ။ Strategic Cooperation ဆိုတာ သိပ်ကျယ်ပြန့်ပါတယ်။ တကယ်တော့ အဓိက စီးပွားရေးလုပ်ငန်းတွေကို တနိုင်ငံတည်း၊ တပုံစံတည်းဖြစ်အောင် နိုင်ငံနှစ်ခုရယ် မဟုတ်ဘူး။ entity နှစ်ခုပေါ့။ အဲဒီနှစ်ခုက လုပ်ငန်းနှစ်ခုလည်း ဖြစ်နိုင်တာပဲ။ ပေါင်းပြီးတော့ သူတို့ရဲ့ ထုတ်လုပ်မှု တိုးတက်အောင် ငါတို့နဲ့ တပြေညီထဲ လုပ်ဆောင်သွားမယ်။ အဲဒီတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်ဆိုတဲ့ စီးပွားရေးဘက်မှာသုံးတဲ့ စကားလည်း ဖြစ်ပါတယ်။ တချို့ကတော့ strategy ဆိုတာကို စစ်ရေးနဲ့ရောပြီးတော့ ပြောကြတယ်။ ဒီနေရာမှာ Strategic Cooperation ကို promote လုပ်မယ်ဆိုတာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို သူတို့ အဓိကပြောလိုချင်တယ်လို့ ကျနော် မထင်ပါဘူး။ စစ်ရေးနဲ့ ပတ်သက်ရင်တော့ Military Cooperation, Security Cooperation တို့ အဲဒီလိုသုံးကြပါတယ်။ အခု ယူကရိန်းကိစ္စမှာဆိုရင် ဥရောပနိုင်ငံတွေက Security Cooperation လုပ်ကြတယ်ဆိုတာ သိရတယ်။ ဆိုတော့ Strategic Cooperation ဆိုတာ စစ်ရေးကိုတော့ သူတို့က အဓိကထား ပြောနေကြတာတင် မဟုတ်ပါဘူးလို့ ထင်ပါတယ်။ အဲဒီလိုပြောရလောက်အောင်လည်း သူတို့က တုံလိမ့်မယ် မဟုတ်ပါဘူး။ အဲဒီလိုပြောနေရင်တော့ ပိုဆိုးသွားမှာပေါ့။ နိုုင်ငံတကာမှာ ပါးပါးနှပ်နှပ်နဲ့ သုံးသွားတဲ့စကားလို့ ထင်ပါတယ်။ စစ်ရေးပူးပေါင်းမှု မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါကတော့ Understood. ဒါကတော့ နားလည်နိုင်တယ်။ တရုတ်လည်း ကြေညာလိမ့်မယ် မဟုတ်ပါဘူး။ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တကယ်လုပ်မယ်ဆိုရင်လည်း နိုင်ငံခြားရေးဝန်ကြီးအစား ကာကွယ်ရေးဝန်ကြီးတို့နဲ့ ဆက်ဆံပြောဆိုမယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ မြန်မာ့အရေးမှာ တရုတ်ရဲ့ အခုလိုတုံ့ပြန်ဆောင်ရွက်နေတာတွေက ဒေသတွင်းနဲ့ နိုင်ငံတကာနဲ့ တရုတ်ရဲ့ ဆက်ဆံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်ပါသလဲ။

ဖြေ ။ ။ နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေက စိုးရိမ်မှာပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို သိပ်ပြီးတော့ လွှမ်းမိုးသွားမှာကို သူတို့ စိုးရိမ်တယ်။ ဒါပေမဲ့ တရုတ်ကလည်း လွှမ်းမိုးမှဖြစ်မယ်။ သူတို့ကလည်း မြန်မာနိုင်ငံမှာ သူတို့စိတ်ဝင်စားတဲ့ ကိစ္စ သုံးခု ရှိတယ်။ Interests သုံးခုလို့ အကြမ်းမျဉ်းပြောရရင်။ နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေး၊ ဒုတိယတခုက မြန်မာနိုင်ငံမှာ သူတို့လုပ်နေတဲ့ စီးပွားရေးတွေ တိုးတက်အောင်မြင်ရေး။ ဒါက strategic cooperation ပါ။ နောက်တခုက ရခိုင်ဒေသကို သူတို့ လွှမ်းမိုးနိုင်ရေး သိပ်အရေးကြီးပါတယ်။ ရခိုင်ဒေသ ငြိမ်းချမ်းမှ သူတို့မှာ ဘင်္ဂလားပင်လယ်အော်ကနေ အိန္ဒိယသမုဒ္ဒရာကို သိပ်အရေးကြီးတဲ့ မဟာဗျူဟာလမ်းကြောင်းပေါက်မှာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ရခိုင်ဒေသ ငြိမ်းချမ်းရေးအတွက် အများကြီးကြိုးပမ်းနေတာကို တွေ့ရပါတယ်။ ဥပမာ ရိုဟင်ဂျာတွေကို လက်ခံလိုက်ပါ။ မင်းတို့ကို အသိအမှတ်ပြုလာလိမ့်မယ်လို့ လုပ်တယ်။ နောက် ကျနော်ထင်တယ် သံသယရှိတာက AA ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး နားလည်မှုဟာလည်း ဂျပန်က ဆာဆာကာဝါလုပ်တာထက် တရုတ်ရဲ့ လွှမ်းမိုးမှု၊ တရုတ်လည်း တိုက်တွန်းမှုလည်း ပါလိမ့်မယ်လို့ ထင်ပါတယ်ဆိုတော့ တရုတ်ဟာ သိပ်အဓိကကျတဲ့ကိစ္စ ဖြစ်ပါတယ်။ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ကို တရုတ်က လုပ်မှာ။ နိုင်ငံတကာကတော့ စောင့်ကြည့်နေမှာပေါ့။ အနောက်နိုင်ငံတွေကလည်း ဘဝင်မကျဘူး။ သို့သော် အကြမ်းအားဖြင့်တော့ အမေရိကန်ကိုယ်တိုင် လက်ခံတယ်။ မြန်မာနိုင်ငံမှာ တရုတ်ဟာ သူတို့နဲ့စာရင် ပိုပြီးတော့ ပတ်သက်မှု ရှိနိုင်တယ်။ သြဇာလွှမ်းမိုးတယ်လို့တော့ မသုံးဘူး။ သူတို့ဟာ ပိုပြီးတော့ ဆက်စပ်မှု ရှိနိုင်တယ်ဆိုတာကို လက်ခံပါတယ်။ ကျနော်က အမေရိကန် နိုင်ငံခြားရေး သံတမန်ဟောင်းကို အင်တာဗျူးလုပ်တုန်းက သူတို့က အဲဒါကို ဝန်ခံပါတယ်။

မေး ။ ။ ဒီတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်တခုလုံးကို ခြုံငုံလွှမ်းခြုံပြီးတော့ သုံးသပ်မယ်ဆိုရင် ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ တရုတ်အတွက် အမြတ်ထွက်တဲ့ ခရီးစဉ်ပါပဲ။ သူတို့ဟာ အခုနပြောတဲ့အတိုင်း မဟာဗျူဟာတို့ ဘာတို့ အဲဒီဟာတွေ ပူးပေါင်းဆောင်ရွက်မယ်လို့ လုပ်တဲ့ဟာ တရုတ်ရဲ့ မြန်မာနိုင်ငံပေါ် ငါတို့ စစ်ရေးမဟုတ်ဘူး၊ ငါတို့ဟာ သြဇာလွှမ်းမိုးပိုင်ခွင့် ရှိတယ်။ ငါတို့ရဲ့ 'sphere of interest' သူတို့ရဲ့ စိတ်ဝင်စားတဲ့ နယ်ပယ်ဖြစ်တယ်ဆိုတာကို တရားဝင်ထပ်မံပြီးတော့ ဖော်ထုတ်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒါက သိပ်အရေးပါတယ်။ သူတို့အကျိုးစီးပွားအတွက်ပေါ့။ ဒါပေမဲ့ မြန်မာန်ိုင်ငံဘက်က ပြန်ကြည့်ရင်တော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ လောလောဆယ်မှာ စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်နေခြင်းအားဖြင့် သူတို့အာဏာ တည်မြဲရေးအတွက် အထောက်အပံ့ဖြစ်တယ်။ သို့သော် ဘယ်သူ ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ် ကိုယ့်အဖွဲ့ အာဏာတည်မြဲရေး၊ ကိုယ်အာဏာတည်မြဲရေးအတွက် ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို မထိခိုက်စေသင့်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပုံရိပ်က ဘာဖြစ်သွားမလဲ။ သူတို့ အကူအညီရရင် ပြီရောဆိုပြီး တရုတ်ကို အတင်းအဓမ္မဖိတ်ပြီးတော့ လုပ်လိုက်တယ်ဆိုရင် တိုင်းပြည်အနာဂတ်အတွက် သိပ်မကောင်းပါဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံလာတဲ့အခါမှာ မြန်မာပြည်အတွက် အကျဉ်းအကျပ် ဖြစ်လာနိုင်တယ်ဆိုတယ်။ တဘက်မှာ တရုတ်က သူ့အခြေအနေကို ပြသသလို မြန်မာဘက်ကတော့ အဓိကဆင်ခြင်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ထင်ပါတယ်။ ဥပမာအားဖြင့် နမူနာတခုကို နောက်ဆုံးပြောချင်တာက သမ္မတပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ခဲ့ပြီးနောက် သူ့ရဲ့ပျော်ရွှင်မှု၊ အောင်ပွဲခံမှုက လူထုကို တန်းစီးပြီးတော့ ကြိုဆိုခိုင်းတာတို့က သိပ်လွန်လွန်၊ သိပ်တက်ကြွပြီးတော့ ပျော်လွန်တယ်ဆိုတာကို ပြသလိုက်တဲ့သဘောဖြစ်တော့ လူတိုင်းဟာ မြန်မာပြည်သူတွေ ဘယ်သူမှ လက်မထောင်ပြီးတော့ မပြေဘူး။ ဟာ ဒီလောက်တောင်ပဲလားဆိုတာပဲ ဖြစ်သွားခဲ့တယ်။ အဲဒီလိုအပြုအမှု ကိစ္စကို ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာ။