ဖျန်ဖြေရေးလား ဗိုလ်ကျစိုးမိုးရေးလား

မမြသဇင်အောင်နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ စက်တင်ဘာ ၄၊ ၂၀၂၄)

ရှမ်းမြောက်က တိုင်းရင်းသားတပ်ဖွဲ့တွေ စစ်ကောင်စီကို တိုက်ခိုက်မှုရပ်ဆိုင်းဖို့ တရုတ်က အတင်းအကြပ် ဖိအားပေးလာတာဟာ အထူးသဖြင့် စစ်ကောင်စီကို မနှစ်မြို့သူတွေက လိုလားကြမှာ မဟုတ်သလို၊ မြန်မာနိုင်ငံမှာ အခံရှိပြီးသား တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်လည်း ပိုပြီးအရှိန်တက်လာနိုင်ပါတယ်။ တရုတ်ရဲ့ အခုလို ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်မှုက မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်ပါ့မလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အခုစစ်ကောင်စီကို တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဆက်ပြီးတော့ မတိုက်ဖို့အတွက် တရုတ်ဘက်က ဖိအားပေးလာပါတယ်။ အထူးသဖြင့် ရှမ်းမြောက်မှာ။ လားရှိုးကို သိမ်းထားတဲ့ TNLA ကိုလည်း ဆက်ပြီးတော့ မတိုက်ဖို့အတွက် ခြိမ်းခြောက်လာပါတယ်။ ဒီအပေါ် အမျိုးမျိုးပြောဆိုနေတာတွေ၊ ဝေဖန်နေတာတွေလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါအုံး။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ ဝေဖန်ရေးသားပြောဆိုနေတာလည်း အင်မတန်ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ တရုတ်က အခုဆိုရင် မြန်မာနိုင်ငံအရေးမှာ ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်လာတဲ့သဘော ဖြစ်ပါတယ်။ ဒါက တကယ်ပြောရင် သမိုင်းတွင်ကျန်ရစ်မယ့် ကိစ္စပါ။ ဒီနေရာမှာ တရုတ်ရဲ့ ရည်ရွယ်ချက်ကို ကျနော် နှစ်ခုခွဲပြီးတော့ မြင်ပါတယ်။ ပထမတခုက စီးပွားရေးအကျိုးစီးပွား။ မြန်မာနိုင်ငံတခုလုံးမှာ သူ့ရဲ့စီးပွားရေး အကျိုးစီးပွား အများကြီးရှိတယ်။ အဲဒီအထဲမှာမှ ရှမ်းမြောက်ဟာ အဓိကအကျိုးစီးပွား ဖြစ်တယ်။ ဒါပေမဲ့ ဒီဒေသမှာ သူ့ကို ထိခိုက်စေတဲ့ သူ့နိုင်ငံသားတွေကို နစ်နာစေတဲ့ ကျားဖြန့်လို လုပ်ငန်းတွေ ရှိနေတာကြောင့် ဒါကို နှိမ်နင်းပေးဖို့ဆိုပြီးတော့ ညီနောင်သုံးဖွဲ့ကို မသိမသာ ပင့်ပေးခဲ့တဲ့ဆိုတဲ့သဘော လုပ်ပေးခဲ့ပါတယ်။ အဲဒါကြောင့် ညီနောင်သုံးဖွဲ့က တိုက်တယ်။ အဲဒီနောက် ညီနောင်သုံးဖွဲ့က လက်လွန်ပြီးတော့ သူတို့လိုချင်တာတွေ အကုန်လုံးကို သိမ်းပိုက်လာတယ်ဆိုတော့ တရုတ်က ဒီလောက်ဆို တော်သင့်ပြီဆိုပြီးတော့ မြင်တဲ့အခါမှာကြတော့ - မလုပ်နဲ့တော့ ရပ်ဖို့ပြောတယ်။ တနည်းပြောရရင် စီးပွားရေးအရ သူတို့အကျိုးစီးပွားအတွက် သူတို့လိုချင်တဲ့အကွက် ဝင်လာပြီဆိုတာနဲ့ အဲဒါကို ရပ်ခိုင်းလိုက်တဲ့သဘော။ မရပ်ရင် ငါတို့ အရေးယူမယ်လို့ ပြောတယ်။ အဲဒါက စီးပွားရေးပိုင်း။

နောက်တချက်ကတော့ စစ်ရေးလို့ပြောရင် ရပါတယ်။ စစ်ကောင်စီက တရုတ်ကို မှီခိုအားထားရတာကို လျှော့ချချင်တာနဲ့ ရုရှားကို သိပ်အားကိုးလာတယ်။ ရုရှားကို အားကိုးလာကတည်းက တရုတ်က ကျေနပ်ပုံ မရပါဘူး။ သို့ပေမဲ့ ပိုပြီးဆိုးသွားတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့မိန့်ခွန်းမှာ စစ်ရေးအားဖြင့် သိပ်အရေးနိမ့်လာတဲ့အခါမှာ ပြောလိုက်တာက တရုတ်ကို နာမည်မတပ်ရုံတမယ် သူတို့ပြည်တွင်းရေးကို ဝင်စွတ်နေတယ်ဆိုတာကို ပြင်းပြင်းထန်ထန် ပြောသွားတယ်။ တချိန်တည်းမှာပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဥက္ကဌ ဦးခင်ရီကလည်း ရုရှားကို ပေါ်ပေါ်ထင်ထင်ပဲ သူတို့ဘက်က ကူညီပြီးဝင်တိုက်ဖို့ တောင်းလိုက်တော့ တရုတ်က တော်တော်လေး မျက်လုံးပြူးဖြစ်သွားတယ် ထင်ပါတယ်။ ဒီလိုဆိုရင်တော့ မဖြစ်ဘူး၊ ငါတို့ ဒါကို ကိုင်တွယ်ဖြေရှင်းရမယ်။ ဆိုတော့ တချို့စောင့်ကြည့်သူတွေကပြောတယ် - တရုတ်က အဲဒီလိုလာပြီးတော့ ပြောရတာက ချက်ချင်းပဲ ဝမ်ယိက ဒီဟာကို တားရမယ်ဆိုပြီးတော့ - မင်းတို့ကို ငါတို့ ကူညီမယ်၊ ဒီလူတွေကို ဟန့်တားရမယ်ဆိုတဲ့ သဘောပါ။ လွှမ်းခြုံပြီး ပြန်သုံးသပ်ရရင်တော့ စီးပွားရေးနဲ့ ရုရှားဘက်ကို မယိမ်းသွားစေချင်တဲ့ သဘောနဲ့ တရုတ်ကလုပ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ သူတို့ လိုချင်တာရတယ်ဆိုပြီးတော့ ဝမ်းသာဝမ်းမြောက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ကျေနပ်အားရကောင်း ကျေနပ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ တိုင်းပြည်အတွက် ရေရှည်အကျိုးရှိပါ့မလားဆိုတာတော့ စဉ်းစားစရာ တကယ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူပြောလူပြော သိပ်များတယ်။ သုံးသပ်သူတွေက အမျိုးမျိုးပြောနေကြတာ ဖြစ်ပါတယ်။ တချို့ကဆိုရင် မြန်မာနိုင်ငံဟာ စစ်ကောင်စီ လုပ်လိုက်တဲ့အတွက်ကြောင့် တရုတ်ရဲ့ သြဇာခံနိုင်ငံ၊ သြဇာခံဆိုတာတော့ နိုင်ငံရေးစကားမှာတော့ Patron-Client ဆက်ဆံရေး - တရုတ်က patron မြန်မာနိုင်ငံက client state - တရုတ်ရဲ့ ကျေးဇူးခံ ကျေးဇူးစားနိုင်ငံ ဖြစ်သွားမယ်။ တနည်းအားဖြင့်ပြောရင် Satellite state - ရုရှား ဆိုဗီယက် အင်ပါယာက အရှေ့ဉရောပနိုင်ငံတွေကို အခြံအရံနိုင်ငံတွေအဖြစ် ထားရှိခဲ့သလို မြန်မာနိုင်ငံကိုလည်း အဲဒီလို Satellite state ပုံစံမျိုးဖြစ်အောင် လုပ်နေတာ ဖြစ်တယ်ဆိုပြီးတော့ သုံးသပ်ကြတာ ဖြစ်ပါတယ်။ ဒါကတော့ မဆန်းပါဘူး - ဒီလိုပဲ မြင်ကြမှာပါ။

မေး ။ ။ အဲ့ဒီတော့ တရုတ်က စစ်ကောင်စီဘက်က လိုက်ပြီးတော့ ဖိအားပေးလာတာကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကကော လက်ခံပါ့မလား။

ဖြေ ။ ။ ဘယ်လိုမှ လက်ခံကြိုဆိုကြမယ့် သဘောတော့ မရှိပါဘူး။ ဘာလို့ဆို သူတို့နဲ့ တိုက်နေတဲ့ သူတို့ရဲ့ ရန်သူဖြစ်တဲ့ စစ်ကောင်စီကို မြှောက်ပင့်ပြီးတော့ လုံးဝအကာကွယ်ပေးမယ်လို့ ပြောလိုက်ပြီးတော့၊ သူတို့ကို ခြိမ်းခြောက်တယ်။ ဆိုတော့ သူတို့အတွက် အထူးနစ်နာမယ့်ကိစ္စပါ။ ဒါပေမဲ့ သူတို့ ဘာတက်နိုင်မှာလဲ။ သူတို့က သိပ်စဥ်းစားရမယ့်ကိစ္စပါ ဒီအချိန်မှာ။ ဆိုတော့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီကိုအောင်ဇော် အင်တာဗျူးမှာ ဒီကိစ္စနဲ့ နည်းနည်းဆက်စပ်ပြီးတော့ ပြောသွားတာ ရှိပါတယ်။ သူတို့က ဒီနိုင်ငံနဲ့ ဆက်ဆံတဲ့အခါမှာ သိပ်သတိထားရတယ်။ မှန်ပါတယ်။ သူတို့က သတိထားပြီးတော့ အများကြီး ချင့်ချိန်စဥ်းစားရမှာ ဖြစ်ပါတယ်။ သူတို့စည်းကမ်းနဲ့ သူတို့ဘောင်နဲ့ အပြောအဆို တခွန်းမှားသွားရင် သူတို့ ဒုက္ခရောက်နိုင်ပါတယ်။ နောက်ပြီးတော့ သူတို့အချင်းချင်းလည်း ဒါကို ညှိနှိုင်းပြီးမှာ အဖြေရှာကြလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့ တိုင်းရင်သားအင်အားစုတွေ မဟာမိတ်တွေနဲ့ အကုန်လုံး သဘောတူညီမှု ရယူပြီးတော့မှ သူတို့ ဆုံးဖြတ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ကို စောင့်ကြည့်ရမှာပေါ့လေ။

မေး ။ ။ အရင်က တရုတ်က စစ်ကောင်စီကို သိပ်ပြီးတော့ လိုလိုလားလား ရှိတဲ့ပုံ မရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း သိပ်ပြီးတော့ နှစ်သက်ပုံ မပေါ်ဘူးလို့ တချို့ကလည်း သုံးသပ်တာတွေလည်း ရှိပါတယ်။ အခုကြမှ ဘာဖြစ်လို့ ပေါ်ပေါ်ထင်ထင် ထောက်ခံလာတာပါလဲ။

ဖြေ ။ ။ အဓိကအားဖြင့် တခြားရွေးစရာလူ မရှိဘူး တရုတ်အတွက်။ တရုတ်အနေနဲ့ နိုင်ငံတကာမှာ ဂုဏ်သိက္ခာကြီးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ လုပ်နေတဲ့အချိန်မှာ State to State Relation ပေါ့လေ။ နိုင်ငံ-နိုင်ငံချင်း ဆက်ဆံတဲ့ရေးကို အမြဲတမ်းဦးစားပေးရပါတယ်။ State Centric Diplomacy လို့ ခေါ်တာပေါ့။ အဲ့ဒီလို လုပ်တဲ့နေရာမှာ မြန်မာနိုင်ငံမှာ မြန်မာတနိုင်ငံလုံးကို ကိုယ်စားပြုပြီးတော့ သူ့အကျိုးစီးပွားအတွက် လောလောဆယ်ပြောရင် စစ်ကောင်စီပဲ ရှိတယ်။ ဆိုတော့ သူနဲ့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဆိုတော့ သူက မချစ်သောလည်း အောင့်ကနမ်း ဆိုသလို သူနဲ့ပဲ ဆက်ဆံနေရမှာပဲ ဖြစ်ပါတယ်။ သူ့အပြင် တခြားအစားထိုးမယ့်ဟာ မရှိပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်တာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့ပုဂ္ဂိုလ်ရေးအားဖြင့် သိပ်မကြိုက်ဘူးဆိုတာတော့ သေချာပါတယ်။ အာဏာသိမ်းကထဲက စစ်ကောင်စီကို ကြိုဆိုတယ် ဘာညာ တစ်ခါမှ မပြောခဲ့ဘူး။ နိုင်ငံတော် အကြီးအကဲဖြစ်လည်းပဲ အသိအမှတ်ပြုပြီးတော့ ဖိတ်မန္တကပြုတာ ကြိုဆိုတာလည်း တခါမှ မတွေ့ရပါဘူး။ ဒါ Government to Government ဆက်ဆံရေးပုံစံမျိုး၊ သက်ဆိုင်တဲ့ တာဝန်ရှိသူနဲ့ တွေ့ရတာမျိုး ဖြစ်ပါတယ်။ မလွှဲမရှောင်သာမှ တွေ့ဆုံတာ ဖြစ်ပါတယ်။ မကြိုက်တာတော့ အမှန်ပဲ။ သို့ပေမဲ့လည်း တခြားအစားထိုးနိုင်တဲ့ အဖွဲ့အစည်း မရှိဘူး။ တရုတ်က သူ့အကျိုးစီးပွားကို ကာကွယ်မယ်၊ သူ့အကျိုးစီးပွားအတွက် ဆက်လုပ်နိုင်မယ်ဆို ဘယ်သူဖြစ်ဖြစ် သူဆက်ဆံဖို့ ဝန်မလေးပါဘူး။ အစိုးရနှစ်ခုကို ယှဥ်မယ်ဆိုရင် သူက NLD အစိုးရကို ပိုပြီးနှစ်သက်ခဲ့ဟန် ရှိပါတယ်။ NLD အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Red Carpet Treatment နဲ့ သမ္မတကြီးက ခေါ်တွေ့တာတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာကတောင် အံ့အားသင့်တယ်။ သူ့လက်ထက်မှာ ဆက်ဆံရေးကလည်း ကောင်းကောင်းမွန်မွန် ပြေပြေပျစ်ပျစ် ရှိခဲ့တယ်။ နောက်ပြီးတော့ အာဏာသိမ်းတာကိုလည်း မထောက်ခံဘူး။ အခုအခါမှာလည်းပဲ NLD ပါတီကို ဖျက်သိမ်းတာတောင် သူက သဘောမတူဘူး။ ဆိုတော့ NLD ဟာလည်းပဲ အဓိကအစားထိုးနိုင်တဲ့ နိုင်ငံတကာ ကိုယ်စားပြုအဖွဲ့ ဖြစ်လာနိုင်တယ်လို့များ တရုတ်က‌ မျှော်မှန်းထားလေသလားတော့ ကျနော် မသိပါဘူး။ ဆိုတော့ လောလောဆယ် ဆက်ဆံနေရတာတော့ စစ်ကောင်စီနဲ့ မလွဲမရှောင်သာ ဆက်ဆံနေတယ်လို့ ပြောရမှာပါ။

မေး ။ ။ အဲဒီတော့ တရုတ်ရဲ့ အခုလုပ်ရပ်ကို အကောင်းမြင်တဲ့ဘက်က ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အထောက်အကူ မဖြစ်နိုင်ပါဘူးလား။

ဖြေ ။ ။ သိပ်ဖြစ်စေချင်ပါတယ်။ တကယ်ဖြစ်နိုင်တဲ့ အခြေအနေလည်း ရှိတယ်ပေါ‌လေ။ အဲ့ဒေသတွေမှာ အတိုက်အခိုက်တွေ ရပ်စဲသွားမယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် ကောင်းပါတယ်။ စစ်ဘေးရှောင်တွေ နေရာပြန်လာလို့ရမယ်။ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်သွားရင် သူတို့အတွက် စားဝတ်နေရေး Normalize ပုံမှန်ပြန်ဖြစ်သွားမယ်။ အထူးဖြင့် အဲ့ဒီမှာ စီးပွားရေးလုပ်နေတဲ့ စီဂပွားရေးသမားတွေ အတွက် အကျိုးရှိမယ်။ နောက်ပြီး စစ်ကောင်စီရဲ့ ဘက်တော်သားတွေ စစ်ကောင်စီ လိုလားတဲ့ သူတွေကတော့ ဟာ ဒီမှာတွေ့လား ဒီမှာ ငြိမ်းချမ်းရေး ရသွားပြီဆိုပြီးတော့ လက်မထောင်ပြီးတော့ ပြောစရာ ဖြစ်လာမယ်။ ဒါတွေကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေက ဘယ်လောက် တာရှည်ခံမလဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလား၊ အောင့်သက်သက်နဲ့ မလွဲသာလို့ ခံလိုက်ရတာလား။ တော်လှန်ရေး လုပ်နေတဲ့အဖွဲ့အစည်းတွေ သူတို့က သူတို့လူမျိုးစု အခွင့်အရေးအတွက်၊ လူမျိုးစု ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေက ကျေနပ်မှာလား၊ သူတို့ကတော့ တအုံနွေးနွေးနဲ့ ပြေလည်မှုတခု မရမချင်းက မကျေမနပ် ဖြစ်နေမှာဆိုတော့ ‌လောလောဆယ်မှာ ငြိမ်းချမ်းရေး ရနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ‌ရေရှည်မှာတော့ ဆက်လက်ပြီး ငြိမ်းချမ်းနေလိမ့်မယ်ဆိုတာ သံသယရှိတာပဲ ဖြစ်ပါတယ်။

မေး ။ ။ တရုတ်က အခုလို လွှမ်းမိုးလာတာကို အိမ်နီးချင်းနိုင်ငံတွေ နောက်နိုင်ငံတကာ အသိုင်းအဝိုင်းတွေကကော လက်ပိုက်ကြည့်နေမလား။ ‌နောက် ရုရှားကကော အထူးသဖြင့် အမေရိကန်ပေါ့။

ဖြေ ။ ။ ပထမဆုံး ရုရှားကို ပြောရမယ်ဆိုရင်တော့ ရုရှားကတော့ အစက သူက မြန်မာနိုင်ငံကို သူကလည်းပဲ တရားဝင်အစိုးရအဖြစ်နဲ့ အသိအမှတ်ပြုတယ်ဆိုတာထက် လက်နက်ဝယ်တဲ့ လက်နက်ဖောက်သည်လို့ပဲ သဘောထားတယ်လို့ သုံးသပ်ကြပါတယ်။ အဲ့ဒီအတိုင်း ဖြစ်နေတာ။ သူတို့ လက်နက်ရောင်းလို့ရတယ်။ နောက်တဆင့် ထပ်ပြီးစဥ်းစားလာတာက စစ်အေးပြီးတဲ့အခါမှာ သူက အရှေ့တောင်အာရှမှာ ဟိုတုန်းက ဗီယက်နမ်ကို ခြေကုတ်စခန်းထားခဲ့တယ်။ နောက်ပြီးတော့ အဲ့ဒါတွေလည်း လွတ်သွားတော့ အခုတကြိမ်ပြန်ပြီးတော့ မြန်မာနိုင်ငံကို စစ်ကောင်စီကတဆင့် ခြေကုတ်ယူပြီးတော့ လွှမ်းမိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိဟန်တူပါတယ်။ ဒါပေမဲ့ အဲ့ဒီဟာကို တရုတ်က အခုလိုကန့်ပြလိုက်တော့ ရုရှားက ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး။ တရုတ်နဲ့ ရုရှားကလည်း အမေရိကန်ကို ယှဥ်မယ့်နေရာမှာသာ ပခုံးချင်း လက်တွဲညီနေကြတာ။ ကျန်တဲ့နေရာမှာ သူတို့အချင်းချင်းလည်း ပြိုင်ဘက်ဖြစ်နေကြပြီး၊ ပြိုင်လည်းပြိုင်နေကြတယ်။ အဲ့ဒါကိုတော့ ရုရှားက သိပ်ကြိုက်မှာမဟုတ်ပါဘူး။ သို‌သော်လည်းပဲ သူက မလုပ်နိုင်တော့ဘူး ယူကရိန်းစစ်ပွဲနဲ့ကို သိပ်အလုပ်များနေတဲ့အချိန်မှာ အခု ယူကရိန်းဘက်က တန်ပြန်ထိုးစစ်တွေက ပြင်းထန်နေတော့ ရုရှားလည်း ပြန်လှည့်ကြည့်နိုင်မယ်လို့ မဟုတ်ဘူးလို့ ထင်ပါတယ်။ နောက် အမေရိကန် အမေရိကန်ကတော့ ထူးထူးခြားခြား ဒီတစ်ခါ Antony Blinken တရုတ်နဲ့ တွေ့တဲ့အခါမှာ မြန်မာနိုင်ငံအရေးကိုလည်း ဆွေးနွေးတယ်ဆိုတော့ လူတိုင်းစိတ်ဝင်စားကြတယ်၊ မျှော်လင့်ကြတယ်။ အထူးသဖြင့် အမေရိကန်ဘက်က မြန့်မာ့အရေးကို စောင့်ကြည့်နေတဲ့ Derek Mitchell တို့လို သူတို့က ဒီဟာကို ကောင်းတယ် အဲ့ဒီလို နှစ်နိုင်ငံညှိနှိုင်းပြီးတော့ အဖြေရှာနိုင်ရင် ပိုကောင်းတယ်။ တချို့ကတော့ သူတိုတင်မက - အခြား အိန္ဒိယတို့ ဘာတို့ပါ ထည့်ပြီး ဖြေရှင်းနိုင်ရင် ပိုကောင်းတယ်လို့ ပြောတယ်။ ဖြေရှင်းနိုင်ရင်တော့ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ တဘက်သတ်မဖြစ်ဘဲနဲ့ မှန်ကန်တဲ့ ပုံစံမျိုးနဲ့ ဖြေရှင်းတဲ့အထိကို လက်ခံနိုင်မလား။ စစ်ကောင်စီ စစ်တပ်ရဲ့ သဘောသဘာဝကတော့ ဖြေရှင်းမှု့ကို သူတို့အကျိုးရှိဖို့အတွက်ဆို လက်ခံမယ်။ အခုအခါမှာတော့ တော်လှန်ရေးအင်အားစုတွေ၊ တွန်းလှန်အင်အားစုတွေဘက်က စစ်ရေးအားဖြင့် အပေါ်စီးရနေတယ်ဆိုတော့ ညှိနှိုင်းတဲ့နေရာမှာ နည်းနည်းအလေးချိန်စီးတယ်ဆိုတော့ ဘယ်လိုများ ဖြစ်လာမလဲတော့ မသိကြပါဘူး။ တချို့ဆို အိမ်နီးချင်းနိုင်ငံတွေက အာဆီယံတို့ တရုတ်တို့နဲံ ပေါင်းပြီးတော့ပေါ့လေ Humanitarian Intervention စာနာမှုအရ ဝင်ရောက်စွက်ဖက်ပြီးတော့ တပ်ဖွဲ့တွေ လွှတ်ပြီးတာ့ လုပ်လို့ဖြစ်နိုင်မလား။ ဘယ်လိုမှ ဖြစ်နိုင်မယ်လို့တော့ မထင်ပါဘူး ကျနော်ကတော့။ လက်တွေ့မကျသေးဘူးလို့ ထင်ပါတယ်။ နိုင်ငံတကာမှာတော့ အဲ့ဒီလို ရှိနေပါတယ်။

ဘယ်လောက်ထိ ညှိညှိနှိုင်းနှိုင်းနဲ့ ဝင်ရောက်လာနိုင်ကြမလဲ။ သူတို့ ဖြေရှင်းရင်ရော စစ်မှန်တဲ့ အဖြေရမလားဆိုတာကတော့ ဘယ်လိုမှ ယတိပြတ် မပြောနိုင်ပါဘူး။ အကောင်းဆုံးက အကုန်လုံးအချင်းချင်း မညီညွတ်နေလို့ ဖြစ်နေကြတာလေ။ မညီညွတ်တာကလည်း စစ်ကောင်စီက အာဏာသိမ်းလိုက်တော့ လူတွေက မခံနိုင်ဆန္ဒပြတယ်။ ဆန္ဒပြတော့ ပစ်သတ်တော့ ထွက်ပြေးတယ်။ လက်နက်ကိုင်ကြတယ်ဆိုတော့။ ဒီလိုပဲ ဖြစ်သွားတာ အကြောင်းကတော့။ ဒါကို အစကတည်းက ဒီလိုမဖြစ်ခဲ့ရင်တော့ အကောင်းဆုံးလို့ပြောရမှာပါ။

မေး ။ ။ ဟုတ်ကဲ့ပါ။ အခုနောက်ဆုံး မေးနေကျ မေးခွန်းပေါ့။ မြန်မာ့အရေး စစ်မှန်တဲ့ ပြေလည်မှု့ရရှိမယ့် အလားအလာ ရှိပါ့ရဲ့လား။

ဖြေ ။ ။ ရင်တမမနဲ့ပါပဲ။ ခါတိုင်းဖြေကျဘဲ။ ဒီလိုပဲ သိပ်ပြီးအားတက်သရောနဲ့ ဖြေစရာအဖြေ မတွေ့ရှိခဲ့သေးပါဘူး။ အခုလည်းပဲ အဲ့လောက်ထိ အားတက်စရာ အဖြေမရှိပါဘူး။ အခုစဥ်းစားရတဲ့ အဖြေက သိပ်ပြီးတော့ အကောင်းကြီး ဖြစ်လာနိုင်တယ်ဆိုတာထက် နည်းနည်းပြေလည်မှု့ ရရှိသွားနိုင်တယ်။ လောလောဆယ်မှာ ဖိအားပေးထားတဲ့ အတွက်ကြောင့်ဆိုပြီး ဖြစ်နိုင်တယ်။ အမေရိကန်တို့ ဘာတို့က နိုင်ငံတကာကလည်း ဝင်ပြီးကြီးကြပ်မယ်ဆိုရင်တော့ ယာယီပြေလည်မှု့ ရရှိသွားနိုင်တဲ့အဆင့်တော့ ဖြစ်ကောင်းဖြစ်သွားနိုင်မယ်လို့ ထင်ပါတယ်။ တဘက်မှာလည်း ရေရှည်မှာ ပြန်ပြီးဆိုးလာနိုင်တဲ့ အခြေအနေလည်း ဖြစ်သွားနိုင်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။