ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်တဲ့အပေါ် မှာ နိုင်ငံတကာ အထူးသဖြင့် အနောက်မဟာမိတ်တွေက စိုးရိမ်နေကြပါတယ်။ ဒီလို စေလွှတ်တဲ့အတွက် ယူကရိန်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်ပါသလား။ အနောက်မဟာမိတ်တွေနဲ့ တကွ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်စတဲ့ အရှေ့ဖျားနိုင်ငံတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးပွဲ အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင် မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ရုရှားက ယူကရိန်းကို တိုက်လာတာ သုံးနှစ်ကျော်လာပါပြီ။ အခုကြတော့မှ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် တစ်သောင်းလောက်ကို ရုရှားမှာ သင်တန်းတွေပေးတယ်။ နောက် နယ်စပ်ကို တပ်ဖွဲ့ဝင်တွေကို နေရာချထားပေးတယ်။ အဲဒါ ဘာဖြစ်လို့ပါလဲ။ ရုရှားဘက်က အရေးနိမ့်လာတဲ့ အခြေအနေ ဖြစ်လာလို့ပါလား။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ မှန်ပါတယ်။ တကယ်တော့ ရုရှားဟာ အစကတည်းက ယူကရိန်းစစ်ပွဲမှာ ရင်ဆိုင်ရတာဟာ ယူကရိန်း တနိုင်ငံတည်း မဟုတ်ပါဘူး။ ယူကရိန်းနောက်မှာ ဥရောပ၊ ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံးဆိုတဲ့ စစ်ရေးမဟာမိတ် နေတိုးတဖွဲ့လုံး ရှိနေတယ်။ သူတို့ဆီက လက်နက်တွေနဲ့ ယူကရိန်းက အဓိက ခုခံနေတာ ဖြစ်တယ်။ ဒါကို ရုရှားက ဖြိုခွဲဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါတောင်မှ ဥရောပ၊ နေတိုးတို့ကရတဲ့ လက်နက်တွေကို ရုရှားထဲကို မပစ်ရဘူးဆိုတဲ့ စည်းကမ်းရှိနေလို့။ အဲဒါတောင်မှ ယူကရိန်းက ပစ်ခွင့်ပေးပါဆိုပြီး အပြင်းအထန် တောင်းဆိုနေတယ်။ ယူကရိန်းတပ်တွေက ရုရှားနိုင်ငံရဲ့ Kursk ဒေသကို ဝင်ပြီးတော့ တန်ပြန်ထိုးစစ်ဆင်လိုက်တာ တော်တော်လေးကြီးကျယ်တဲ့ ထိုးစစ်ပါ။ ရုရှားက ဒီစစ်ကို တိုက်လာတာမှာ စစ်သားပေါင်း သိန်းနဲ့ချီပြီးတော့ သေဆုံးခဲ့ပြီဆိုတော့ ယူကရိန်းကို သူတို့လိုချင်တဲ့ မှတ်လောက်သားလောက် လက်စွမ်းပြ ထိုးစစ်ဆင်နိုင်တာ တခုမှ မရှိသေးဘူး။ အဲဒီအတွက်ကြောင့် မြောက်ကိုရီးယားက လက်နက်တွေကို ရုရှားက မျှော်လင့်တယ်။ လက်နက်ချင်းမမျှဘူးဆို၊ ဗျူဟာရောက်လာတာ ဖြစ်ပါတယ်။ ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံ သဘောတူညီချက်ကိုလည်း ဒီနှစ်အစောပိုင်းမှာပဲ ပူတင်နဲ့ ကင်ဂျွန်အန် တို့ တွေ့ဆုံတုန်းက သူတို့ရဲ့ သဘောတူညီချက်ကို Comprehensive Strategic Partnership အားလုံးကို လွှမ်းခြုံတဲ့ မဟာဗျူဟာ မဟာမိတ်ဆိုတဲ့ သဘောမျိုးနဲ့ ချုပ်ဆိုလိုက်တယ်။ ဆိုလိုတဲ့သဘောကတော့ စစ်ရေးလည်း ပါဝင်တယ်။ သူ့နိုင်ငံကို ဝင်တိုက်ရင် ခင်များနိုင်ငံကို ဝင်တိုက်ခံရတဲ့သဘောထားပြီး အပြန်အလှန် ကူညီပေးဖို့ဆိုတဲ့ သဘောအထိ ပါလာတယ်။ အဲဒီသဘောတူညီချက်ကလည်း အစကတည်းက လမ်းခင်းထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် Kursk ကို ဝင်တိုက်ခံရပြီးနောက်ပိုင်းမှာ သူတို့အတွက် အများကြီး လိုအပ်လာတာ ဖြစ်တယ်လို့ အဲဒီလိုတွက်ပြီး မြောက်ကိုရီးယားတပ်ကိုပို့တာ ဖြစ်ပါလိမ့်မယ်။
မေး ။ ။ ရုရှားကို မြောက်ကိုရီးယားက တပ်ဖွဲ့တွေကို စေလွှတ်ပြီးတော့ ကူညီတာ တခြားသီးခြား ဘာအကျိုးအမြတ် ရှိလို့ပါလဲ။
ဖြေ ။ ။ မြောက်ကိုရီးယားဘက်က အကျိုးအမြတ် ရှိပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားဆီက အမြဲတမ်း အကူအညီတွေ လိုအပ်နေတယ်။ အထူးသဖြင့် လက်နက်တွေ အဆင့်မြှင့်ဖို့အတွက် နည်းပညာတွေ လိုအပ်တယ်။ နောက် Satellites, Missiles ကိစ္စအတွက်လည်းပဲ နည်းပညာ လိုအပ်တယ်။ ရုရှားက ဒီဟာကို အဓိကအားဖြင့် ပံ့ပိုးကူညီနိုင်တယ်။ ကူညီလည်း ကူညီနေပါတယ်။ ဒါ့အပြင် ရုရှားဆီက သူတို့ဟာ စားနပ်ရိက္ခာတွေ၊ လောင်စာတွေ ရုရှားဘက်က ပို့ပေးတယ်။ မြောက်ကိုရီးယားဟာ ရုရှားကို တော်တော်များများ မှီခိုအားထားနေရတဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲဒါအပြင် ဘာအကျိုးစီးပွား ရနိုင်လည်းဆိုတော့ မြောက်ကိုရီးယား စစ်သားတွေက စစ်မတိုက်တာကြာပြီ။ သူတို့ စစ်အင်အားသာ အမြောက်အမြားစွာ တော်တော့်ကို အကြီးမားဆုံး စစ်သားအရေအတွက်ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်အောင်သာ လုပ်ထားတာ။ ဒါပေမဲ့ တိုက်ပွဲအတွေ့အကြုံ မရှိဘူး။ အထူးသဖြင့် နိုင်ငံတကာ တိုက်ပွဲအတွေ့အကြုံ မရှိဘူးဆိုတော့ ရုရှားလိုနေရာ သွားပြီးတော့ ယူကရိန်းနဲ့ တိုက်ပွဲမှာ ပါဝင်လိုက်ခြင်းအားဖြင့် တိုက်ပွဲအတွေ့အကြုံလည်း အများကြီးရလာမှာ ဖြစ်တယ်လို့ အဲဒီလို သုံးသပ်ကြပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ကူညီတဲ့အတွက် ရုရှားဘက်က တန်ပြန် အကူအညီ ရရှိနိုင်တဲ့သဘော ဖြစ်ပါတယ်။
မေး ။ ။ ယူကရိန်းနယ်စပ်မှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ချထားတဲ့အပေါ်မှာ ကမ္ဘာကလည်း စိုးရိမ်ကြပါတယ်။ အခြေအနေတွေက ဘယ်လို ဖြစ်လာနိုင်လို့ပါလဲ။
ဖြေ ။ ။ စိုးရိမ်ပါတယ်။ အမေရိကန်ကတော့ ထိပ်ဆုံးက။ သူက ဒီစစ်ပွဲကို ဦးဆောင်ပြီး တိုက်နေရတာကို။ သူက နေတိုးအဖွဲ့ ခေါင်းဆောင်အနေနဲ့လည်းလည်းပဲ ဥရောပတခုလုံးမှာ ကမ္ဘာရဲ့ လုံခြုံရေးတောင်မှ သူက ဝင်ပြီးတော့ ထိန်းသိမ်းတာ ဘာညာလုပ်နေတော့ ဒီစစ်ပွဲ ကျယ်ပြန့်လာမှာကို အမေရိကန် အစိုးရိမ်ဆုံးပါ။ သူတို့ဘက်က ပိုပြီးတော့ ဒါကိုမြန်မြန်ဆန်ဆန် မပြီးနိုင်ဘဲ တာရှည်ဖြစ်လာမယ်။ စစ်ကျယ်ပြန့်လာမှာကို သူတို့ စိုးရိမ်ပါတယ်။ ဒါကတော့ သဘာဝကျပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်အရှေ့ပိုင်းမှာဆို စိုးရိမ်တယ်။ တောင်ကိုရီးယားလည်း သိပ်စိုးရိမ်လောက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ရန်ဖြစ်နေတဲ့ နိုင်ငံ ဖြစ်တယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို တချိန်လုံး သိမ်းမယ်ဆိုပြီး ရန်စနေတဲ့နိုင်ငံ ဖြစ်တယ်။ လက်နက်တွေ စမ်းပြနေတယ်ဆိုတော့ မြောက်ကိုရီးယားက ရုရှားနဲ့ အကူအညီ အပြန်အလှန်အားဖြင့် ရုရှားဆီကလည်းပဲ သူတို့ အကူအညီတွေ ရလာနိုင်တယ်။ အလားတူ တခုခု ဖြစ်လာခဲ့ရင်ပေါ့။ မြောက်ကိုရီးယားက တောင်ကိုရီးယားကို ရန်စလာခဲ့ရင် ရုရှားက လုံးဝမားမားမတ်မတ် ရပ်တည်လာနိုင်တယ်။ စောစောက ပြောခဲ့တဲ့ သဘောတူညီချက်အရ။
၁၉၅၃ ကိုရီးယားစစ်ပွဲ ပြီးတဲ့အခါမှာ တောင်နဲ့မြောက် ကိုရီးယားစစ်ပွဲဟာ မပြေလည်ဘဲနဲ့ လမ်းခွဲသွားတာ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားခြင်းလည်း မရှိပါဘူး။ တောင်ကိုရီးယားအတွက် အထူးစိုးရိမ်စရာ ဖြစ်ပါတယ်။ နောက်တောင်ကိုရီးယားရဲ့ စိုးရိမ်ချက် နောက်တခုက ဘာလဲဆိုတော့ ရုရှားဟာ သိပ်ပြီးတော့ ဟိုဘက်မှာ ဘေးကျပ်နံကျပ် ဖြစ်လာရင် ဒုတိယ စစ်မျက်နှာတခုကို မြောက်ကိုရီးယားကတဆင့် ဒီဘက်မှာ လာဖွင့်နိုင်တယ်။ အရှေ့ဖျားမှာ တောင်ကိုရီးယားတို့ ဂျပန်တို့မှာ လာဖွင့်နိုင်တယ် ဆိုပြီးတော့ ဆိုးမြို့တော်က ငြိမ်းချမ်းရေး Institute တခုက သုတေသီတယောက်က ပြောတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ ထွက်ပေါက်ပိတ်လို့ ဒီဘက်မှာ ထွက်ပေါက်အဖြစ်လာရင် သူတို့က ရှေ့ဆုံးက ခံရမယ့်နိုင်ငံ ဖြစ်တယ်ဆိုတော့ တောင်ကိုရီးယားအတွက်တော့ အဓိက အစိုးရိမ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ တောင်ကိုရီးယားသည် ယူကရိန်ကို အစတုန်းက Non-Leather Assistance ပေးတယ်။ မိုင်းရှာဖွေရေးတို့ ဘာတို့ တခြား အကူအညီတွေ ပေးတယ်။ ဒါပေမဲ့ အခုအခါမှာ လက်နက်တောင် ပို့ပေးရရင်ကောင်းမလား ဆိုတာထိ သူတို့ စဥ်းစားလာတာ တွေ့ရပါတယ်။ သူတို့က အထိခိုက်နိုင်ဆုံး နိုင်ငံ ဖြစ်နေတယ်။
နောက်တနိုင်ငံက ဂျပန်။ ထိုနည်းလည်းကောင်းပါပဲ မြောက်ကိုရီးယားနဲ့ ရုရှား သိပ်ရင်းနှီးသွားရင် ဂျပန်အတွက် သိပ်အန္တရာယ် ရှိတယ်။ မြောက်ကိုရီးယား ဗုံးစမ်းရင် ဂျပန်နားမှာ မကြာခဏဖြစ်လို့ ပြဿနာ ဖြစ်နေရတယ်။ ဆိုတော့ ဂျပန်နဲ့ ရုရှားကလည်း ဒုတိယကမ္ဘာစစ်ပြီးကတည်းက ငြိမ်းချမ်းရေးစာချုပ် မရှိဘူး။ Peace Treaty မရှိဘူး။ Armistice လို့ ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့သာ သူတို့ နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို စစ်ရပ်စဲရေး သဘောတူညီချက်ကို အဆင့်မြှင့်ရအောင် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဖို့အတွက် ဂျပန်ဘက်က ကမ်းလှမ်းခဲ့ဖူးတာတွေ ရှိပါတယ်။ နောက်ဆုံးကမ်းလှမ်းဖူးတာ ၂၀၂၂ မှာ ထင်တယ်၊ ကမ်းလှမ်းတယ်။ ဒါကို ရုရှားဘက်က ပယ်ချတယ်။ ဆိုတော့ သူတို့ဟာ အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ နိုင်ငံပေါ့။ တဘက်ဘက်က စလိုက်မယ်ဆိုရင်။ အခုနက ပြောခဲ့သလိုဘဲ မြောက်ကိုရီးယားကတဆင့် ရန်စလာရင် သူတို့လည်း ခံရမှာ ဖြစ်တယ်။ ဂျပန်ကလည်းပဲ ဒီကိစ္စကို အထူးစိုးရိမ်နေပါတယ်။ ဒါကလည်း သူတို့အတွက် အထူးစိုးရိမ်စရာ။
နောက်စဥ်းစားတာက ဥရောပ။
မေး ။ ။ ဥရောပနိုင်ငံတွေကကော ဘယ်လို တုံ့ပြန်လဲ။
ဖြေ ။ ။ ဥရောပကိုလည်း နှစ်ခုခွဲပြောရရင် ပထမဆုံး အဲဒီလို မြောက်ကိုရီးယား စစ်သားတွေ ဟိုဘက်ကို ပို့လိုက်တယ်ဆိုကတည်းက တောင်ကိုရီးယားက ကာကွယ်ရေးအဖွဲ့တဖွဲ့က နေတိုးအဖွဲ့ကို သွားပြီးတော့ တင်ပြတယ် အဲ့ဒီကိစ္စကို။ နေတိုးကတော့ တောင်ကိုရီးယားကို သုံးတာ အရှေ့ဖျားက နေတိုးမဟာမိတ်နိုင်ငံ တခုပေါ့။ နေတိုးအဖွဲ့ဝင် မဟုတ်ပါဘူး။ နေတိုးအဖွဲ့ အတွင်းရေးမှူးက အဲ့ဒါကို ရှင်းလင်းချက် ထုတ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါတို့က အလေးနက်ထားတယ်၊ အဲဒီကိစ္စကို ငါတို့က ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို အပြင်းအထန် စဥ်းစားရမှာ ဖြစ်တယ်ဆိုပြီးတော့ သူက ပြောသွားတယ်။ နေတိုးအဖွဲ့ကတော့ တာဝန်ရှိတယ်ဆိုတော့ စစ်ရေးအားဖြင့် တစုံတခု ဒီဟာကို သူတို့ လုပ်လာမယ်လို့ ယူဆရပါတယ်။ နောက်တခုက ယူကရိန်းက Kursk ကို ဝင်ပြီးတော့ တိုက်ခဲ့တာမှာလည်း ယူကရိန်းရဲ့ ရည်မှန်းချက်ကို ဘာတွေ ထည့်ပြောကြလဲဆိုတော့ ယူကရိန်းက ဒီလို တိုက်ပြလိုက်ခြင်းအားဖြင့် နေတိုးက ယူကရိန်းကို လက်နက်တွေ ပို့ပေးခြင်း၊ မပေးခြင်း ချီတုံချတုံ ဖြစ်နေတဲ့နေရာမှာ ဒီလို ပြသလိုက်တဲ့အတွက် ယူကရိန်းကို နေတိုးအဖွဲ့က လက်နက်တွေ ပုံအောပေးမယ်ဆိုတဲ့ သဘောတူညီချက်က ပိုပြီးတော့ ခိုင်မာလာနိုင်လို့ တွေးလို့ရပါတယ်။
နောက်တခုက နေတိုးအပြင် EU ဥရောပသမဂ္ဂက သူတို့ရဲ့ နိုင်ငံခြားရေးတာဝန်ခံ Josep Borrell က ဂျပန်ကို သွားတယ်။ ဒီကိစ္စကိုပဲ ပြောမှာပါ။ နောက် တောင်ကိုရီးယားကို ရောက်တယ်။ ဒီနေ့မှာပဲ ရောက်ပြီးတော့ တောင်ကိုရီးယားကို ပြောတယ်။ တောင်ကိုရီးယား ရောက်ရုံတင်မက မြောက်နဲ့တောင်ကြားမှာ စစ်မဲ့ဇုန် သတ်မှတ်ထားတဲ့ နေရာကို သွားတယ်။ ငြိမ်းချမ်းရေးအတွက် ငါတို့ အားဖြည့်ရမယ်ဆိုတာ ပြသတဲ့ သဘော ဖြစ်တယ် ဆိုပြီးတော့ ပြောတယ်။ တောင်ကိုရီးယားနိုင်ငံကို သူတို့ဘယ်လို ကူညီနိုင်မယ် ဆိုတာကို သူတို့ အသေးစိတ်ဆွေးနွေးတယ် ဆိုတာကို တွေ့ရပါတယ်။ ဆိုတော့ ဒီကိစ္စဟာလည်းပဲ ဥရောပဟာလည်း သိပ်အလေးနက်ထားတယ်။ တကယ်တမ်း ယူကရိန်းစစ်ပွဲ ကျယ်ပြန့်လာရင် ရင်ဆိုင်ရမှာက အမေရိကန်က အဝေးကြီးပါ။ ဥရောပမှာ ဖြစ်လာမှာလေ အဓိကအားဖြင့်။ အမြဲတမ်းလို သူတို့က ဒီကိစ္စကို ကြုံနေရတာ စိုးရိမ်နေရတာဆိုတော့ ဥရောပကလည်း သိပ်အလေးနက်ထားတယ်လို့ ယူဆရပါတယ်။
မေး ။ ။ ဒီလို မြောက်ကိုရီးယားဘက်က တပ်တွေ ပို့လာတဲ့အပေါ်မှာ အမေရိကန်ကနေ တရုတ်ကို ဝင်ထိန်းပေးဖို့ ပြောခဲ့တယ်။ အဲဒီတော့ တရုတ်က ထိန်းနိုင်မလား။
ဖြေ ။ ။ တရုတ်ရဲ့ မြောက်ကိုရီးယားပေါ် သဘောထားကတော့ ရုရှားလို စစ်ရေးအားဖြင့် အကုန်လုံး ပေးမယ်ဆိုတဲ့ သဘောမျိုးထက် မြောက်ကိုရီးယားကို နိုင်ငံတကာမှာ ဝင်ဆန့်အောင် ထိန်းသိမ်းကာကွယ်ပေးတဲ့ ဆက်ဆံရေးမျိုးပဲ မြောက်ကိုရီးယားနဲ့ တရုတ် ဆက်ဆံရေးက အဲဒီလိုပဲ ရှိပါတယ်။ ဆိုတော့ ရုရှား လိုအပ်သလို မြောက်ကိုရီးယားရဲ့ အကူအညီကိုလည်း တရုတ်က မလိုအပ်ပါဘူး။ သူဟာနဲ့သူ နေနိုင်တဲ့ အခြေအနေ စီးပွားရေး၊ စစ်အင်အား အကုန်လုံး တရုတ်မှာ ရှိပါတယ်။ ဒါကြောင့် တချို့သုံးသပ်သူတွေက ဒီကိစ္စမှာ တရုတ်ဟာ ဘေးကျပ်နံကျပ် အခြေအနေနဲ့ ကြုံနေရတယ်။ သူက ကမ္ဘာမှာ ငြိမ်းချမ်းရေးတွေ ဆောင်ရွက်ပေးတယ်။ တကယ့်နိုင်ငံတွေရဲ့ ပဋိပက္ခတွေမှာ ဆောင်ရွက်ပေးဖို့၊ ကြားဝင်ပေးဖို့ လုပ်နေတယ်။ အဲဒါကို အကြောင်းပြပြီးတော့ လုပ်နေတယ်။
ယူကရိန်းစစ်ပွဲကိုလည်း သူက ရုရှားဘက်က တဘက်သတ် မထောက်ခံပါဘူး။ ရုရှားကို အကူအညီပေးနေတဲ့ နည်းပညာတွေကို တရုတ်က ပေးတယ်။ ဒါပေမဲ့ အဲဒီနည်းပညာတွေကို စစ်ရေးမှာ သုံးနေတယ်လို့ ဥရောပ၊ အမေရိကန်တို့က စွပ်စွဲဖူးတယ်။ ဒါကို တရုတ်က မဟုတ်ပါဘူးဆိုပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်တယ်။ ဆိုတော့ အခုကိစ္စမှာလည်း တရုတ်ကို ကျူးကျော်တဲ့ မြောက်ကိုရီးယား တပ်ဖွဲ့တွေကို ရုရှားကို ပို့ပေးပြီး ရက်ပိုင်းအတွင်းမှာ အမေရိကမှာရှိတဲ့ တရုတ်သံအမတ်ကြီးကို အမေရိကန်ကာကွယ်ရေးဌာနက ပုဂ္ဂိုလ်တွေက တွေ့ပြီးတော့ ဝင်ထိန်းပေးပါလို့ ပြောပါတယ်။ တရုတ်က ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို သတင်းထဲမှာ မဖော်ပြပါဘူး။ တကယ်လို့ စောစောက ပြောခဲ့တဲ့အတိုင်းပဲ မြောက်ကိုရီးယားတဆင့် အရှေ့ဘက်မှာ စစ်မျက်နှာဖွင့်လာမယ်ဆိုရင် အဓိက ရင်ဆိုင်ရမှာ တရုတ်ပဲ။ ငါတို့က ငြိမ်းချမ်းရေးလုပ်ပြီး စီးပွားရေးလုပ်ဖို့ လုပ်နေတာ မင်းတို့က စစ်ဖြစ်အောင် ဒီဘက်ကို ခေါ်လာပြန်ပြီဆိုပြီး တရုတ်အနေနဲ့ ဘေးကျပ်နံကျပ် ဖြစ်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ရုရှားက သူ့ရဲ့ အဓိက မဟာမိတ်အီရန် - သူကလည်း မြောက်ကိုရီးယားလိုပဲ ကာကွယ်ရေး သဘောတူညီမှုစာချုပ် ချုပ်မယ်လို့ ပြောနေတော့ အီရန်ဘက်ကလည်း ဒီလိုမျိုး ရုရှားကို အကူအညီတွေ ပို့လာနိုင်သလား။
ဖြေ ။ ။ အရင်တုန်းကတော့ ပို့ထားပါတယ်။ အီရန်က ဒရုန်းတွေပေးတယ်။ ကျည်ဆံတွေ ဘာတွေ ပေးပို့တာတွေ ရှိပါတယ်။ ဒါပေမဲ့ အခုက အီရန်မှာ လောလောဆယ် သူ့ပြဿနာက အကြီးကြီး ဖြစ်နေပြီ။ သူက ဟက်ဇီဘိုလာတွေက အစ္စရေးနဲ့ စစ်ဖြစ်လာတော့ အီရန်ရဲ့ တိုက်ခိုက်မှုကို အစ္စရေးရဲ့ လက်တုံ့ပြန်တာတွေရှိတော့ ဘယ်လောက်ကျယ်ပြန့်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး။ အီရန်က ဒီကိစ္စကို အာရုံစိုက်နေတော့ လောလောဆယ်မှာ ရုရှားကို ကူညီချင်သည်တိုင်အောင် မြောက်ကိုရီးယားလို ကိုယ်ထိလက်ရောက်ထိလောက် အီရန်က လုပ်နိုင်ချေ မရှိဘူးလို့ ယူဆရပါတယ်။
မေး ။ ။ ဒါဆိုရင် မြန်မာနိုင်ငံ အခြေအနေကော။ ရုရှားနဲ့ ဆက်ဆံရေး အဆင်ပြေနေတော့ အဲဒီလို ကာကွယ်ရေး သဘောတူညီမှု စာချုပ်တွေ ဘာတွေ ချုပ်ဆိုနိုင်သလား။
ဖြေ ။ ။ မြန်မာနိုင်ငံ စစ်ကောင်စီကတော့ ရုရှားလက်ထဲ ရောက်နေတာပဲ။ ဒါပေမဲ့ ကာကွယ်ရေးမဟာမိတ် ဘာညာချုပ်ဆိုတယ်လို့တော့ မကြားရသေးပါဘူး။ မြန်မာကတော့ အပြင်းအထန် ထောက်ခံတယ်။ ရုရှားရဲ့ လုပ်ရပ်ဟာ ကမ္ဘာ့ရဲ့ အင်အားချိန်းခွင် Balance of Power ဥို ထိန်းပေးတဲ့ နိုင်ငံကြီးတခုအနေနဲ့ မြင်တယ်လို့ ထောက်ခံခဲ့တယ်။ ဒါပေမဲ့ ရုရှားကလည်း ကျေနပ်ပေမဲ့ မြန်မာနိုင်ငံရဲ့ စစ်အင်အားကိုတော့ အားကိုးလောက်ရအောင် ဘာမှမရှိဘူးလို့ ထင်ပါတယ်။ တိုင်းပြည်တွင်းမှာ စစ်အင်အားက အဆမတန် လျော့နည်းနေတာ။ တကယ်တော့ ဖြစ်ချင်မှာပေါ့ - သူတို့ကတော့ လုပ်ပြချင်မှာပဲ။ သို့ပေမဲ့ သိပ်အလားအလာ မရှိဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။