တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်နဲ့ အမေရိကန် တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ NUG နဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ တွေ့ဆုံမှုတွေကို နှိုင်းယှဉ်မယ်ဆိုရင် ဘယ်ဟာက ပိုပြီးအလေးသာတယ်လို့ ပြောနိုင်ပါသလဲ။ အမေရိကန်ဟာ တရုတ်ရဲ့ မြန်မာနိုင်ငံတွင်း ထိုးဖောက်လာမှုကို ထိထိရောက်ရောက် ဟန့်တားလိုတဲ့ဆန္ဒနဲ့ အခြေအနေ ရှိပါရဲ့လား။ မြန်မာနိုင်ငံဟာ ဒီအင်အားကြီးနိုင်ငံ နှစ်ခုကြား Proxy War ခေါ် တဆင့်ခံစစ်ပွဲရဲ့ စစ်မြေပြင်တခု ဖြစ်လာနိုင်ခြေကော ရှိနေပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကိုလာပြီးတော့ မရှေ့မနှောင်းမှာပဲ အမေရိကန်အစိုးရဘက်က NUG ယာယီသမ္မတနှင့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တချို့နဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ အကူအညီတွေ ပေးမယ်လို့လည်း ကတိပေးပါတယ်။ အဲဒါက အွန်လိုင်းကနေ ဆွေးနွေးကြတာပေါ့။ ဒါက ဘာသဘောပါလဲ။ တိုက်ဆိုင်မှုလို့တော့ ပြောလို့မရဘူးထင်တယ်။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ မရပါဘူး။ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ တရုတ်လုပ်လို့ အမေရိကန်က လိုက်လုပ်တယ်ဆိုတာတော့ သေချာပါတယ်။ အရင်လည်း ဒီလိုပဲလုပ်နေကြပဲ - အပြန်အလှန်။ ဟိုတုန်းက အမေရိကန်က NUG ရုံးကို ဝါရှင်တန်ဒီစီမှာ ဖွင့်ခွင့်ပေးလိုက်တော့ တရုတ်ကလည်း ချက်ချင်းပဲ နယ်စပ်ဒေသက တိုင်းရင်းသားအဖွဲ့တွေကို ခေါ်တွေ့တာတွေ အပြန်အလှန်လုပ်ကြတယ်။ ဒါပေမဲ့ အခုကိစ္စနှစ်ခုမှာ တရုတ်လုပ်တဲ့ကိစ္စက တော်တော်လေး အရေးကြီးပါတယ်။ ရှမ်းမြောက်မှာ တိုင်းရင်းသားအင်အားစုတွေက ရှမ်းမြောက်စစ်ဌာနချုပ်အပါအဝင် လားရှိုးတို့ဘာတို့ကို သိမ်းယူလိုက်ပြီးပြီဆိုတော့ စစ်ကောင်စီက အရမ်းအထိနာနေချိန် ဖြစ်ပါတယ်။ ဒီလိုအထိနာနေချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူတွေကို မိန့်ခွန်းပြောရင်နဲ့ တရုတ်ကို နာမည်မတပ်ရုံတမယ် ဝင်စွပ်နေတယ် ဘာညာပုတ်ခတ်ပြီးတော့ ပြောသွားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်က လာဖြေရှင်းတာ၊ ရှင်းပြတာလည်း ဖြစ်မယ်။ ဆိုတော့ တနည်းအားဖြင့်ပြောရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒီအတွက်လာတွေ့တယ်ဆိုတော့ နည်းနည်းအသိအမှတ်ပြုခြင်းတဲ့သဘောလို့ ယူဆနိုင်ပါတယ်။ သူပြောတဲ့စကားကို ကြည့်မယ်ဆိုရင် သတိပေးတာတွေက ပိုများပါတယ်။
တိုက်ပွဲတွေဖြစ်နေတာ သူတို့မကြိုက်ပါဘူးလို့ ပြောတယ်။ ဝိုင်းထိန်းသိမ်းပေးမယ်လို့ ပြောတယ်။ သို့ပေမဲ့ တရုတ်နိုင်ငံကို သိက္ခာချပြီးတော့ ပြောတာတွေကိုတော့ ဆန့်ကျင်တယ်။ တရုတ်နဲ့ သူတို့ကို သွေးခွဲပြီးတော့ ပြောတဲ့စကားတွေကို ဆန့်ကျင်တ။ အဲဒါအပြင် တရုတ်စီးပွားရေးနဲ့ တရုတ်အလုပ်သမားတွေ၊ တရုတ်လူမျိုးတွေကို မထိခိုက်စေဖို့လည်း သတိပေးသွားတယ်ဆိုတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ပြောသွားတာ ဖြစ်ပါတယ်။ နောက်တချက် သတိထားမိတာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရုံတင်မကဘဲ, ဗိုလ်ချုပ်မှူးကြီးသန်းရွှေအထိ တက်တွေ့ခဲ့တယ်ဆိုတော့ ဒါဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သိပ်ပြီးတော့ နိုင်ငံတော်အကြီးအကဲအဖြစ် သူ့တယောက်တည်းကိုကွက်ပြီး အလေးထားတာ မဟုတ်ဘူးဆိုပြီး မသိမသာ undermine လုပ်သွားချင်တဲ့သဘောလို့လည်း ယူဆနိုင်ပါတယ်။ ဒါက တရုတ်ဘက်ကလာတဲ့ ကိစ္စ။
အမေရိကန်ဘက်ကတော့ ဘာမှတော့ ထိထိရောက်ရောက်တော့ မဟုတ်လှပါဘူး။ သူက သူနဲ့ သက်ဆိုင်တဲ့ လူတချို့၊ ပြောနိုင်မယ့်လူတချို့ NUG, K3C လို့ခေါ်တဲ့ ကရင်အဖွဲ့တွေ၊ ကရင်နီ၊ ချင်းတို့ကို အွန်လိုင်းက တွေ့ပြီးတော့ ဘယ်လို အကူအညီပေးမယ်ဆိုတာကို ပြောတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် Lip Service နှုတ်ကတိပဲ ပြောနေတာများပြီလို့ ပြောရမှာပေါ့။ လူတွေက သိပ်ပြီးတော့ မယုံကြည်ကြတော့ပါဘူး။ အရင်တုန်းကလည်း Burma Act ဆိုပြီးတော့ ဘယ်လို ဘယ်ညာပေးမယ်ဆိုပြီး အကြိမ်ကြိမ်ပြောခဲ့တယ်။ ပိုက်ဆံ ဘယ်နှစ်သန်း ဘာညာ ပြောခဲ့ပေမဲ့ တခါမှ လက်တွေ့အကောင်အထည် မဖော်သေးဘူး။ အခုလည်းပဲ ပြောပြန်ပြီ။ တကယ်တမ်း ဒူဝါးလရှီးလကလည်း ပြောတယ် - အဓိကပေးစေချင်တာကတော့ လိုအပ်တာက လေကြောင်းရန်ကာကွယ်ရေး ကြိုတင်သတိပေးတဲ့ Early Warning System - စစ်ကောင်စီကလာပြီး ဗုံးကျဲတာကို ကာကွယ်နိုင်ဖို့။ အဲဒီတခုနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ သူတို့ဒေသခံတွေအတွက် ထိရောက်တဲ့ စာနာမှုအကူအညီပေးရင် လုံလောက်ပါတယ်လို့ ပြောပေမဲ့ အခုထက်ထိ လက်တွေ့အကောင်အထည်ဖော်တာ မရှိသေးပါဘူး။ အမေရိကန်ကတော့ ပြောရုံသာ ပြောနေတာ ဖြစ်ပါတယ်။ ဒီနှစ်ခုက တိုက်ဆိုင်မှုတော့ မဟုတ်ဘူး။ ဒါပေမဲ့ တွေ့ဆုံတဲ့ ပုံစံချင်းက တရုတ်ဘက်က တွေ့ဆုံမှုက သိပ်ပြီးထိထိရောက်ရောက်နဲ့ သူတို့လိုချင်တာကို ပေါက်မြောက်အောင် လုပ်သွားတဲ့သဘော ဖြစ်ပြီးတော့ အမေရိကန်ဘက်ကပြောတာက ဆောက်ဖြစ်မှာ ကျောင်းဒကာပေါ့။ ဘာဖြစ်လာမလဲ။ ဘယ်လောက်ဖြစ်လာမလဲဆိုတာ မသေချာဘူးလို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ အမေရိကန်ဘက်က မြန်မာ့အရေးကို ဘယ်လောက်ထိ အလေးထားပါသလဲ။ တရုတ်လောက် အလေးထားပါသလား။
ဖြေ ။ ။ အခုနပြောတာကို ကြည့်ခြင်းဖြင့် တရုတ်လောက် အလေးမထားဘူးဆိုတာကို သိသာပါတယ်။ တရုတ်အတွက် မြန်မာနိုင်ငံက မရှိမဖြစ် ပထဝီအနေအထား ပထဝီနိုင်ငံရေးအရ သိပ်အရေးကြီးပါတယ်။ တရုတ်ကို အိန္ဒိယသမုဒ္ဒရာဘက်ကို သွားဖို့လာဖို့ ကုန်သွယ်ဖို့ ကိစ္စအားလုံးဟာ မလက္ကာရေလက်ကြားကို ဖြတ်ပြီးသွားနေရတယ်။ Malacca Dilemma လို့တောင် ပြောဆိုကြတယ်။ အဲဒီလိုဖြတ်သွားပြီးတော့ အကျပ်အတည်းရှိနေတဲ့အခါမှာ တကယ်လို့ ပြဿနာတခုခုဖြစ်လို့ အဲဒီက ပိတ်ခံလိုက်ရရင် တရုတ်က ဒီဘက်ထွက်လို့ မရတော့ဘူး။ မြန်မာပြည်က ဖြတ်ပြီးတော့ ဘင်္ဂလာပင်လယ်အော်ဘက် ထွက်ဖို့ဆိုတာ တရုတ်ရဲ့ အဓိကရည်မှန်းချက် ဖြစ်ပါတယ်။ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက် မဟာဗျူဟာ ရည်မှန်းချက် ဖြစ်ပါတယ်။ အကျိုးစီးပွား ဖြစ်တယ်။ နောက်တခါ စီးပွားရေးအားဖြင့်လည်း Belt and Road လမ်းအတွက် မြန်မာပြည်ကို ဖြတ်ရမှာတွေ ရှိတယ်။ နောက်ပြီးတော့ တရုတ်-မြန်မာ နယ်စပ်မှာ စီးပွားရေးစင်္ကြာလမ်းတွေ အကြီးအကျယ် လုပ်နေတယ်။ နောက် နယ်စပ်ကုန်သွယ်ရေးကလည်း သိပ်ထွန်းကားတဲ့အရာ - အဲဒီမှာလည်း မတည်မငြိမ်ဖြစ်လို့ မရဘူး။ အဲဒါကိုလည်း ဖြစ်တဲ့နည်းနဲ့ ထိန်းချင်တယ်။ စစ်ကောင်စီက မထိန်းနိုင်ဘူးဆိုရင် ၀ကို ထိန်းခိုင်းမယ်ဆိုတဲ့ သဘောမျိုး အခုပြလိုက်တာကို တွေ့ရတယ်။ နောက်ပြီးတော့ ရခိုင်ကို ဖောက်ထားတဲ့ ရခိုင်ကတဆင့် လုပ်နေတဲ့ ကျောက်ဖြူရေနက် စီမံကိန်း၊ ပိုက်လိုင်းတို့ စသဖြင့် အဲဒါတွေ လုပ်နေတယ်ဆိုတော့ ဒါတွေက တရုတ်အတွက် သိပ်အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်တယ်။ တရုတ်ရဲ့ ရည်ရွယ်ချက် ကြီးမားတဲ့ မရှိမဖြစ် အနေအထားမှာ မြန်မာနိုင်ငံက ရှိနေတယ်။
အမေရိကန်အတွက် ဒီလောက်ထိ အရေးမကြီးပါဘူး။ အမေရိကန်ဟာ တရုတ်လုပ်တာကို တုံ့ပြန်တဲ့သဘော၊ တနည်းပြောရရင် တရုတ်ပေါ်လစီက Pro-active Policy, အမေရိကန်က Reactive Policy တရုတ်လုပ်တာကို တုံ့ပြန်ပြီးလုပ်တဲ့သဘောသာ ဖြစ်ပါတယ်။ တရုတ် ဘာလုပ်လဲ အဲဒီလို သဘောပြောလိုက်တော့ အမေရိကန်က ဘယ်လိုပေးမယ်လို့ပြောလိုက်ပြီး တကယ်တမ်း ဘာမှထိထိရောက်ရောက် လုပ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးဆိုတာကို တွေ့ရပါတယ်။
မေး ။ ။ ဒါဆိုရင် တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံနဲ့ ပတ်သက်လာရင် စစ်ကောင်စီရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ တော်လှန်ရေးအဖွဲ့တွေကရော NUG က ဘယ်လိုသဘောထား ရှိပါလဲ။
ဖြေ ။ ။ စစ်ကောင်စီရဲ့ သဘောထားကတော့ အမေရိကန်က ဒီမိုကရေစီ မဟုတ်ရင် လက်မခံဘူး။ အာဏာသိမ်းကတည်းက လုံး၀ပစ်ပယ်လိုက်ပြီးတော့ စစ်ကောင်စီက အမေရိကန်ရဲ့ အသိအမှတ်ပြုမှုကို လိုချင်ပေမဲ့လည်း လုံး၀မဖြစ်နိုင်ဘူး။ တရုတ်ကိုတော့ သူက သတိထားဆက်ဆံနေပါတယ်။ တရုတ်နဲ့ ဆက်ဆံနေပေမဲ့ တရုတ်ကို ကြိုက်လွန်လို့ မဟုတ်ဘူး။ ပြည်သူတွေအားလုံးက တရုတ်ကို ဆန့်ကျင်တယ်ဆိုတာ သိတယ်။ ဗီုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့မိန့်ခွန်းထဲမှာ တရုတ်ကို ရှုတ်ချပြီးပြောတယ်။ နောက်ပြီးတော့ သူ့လူတွေကို စုပြီးတော့ တရုတ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လုပ်ခိုင်းတယ်၊ ဘာညာတွေ ရှိခဲ့တယ်။ ဆိုတော့ သူတို့က တရုတ်ကို ဆက်ဆံနေရတာ မချစ်သောလည်း အောင့်ကနမ်းနေရတဲ့ သဘော။ တရုတ် မရှိရင်လည်း မဖြစ်ဘူး။ တကယ်တော့ စစ်ကောင်စီသာ မကပါဘူး။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် တရုတ်နဲ့ ကင်းကွာလို့ မရပါဘူး။ သမိုင်းအစဉ်အဆက်လည်း တရုတ်နဲ့ ထိတွေ့နေခဲ့တာ ဖြစ်တယ်။ အင်အားကြီးဆုံး နိုင်ငံလည်းဖြစ်တယ်ဆိုတော့ တရုတ်နဲ့ သင့်မြတ်စွာ ဆက်ဆံနိုင်တဲ့ မူဝါဒ မျှတအောင် လုပ်နိုင်ဖို့က သိပ်အရေးကြီးပါတယ်။
ထို့နည်းလည်းကောင်း အမေရိကန်နဲ့ သင့်တင့်မျှတအောင် ဆက်ဆံနိုင်ရင်လည်း အကောင်းဆုံးပေါ့။ ဒါပေမဲ့ အခု စစ်ကောင်စီအနေအထားက အဲဒီလို ဆက်ဆံနိုင်တဲ့ အနေအထား မရှိပါဘူး။ NUG ရဲ့ ဆက်ဆံရေးကို ပြောမယ်ဆိုရင် NUG သမ္မတ ဒူဝါးလရှိးလကပဲ ကျနော်တို့ VOA ကို အင်တာဗျူးပေးတဲံအခါမှာ ပြောပါတယ်။ သူတို့ကို တရုတ်က သိပ်ပြီးတော့ အသိအမှတ် မပြုချင်ဘူး။ သူက ဘာကြောင့်လည်း မသိဘူးဆိုတဲ့သဘောမျိုး ပြောပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ KNU ခေါင်းဆောင်တယောက်က ရေးတဲ့ဟာတခုလည်း ကျနော် ဖတ်ရတယ်။ သူတို့ဟာ ထိုင်းနိုင်ငံကို တရုတ်ရဲ့ ကွန်မြူနစ်ဝါဒ ထိုးဖောက်ဖို့ ကြိုးစားခဲ့တာ KNU က ထိုင်းနဲ့ပူးတွဲပြီးတော့ ရပ်တည်ခဲ့တယ်။ သူတို့ဟာ အဲဒါကို ကြည့်မယ်ဆိုရင် သမိုင်းကြောင်းမှာက KNU သည် တချိန်က တရုတ်ကွန်မြူနစ်ဝါဒ ပြန့်နှံ့လာရေးကို ဆန့်ကျင်ခဲ့တာဆိုတော့ ထိုင်းနဲ့ပေါင်းခဲ့ဖူးတယ်။ ထိုင်းနဲ့ အကျိုးတူလုပ်ငန်းတွေ ရှိတယ်ဆိုတော့ အမေရိကန်နဲ့ ထိုင်းကတဆင့် နီးစပ်တယ်လို့ ယူဆနိုင်တဲ့သဘော ရှိပါတယ်။ အဲဒီတော့ အလားတူ တောင်ပိုင်းအဖွဲ့တွေကိုလည်း အမေရိကန်က သူတို့ ချဉ်းကပ်လို့ ရတယ်ဆိုပြီးတော့ NUG နဲ့တကွ သူတို့တွေကို ချဉ်းကပ်ပြီးတော့ ပြောဆိုတာ ဖြစ်ပါတယ်။ သို့ပေမဲ့ အမေရိကန်ရဲ့ သဘောထားကလည်း ဒီအရှေ့မြောက်ဒေသမှာ တရုတ်က စီးပွားရေးအရချယ်လှယ်ပိုင်ခွင့် ရှိတယ်ဆိုတာကို သူတို့ အသိအမှတ်ပြုတယ်။ သူတို့ကြောက်တာက ဒီဘက်ကို ထိုးဖောက်လာမှာကို ကြောက်တယ်ဆိုတော့ အမေရိကန်ကလည်း သူတို့ အတိုက်အခံနဲ့ ဆက်ဆံသလို စစ်ကောင်စီက တရုတ်ကို အားထားနေသလို၊ NUG ဘက်ကတော့ လောလောဆယ်မှာ အမေရိကန်ဘက်ကို အမေရိကန်ရဲ့ ပြောတဲ့စကားကို နားထောင်နေရတဲ့သဘော။ တရုတ်နဲ့လည်း ဆက်ဆံမှုတော့ ရှိတယ်။ ဒါပေမဲ့ ပေါ်ပေါ်ထင်ထင် ဆက်ဆံနေတာတော့ မရှိပါဘူး။ အမေရိကန်ဘက်ကလည်း လုံးလုံးလျားလျား အထောက်အကူ ရလာလိမ့်မယ်လို့ သူတို့ မျှော်လင့်ပုံ မရပါဘူး။
မေး ။ ။ ဒါဆိုရင် မြန်မာ့အရေးမှာ တရုတ်နဲ့ အမေရိကန်နဲ့ ထိပ်တိုက်တွေ့လာနိုင်သလား။
ဖြေ ။ ။ ကျနော့်အထင်တော့ မတွေ့နိုင်ပါဘူး။ တရုတ်နဲ့ အမေရိကန်ဟာ အဲ့ဒီလို ပြိုင်ဆိုင်မှု့တွေတော့ ဖြစ်မယ်။ တရုတ်က စစ်ရေးအရ ထိုးဖောက်လာတာကိုတော့ အမေရိကန်က တားချင်တားမယ်။ သိုပေမဲ့ စီးပွားရေးအားဖြင့်ကတော့ ကျနော် စောစောကပြောသလိုဘဲ အထူးသဖြင့် အရှေ့မြောက်ဒေသမှာ မြန်မာနိုင်ငံကို တရုတ် စီးပွားရေးအားဖြင့် လွှမ်းမိုးပိုင်ခွင့် ရှိတယ်ဆိုတာကို အမေရိကန်က လက်ခံပါတယ်။ စစ်ရေးအားဖြင့် ဝင်ရောက်လာမှာကိုသာ သူတို့စိုးရိမ်တယ်။ အမေရိကန်အတွက် ပိုပြီးအရေးကြီးတာက အရှေ့အလယ်ပိုင်းကိစ္စတို့ ရုရှား-ယူကရိန်းကိစ္စတို့နဲ့ သိပ်လက်မလည်နိုင်ဖြစ်နေတဲ့အချိန်မှာ နိုင်ငံရေးအားဖြင့် မြန့်မာ့အရေးမှာ အဲ့ဒီလောက်ထိ Invest လုပ်စရာ ဂရုစိုက်စရာလည်း မရှိဘူးလို့ ထင်ပါတယ်။
မေး ။ ။ အဲ့ဒီတော့ ထိပ်တိုက်တွေ့နိုင်ချေ နည်းတယ်လို့ သုံးသပ်ကြတယ်ဆိုရင် တရုတ်နဲ့ အမေရိကန် ပေါင်းပြီးတော့ ပူးပေါင်းလက်တွဲ ကူညီပေးမယ့် အခြေအနေကော အလားအလာ ရှိပါလား။
ဖြေ ။ ။ သိပ်ကောင်းတဲ့ မျှော်လင့်ချက်ပါပဲ။ မြန်မာနိုင်ငံကို သူတို့နှစ်နိုင်ငံက သင့်သင့်မြတ်မြတ်နေပြီးတော့ ပူးပေါင်းလိုက်ရင်တော့ အကောင်းဆုံးပါပဲ။ အဲ့ဒီလိုသဘောမျိုးနဲ့ အကြံပေးကြတဲ့ သုံးသပ်သူတချို့လည်း အကြံပေးကြသူတချို့လည်း တွေ့ရပါတယ်။ သို့ပေမဲ့ ဖြစ်နိုင်ချေ သိပ်မရှိဘူး ထင်ပါတယ်။ အခုက သူတို့နှစ်ယောက် ဆက်ဆံရေးက သိပ်ပြီးတော့ တင်းတင်းမာမာကို ဖြစ်နေကြတယ်။ သုံးသပ်သူတချို့က ပြောကြတယ်။ မြန်မာနိုင်ငံပြဿနာကို သူတို့နှစ်နိုင်ငံ ပေါင်းပြီးတော့ ဖြေရှင်းလိုက်ရင် နှစ်ဘက်လုံးအတွက် အကျိုးရှိကြမှာပဲလို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဖြစ်လာနိုင်ချေ မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ရှရှားက စစ်ကောင်စီရဲ့ အဓိက ကာကွယ်ရေးမိတ်ဖက်လို ဖြစ်နေတဲ့အပေါ်မှာရော တရုတ်နဲ့ အမေရိကန်ကကော ဘယ်လို သဘောထားပါသလဲ။
ဖြေ ။ ။ တရုတ်ကလည်း ကြိုက်မှာ မဟုတ်ဘူး။ အမေရိကန်ကတော့ ပိုမကြိုက်ဘူး။ တရုတ်နဲ့ ရုရှားတို့ကလည်း တချိန်က ရန်ဘက်တွေ ဖြစ်ခဲ့ဖူးတယ်။ စစ်အေးကာလတုန်းက။ သို့ပေမဲ့လည်း တရုတ်က အမေရိကန်ကို လွှမ်းမိုးမှု၊ အမေရိကန်ရဲ့ Monopoly တမ္ဘာလုံးကို ဆုတ်ကိုင်ထားတယ်ဆိုတာကို ဆန့်ကျင်ဖို့အတွက် ရှရှားနဲ့ သဘောတူတယ်။ ဖြိုခွင်းရမယ်ဆိုပြီးတော့ သဘောလုပ်တော့ အမေရိကန်ရဲ့ ကြီးစိုးမှု့ကို ဆန့်ကျင်ပြီးတော့ ရုရှားနဲ့ သဘောတူထားဟန် ရှိပါတယ်။ ရုရှားကတော့ အချောင်ကြားနေပြီး မြတ်နေတဲ့သဘော ရှိပါတယ်။ စစ်အေးတိုက်ပွဲပြီးထဲက ဟိုတုန်းက အရှေ့တောင်အာရှမှာ အခြေစိုက်ပြီး ရုရှားက စွန့်လွှတ်ခဲ့ရတယ်။ ဗီယက်နမ်နိုင်ငံဆိုရင်လည်း အခုဆိုရင် ရှရှားရဲ့ ခြေကုတ်စခန်း မဟုတ်တော့ပဲနဲ့ ဖြစ်သွားတယ်။ ရုရှားကတော့ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံကိုပြန်ပြီး ခြေကုတ်ရနိုင်တယ်ဆိုတဲ့သဘော။ အခုကာကွယ်ရေး မဟာမိတ်တင်မက စီးပွားရေး ဘာညာ၊ အခြားအရှိန်အဝါအားဖြင့်လည်း မြန်မာကတဆင့် ထိုးဖောက်နိုင်တဲ့ အခွင့်အလမ်း ရှရှားမှာ ရှိနေပါတယ်။ အမေရိကန်ကို သိပ်ဂရုမစိုက်ဘူး။ အမေရိကန်ကလည်း သိပ်ဂရုမစိုက်နိုင်တဲ့အချိန်မှာ တရုတ်ကလည်း ဘာမှဟန့်တားနိုင်ချေ မရှိဘူး ဆိုတော့ ရုရှားအတွက် ပိုပြီးအခွင့်သာလာတယ်။ ရုရှားက အိန္ဒိယလို ဖြစ်နေတော့ ရုရှားက တော်တော်လေးရှေ့ကို တိုးလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
မေး ။ ။ အဲ့ဒီတော့ ဒီလိုအခြေအနေ ဒီလိုအနေအထားမျိုးမှာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးရပ်တည်ချက်ဆိုရင် ဘာဖြစ်မလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံအတွက် အကောင်းဆုံးကအချင်းချင်း စည်းလုံးညီညွတ်ပေါ့။ ဒါ State နိုင်ငံတော်တစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်။ အချင်းချင်း ပဋိပက္ခဖြစ်ပြီး ဟိုဘက်ယိမ်းချင်တဲ့သူ ဒီဘက်ယိမ်းချင်တဲ့သူ မရှိရင်တော့ မြန်မာနိုင်ငံရဲ့ ဟိုတုန်းကလည်း တည့်တည့်မတ်မတ် ဆက်ဆံခဲ့ဖူးတာ ရှိတယ်။ ဥပမာအားဖြင့် NLD အစိုးရလက်ထက်မှာပဲ တရုတ်နဲ့လည်း ဆက်ဆံတာပဲ၊ ရုရှားနဲ့လည်း အိုကေပါတယ်။ အမေရိကန်နဲ့လည်း ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တယ်။ အဲ့ဒီလိုပုံစံမျိုး နိုင်ငံခြားရေး မူဝါဒမှာ မျှမျှတတ ဆက်ဆံနိုင်ရင် အကောင်းဆုံးပါ။ ဘယ်ဘက်ကိုမှ အားကိုးလို့ မရပါဘူး။ ကိုယ်တွေရဲ့ ညီညွတ်မှု့နဲ့ ကိုယ်တိုင်ရပ်တည်နိုင်ဖို့က သိပ်အရေးကြီးပါတယ်။ အကုန်လုံး စည်းလုံးညီညွတ်တဲ့ လက်ခံနိုင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာရင်တော့ အဲ့ဒီလိုမျိုး ဖြစ်လာနိုင်ချေ ရှိပါတယ်။ မဟုတ်ဘဲနဲ့ အစိတ်စိတ်အမွှာမွှာ အချင်းချင်းကွဲနေကြရင်တော့ ဟိုဘက်ဝင် ဒီဘက်ဝင်နဲ့ ပြဿနာတွေ ဆက်လက်ပြီးတော့ ဖြစ်နိုင်လို့ ထင်ပါတယ်။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။