အမေရိကန်ရဲ့ စစ်ရေးအကူအညီ ကမ္ဘာကို လုံခြုံငြိမ်းချမ်းစေမလား

မမြသဇင်အောင်နှင့် အယ်ဒီတာ​ ဦးကျော်ဇံသာ (အယ်ဒီတာနှင့် ဆွေးနွေးခန်းအစီအစဉ်၊ မေလ ၂၉၊​ ၂၀၂၄ - ပြန်လည်ထုတ်လွှင့်)

ယူကရိန်း၊ အစ္စရေးလ်၊ ထိုင်ဝမ်တို့အတွက် အမေရိကန်အစိုးရက စစ်ရေးအကူအညီ ဒေါ်လာဘီလျံ ၁၀၀ လောက်ထောက်ပံ့ဖို့ အတည်ပြုလိုက်ပါတယ်။ ဒီအကူအညီတွေကြောင့် ကမ္ဘာကြီးဟာ ပိုမိုလုံခြုံအေးချမ်းလာနိုင်ပါသလား။ အခုတပတ် အယ်ဒီတာနှင့် ဆွေးနွေးခန်းအစီအစဉ်မှာ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ယူကရိန်း၊ အစ္စရေးလ်၊ ထိုင်ဝမ်တို့ကို ပေးဖို့အတွက် အမေရိကန်ရဲ့ ထောက်ပံ့ကူညီပေးရေး အစီအစဉ်တွေကို သမ္မတဘိုင်ဒန်က လက်မှတ်ထိုးခဲ့ပါတယ်။ ပြီးတော့ သူကပြောတာ ဒါက တကမ္ဘာလုံး ကောင်းဖို့အတွက်လို့ ပြောပါတယ်။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ တုံ့ပြန်မှုတွေက ဘယ်လိုရှိပါသလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ သမ္မတဘိုင်ဒန်ကတော့ သူပေးတဲ့ အကူအညီတွေကိုတော့ ကောင်းကြောင်းပြောမှာပေါ့။ "It's a good day for America, it's a good day for Europe and it's a good day for world peace. For real, this is consequential. " ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မယ်။ အမေရိကန် ပိုမိုလုံခြုံလာမယ်။ ကမ္ဘာကြီး ပိုမိုလုံခြုံလာမယ်လို့ ပြောပါတယ်။ တကယ်ဖြစ်နိုင်ရဲ့လား။ ဒါပေမဲ့ အမေရိကန်ပြည်သူတွေရဲ့ သဘောထားကို ကြည့်ရင်တော့ ၆၀% လောက် အကြမ်းဖျဉ်းထောက်ခံတယ်လို့ စစ်တမ်းတွေမှာ တွေ့ရပါတယ်။ ဥရောပမဟာမိတ်တွေကလည်း ထောက်ခံကြပါတယ်။ ကြိုဆိုကြပါတယ်။ ဒါပေမဲ့ ဥရောပဘက်က ဘယ်လိုစိုးရိမ်မှု ရှိသလဲဆိုတော့ အမေရိကန်ပေးတဲ့ အကူအညီဟာ ရုရှားကို အနိုင်ယူဖို့အတွက် မလုံလောက်သေးဘူး။ အဲဒီတော့ သူတို့ကလည်း ထပ်ပြီးပိုပေးရမယ်။ ထပ်ပြီးပံ့ပိုးပေးရမယ်ဆိုတော့ အမေရိကန်က အကူအညီ တိုးမြှင့်ပေးတာနဲ့ ဥရောပကလည်း လိုက်ပြီးတိုးမြှင့်ပေးရမယ်ဆိုတဲ့ကိစ္စမှာ တချို့က စိုးရိမ်ကြပါတယ်။ ဒါထက်ပိုပြီး စိုးရိမ်ကြတဲ့တချို့ကတော့ အမေရိကန်က ဒီလိုအကူအညီတွေ သိပ်ပေးလာရင် ရုရှားအနေနဲ့ အနုမြူလက်နက် နျူကလီးယားလက်နက်ကို သုံးလာနိုင်သလား။ နျူကလီးယားလက်နက်ကို သုံးတဲ့နေရာမှာ Strategic weapon တခါတည်း စစ်ပွဲပြီပြတ်သွားတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဥပမာ ဂျပန်ကို ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန် ဗုံးကြဲခဲ့တာဟာ ဗုံးကြဲပြီးတာနဲ့ စစ်လည်းပြီသွားတယ်ဆိုတော့ မဟာဗျူဟာမြောက်တဲ့ လက်နက်အတွက် အသုံးချခဲ့တာပေါ့။ အခု ရုရှား သုံးလာနိုင်တယ်ဆိုတာက Tactical Weapon ဒီစစ်ပွဲ အောင်နိုင်ဖို့ အထောက်အကူဖြစ်ရုံ - Battle field မှာ စစ်မြေပြင်မှာ သုံးမယ့်ပုံစံမျိုး လုပ်လာလေမလားဆိုပြီးတော့ စိုးရိမ်ကြပါတယ်။ အဲဒီ စိုးရိမ်မှုကတော့ ယူကရိန်းနဲ့ နယ်ချင်းစပ်နေတဲ့ ဥရောပနိုင်ငံတွေကတော့ ပိုပြီးစိုးရိမ်စရာ ဖြစ်တယ်။ အဲဒါကတော့ တုံ့ပြန်မှုတွေပါပဲ။

ဒီနေရာမှာ ရုရှားဘက်က တုံ့ပြန်မှုကတော့ ပူတင်က ပြောပါတယ်။ အမေရိကန် ဒီလိုကူညီတာ အရှက်ရစရာ ဖြစ်မယ်။ Humiliate အဖြစ်နဲ့ ကြုံရလိမ့်မယ်လို့ ပြောထားတာကို တွေ့ရပါတယ်။ ဆိုတော့ ဒါက အဓိကအားဖြင့် တုံ့ပြန်မှုလို့ ပြောရမှာဖြစ်ပါတယ်။

မေး ။ ။ ဒီအစီအစဉ်တွေကို အတည်ပြုလိုက်ပြီးတော့ လတ်တလော တိုးတက်မှုတွေက ဒီဟာရဲ့ ထိရောက်မှုက ဘာတွေလဲ။

ဖြေ ။ ။ လတ်တလော တိုးတက်မှုကတော့ တကယ်တော့ အဲဒီမှာ ပြောရမယ်ဆိုရင် ဒီအစီအစဉ် အကူအညီပေးဖို့အတွက်ကတော့ လနဲ့ချီပြီးတော့ ကြန့်ကြာနေခဲ့တာ။ အမေရိကန် ကွန်ဂရက်မှာ လွှတ်တော်မှာ အတည်ပြုမှု မရနိုင်တဲ့အတွက်ကြောင့်။ အဲဒီအတွက်ကို ယူကရိန်းက အတော်လေး အထိနာထားပြီဖြစ်တယ်။ ဆိုတော့ အဲဒီအထိနာတာကို ပြန်ကာပေးနိုင်တာနဲ့ ယူကရိန်းဘက်က အားတက်စရာ ဖြစ်လာမယ်။ ဒီကိစ္စမှာ ပြန်ကာနိုင်မယ်ဆိုတော့ ရုရှားက တဘက်သတ်ပစ်နေတဲ့ ဒရုန်း၊ လေကြောင်းပစ်ခတ်မှုတွေကို လောလောဆယ်မှာ ဟန့်တားနိုင်တဲ့ သဘောမျိုး နည်းသွားအောင် လုပ်နိုင်မယ့်သဘော ရှိမယ်။ သို့ပေမဲ့ ယူကရိန်းဘက် အလေးသာလာနိုင်တဲ့ အထောက်အပံ့မှုမျိုးတော့ မဟုတ်ဘူးလို့ သုံးသပ်သူတွေ၊ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ယူကရိန်းဟာ ရုရှားဆီမှာ ရှုံးနှိမ့်ထားရတာ သူတို့နယ်မြေရဲ့ ငါးပုံတပုံလောက် ရှိတယ်။ အဲဒါတွေကို ပြန်ပြီးသုံးလာနိုင်တဲ့အဆင့်တော့ မရောက်ဘူး။ အဓိကအားဖြင့်တော့ ယူကရိန်းအတွက် သူတို့ ပိုမိုအထိမနာရအောင် အချိန်ဆွဲနိုင်တယ်။ အချိန်ဆွဲပြီး လုပ်နိုင်တယ်ဆိုတဲ့ အခြေအနေမျိုးတော့ ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒါကတော့ လောလောဆယ်မှာ။

မေး ။ ။ အဲဒီတော့ အခုနပြောခဲ့တာကို ကြားဖြတ်မေးချင်တာက နှောင့်နှေးကြန့်ကြာတယ်ဆိုတာ အဲဒါလေးကို ပြောပြပေးပါ။

ဖြေ ။ ။ နှောင့်နှေးကြန့်ကြာတာက အမေရိကန်က အကူအညီပေးဖို့ ကွန်ဂရက်လွှတ်တော် - အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ဖြစ်တဲ့ ဆီနိတ်ကော သဘောတူမှ သမ္မတက လက်မှတ်ထိုးပြီး ဥပဒေ ဖြစ်လာတာဖြစ်တယ်။ အဲဒီကိစ္စမှာ ကွန်ဂရက်လွှတ်တော်မှာ သဘောမတူညီမှုတွေ ရှိခဲ့တယ်။ ကန့်ကွက်မှုတွေနဲ့ လုံလောက်တဲ့ မဲအရေအတွက် မရဘူး။ ကန့်ကွက်တာမှ အဓိကပထမတချက်က ရီပတ်ဘလင်ကန်ပါတီဝင်တချို့က သူတို့ပါတီအတွက် ဦးစားပေးမူဝါဒတွေဖြစ်တဲ့ အမေရိကန်နယ်စပ် လုံခြုံရေး၊ နယ်စပ်က လူဝင်မှု တားဆီးရေး Immigration ဥပဒေ ကိစ္စတွေမှာ သမ္မတဘိုင်ဒန်တို့ဘက်က မလိုက်လျောတဲ့အတွက်ကြောင့် ပိုပြီးအကျပ်ကိုင်တဲ့သဘော အဲဒီကိစ္စကို ပညာရှင်တချို့က သုံးပြတွယ်။ အဲဒါကို ဘာခေါ်သလဲဆိုတော့ Legislative Hostage-Taking ဥပဒေမှာ ပြန်ပေးဆွဲတယ် - အဲဒီ အပေးအယူ လုပ်ဖို့အတွက် ပြန်ပေးဆွဲထားတဲ့ သဘောလို့ သုံးကြတယ်။ ဒါကတော့ မူအားဖြင့် ဖြစ်တာ။ နောက် ပေါ်လစီ - ဒီထက်အရေးကြီးတဲ့ ကိစ္စကတော့ တဘက်ကတော့ - American First နေရာတကာမှာ အမေရိကန်က ထိပ်ဆုံးကနေ Last နောက်ဆုံး ဖြစ်သွားတယ်။ ယူကရိန်းက အခု ပိုပြီးတော့ အမေရိကန် အကျိုးစီးပွားထက် သူများနိုင်ငံ အကျိုးစီးပွားကို အလေးထားလုပ်နေရပါလား၊ ပေးနေရပါလားဆိုတဲ့ အမြင်လည်း ရှိကြတယ်။ အဲဒီနှစ်ခုကြောင့် နှောင့်နှေးကြန့်ကြာမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုကတော့ အများစုထောက်ခံမှုကို ရတဲ့အတွက်ကြောင့် လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။

မေး ။ ။ နောက်တဘက်မှာလည်း တရုတ်က ရုရှားကို စစ်ရေးအရ အကူအညီတွေပေးတယ်၊ ဒဏ်ခတ်အရေးယူမယ့်သဘောမျိုး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တရုတ်နိုင်ငံခရီးစဉ်မှာ ပြီးခဲ့တဲ့အပတ်က အဲဒီသဘော ပြောခဲ့ပါတယ်။ အဲဒီတော့ ဒီပေါ်မှာလည်း နည်းနည်းရှင်းပြပေးပါအုံး။

ဖြေ ။ ။ လောလောဆယ်မှာတော့ အဲဒီလို အထောက်အထား - တရုတ်သည် ရုရှားကို စစ်ရေးအကူအညီတွေ ပေးနေတယ်ဆိုတဲ့ အထောက်အထား မရှိသေးဘူးလို့ ပြောကြပါတယ်။ ဝန်ကြီးဘလင်ကန်တို့ဘက်ကပြောတာက သူတို့က နည်းပညာနဲ့ ကရိယာပစ္စည်းတွေသာ ထောက်ပံ့တယ်။ အဲဒီဟာတွေက ရုရှားက လက်နက်ထုတ်လုပ်ရေးမှာ အသုံးပြုနိုင်တယ်လို့ ပြောတယ်။ အဲဒါကိုသာ ကန့်ကွက်တာ ဖြစ်ပါတယ်။ ရုရှားကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတယ်လို့ မပြောဘူး။ ထောက်ပံ့လာရင်တော့ ဒီဟာကို ဒဏ်ခတ်အရေးယူမယ်လို့ သူက ခြိမ်းခြောက်ပြောဆိုတာ ဖြစ်ပါတယ်။ တရုတ်က အဲဒီလို ထောက်ပံ့လာနိုင်စရာလည်း သိပ်တော့မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်က ရုရှားကို တဘက်သတ် ကူညီတယ်။ ဒီစစ်ပွဲမှာ ဘယ်ဘက်က ပါဝင်တယ်ဆိုတဲ့ပုံစံမျိုး သူက မပြချင်ဘူးနဲ့ တူပါတယ်။ သူက ငြိမ်းချမ်းရေးစကားတောင် ပြောနေတဲ့လူဆိုတော့။ ဒီကိစ္စမှာ ပေါ်ပေါ်ထင်ထင် တဘက်ဘက်ကို သိပ်ပြီးတော့ ဖိပြီးအားပေးနေတယ်ဆိုတဲ့ သဘောတော့ မတွေ့ရပါဘူး။ ယူကရိန်းဘက်နဲ့လည်း စကားပြောခဲ့တာတွေ ရှိတယ်ဆိုတော့။ နောက်ပြီးတော့ တရုတ်ကိုယ်တိုင်က ရုရှားနဲ့ ဆက်ဆံရာမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်တာတွေ ရှိပါတယ်။ အခုနလို စစ်လက်နက်ပစ္စည်း မကူညီတဲ့အပြင် Banking ဘဏ်လုပ်ငန်းနဲ့ ပတ်သက်လို့လည်း ရုရှားတချို့ဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ တရုတ်က ပိုပြီးထိန်းထိန်းသိမ်းသိမ်း တွန်းတွန်းဆုတ်ဆုတ် လုပ်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်ဆိုတော့ ဘလင်ကန်တို့ဘက်က ဘယ်လိုပင် စွပ်စွဲပြောဆိုပေမဲ့ အဲဒီအထိကတော့ တရုတ်က ရှေ့တိုးလာလိမ့်မယ်လို့ မယူဆနိုင်ပါဘူး။

မေး ။ ။ ဒီအစီအစဉ်တွေထဲမှာ အစ္စရေးလ်ကို ပေးမယ့် အကူအညီတွေလည်း ပါပါတယ်။ ဒီအကူအညီတွေကကော ငြိမ်းချမ်းရေးအတွက် ဘယ်လောက်ထိ ထိရောက်ပါမလဲ။

ဖြေ ။ ။ အဲဒါ မေးခွန်းထူးစရာ ဖြစ်ပါတယ်။ စစ်ရေးလက်နက် ထောက်ပံ့တယ်ဆိုတဲ့နေရာမှာ Ethically ကိုယ့်ကျင့်တရား ကျင့်ဝတ်သိက္ခာပိုင်းအရ Morally လိုက်နာရမယ့်ဟာတွေ ရှိပါတယ်။ နိုင်ငံတကာမှာ လက်နက်ထောက်ပံ့ရေး Convention တွေကို ကြည့်လိုက်ရင်လည်း Atrocities ရက်စက်ဖိနှိပ်မှု၊ ကြမ်းကြုတ်မှုတွေကို ကာကွယ်ပေးဖို့အတွက် အဟန့်အတားလုပ်ဖို့အတွက်သာလျှင် ထောက်ပံ့ရမယ်ဆိုတာ ရှိပါတယ်။ ဆိုတော့ အမေရိကန်က အစ္စရေးလ်ကို ပေးနေတဲ့ အထောက်အပံ့ဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ဟန့်တားဖို့ပေးတာ ဟုတ်ရဲ့လား။ လက်ရှိစစ်မြေပြင်မှာ အစ္စရေးလ်တပ်ဖွဲ့တွေကသာလျှင် ပါလက်စတိုင်းအရပ်သားတွေကို အများကြီးတိုက်ခိုက်ပြီးတော့ ပိုပြီးဒုက္ခပေးနေတာကို တွေ့ရပါတယ်။ ဟားမက်စ်တွေကတော့ ဟုတ်တယ်။ ပထမဦးဆုံး ဝင်တိုက်ပြီးတော့ ဘယ်လိုသေခဲ့ရတယ်။ ပြန်ပေးဆွဲခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ပြန်လည်တုံ့ပြန်နေတာက အဲဒါထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေ ပိုပြီးလုပ်လာတာတွေ၊ ကျူးလွန်တာတွေက အစ္စရေးလ်ဘက်က ဖြစ်နေတယ်လို့ ကမ္ဘာက ရှူ့မြင်ကြပါတယ်။ ဒါကြောင့်လဲ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်ဆိုတော့ အမေရိကန်က ငြိမ်းချမ်းရေး လုပ်ဖို့ စေ့စပ်ပါ၊ ဘာညာဆိုပြီးတော့ အကြိမ်ကြိမ်ဆွေးနွေးတယ်။ အီဂျစ်ကတဆင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ဂျော်ဒန်နိုင်ငံတွေတဆင့် အစ္စရေးလ်က ပါးစပ်ကသာပြောတယ် - တခါမှ မလိုက်နာဘူး။ မလိုက်နာရင်လဲ အမေရိကန်က လက်နက်က ပေးမြဲပေးနေတယ်ဆိုတော့ လူပြောစရာ သိပ်ရှိပါတယ်။ ဒါကြောင့်လဲ ဒီမှာလည်း အမေရိကန် ကျောင်းသူကျောင်းသားတွေကအစ ပြဿနာတွေ အပြင်းအထန် ဖြစ်ရတယ်။ ဒီကိစ္စကို ဆန့်ကျင်ကြတယ်။ ပါလက်စတိုင်း ပြည်သူတွေကို ထောက်ခံကြတယ်။ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် စာနာတယ်။ ထိုနည်းလည်းကောင်းပါပဲ လန်ဒန်တို့ ဘာတို့မှာလည်း မကြာခဏ ဆန္ဒပြမှုတွေ ဖြစ်နေကြပါတယ်ဆိုတော့ အစ္စရေးလ်ကို ပေးတဲ့ စစ်ရေးအကူအညီက ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မယ်ဆိုတဲ့ဟာကတော့ မေးခွန်းအကြီးကြီး မေးစရာဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီထဲမှာ ထိုင်ဝမ်ကို ထောက်ပံ့တဲ့ကိစ္စလည်း ပါပါတယ်။ ဒီပေါ် တရုတ်ရဲ့ သဘောထားက ကျေနပ်ပါ့မလား။

ဖြေ ။ ။ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ တကယ်တော့ အစကတည်းက ထိုင်ဝမ်ကို ၁၉၇၉ မှာ ထင်တယ် - အမေရိကန်က One China Policy ကို အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီကိစ္စက တဖြည်းဖြည်း အမေရိကန်က သွေဖိလာပြီးတော့ ထိုင်ဝမ်ကို မြှောက်ပေးလာတယ်။ လွတ်လပ်တဲ့ ရပ်တည်မှုဖြစ်အောင် တရားဝင် မဟုတ်သည်တိုင်အောင်မှ အဆင့်မြင့်ပုဂ္ဂိုလ်တွေ အစိုးရနဲ့ တန်းတူဆက်ဆံတဲ့ ပုံစံမျိုး လည်ပတ်တယ်။ နောက်ပြီးတော့ အထောက်အပံ့တွေ ပေးတယ်။ စစ်ရေးအထောက်အပံ့တွေ ပေးတယ်။ အကာအကွယ်ဆိုပြီးတော့ လုပ်တာတွေ ဖြစ်တယ်ဆိုတော့ တရုတ်က မကျေနပ်ပါဘူး။ ဒီကိစ္စမှာတော့ တရုတ်က အတော်လေး အကဲဆတ်ပါလိမ့်မယ်။ အခုကိစ္စမှာတော့ တရုတ်ဘက်က ဒါကို တရုတ်က ဘာပြောလဲဆိုတော့ ထိုင်ဝမ်အတွက် အန္တရာယ် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အဓိကတော့ အဲဒါပါပဲ။ ဒီကိစ္စကိုလည်း စောင့်ကြည့်ရမယ့်ကိစ္စပါ။ အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ အာရှနဲ့လည်း နီးတော့။

မေး ။ ။ နောက်ဆုံးမေးချင်တာက အမေရိကန်ရဲ့ Burma Act ဥပဒေအရ မြန်မာနိုင်ငံကို ထောက်ပံ့တဲ့ ၁၂၁ သန်း၊ ဒီလိုပေးတာဟာ တိုင်းပြည်ကို ဖျက်နေတာဆိုပြီးတော့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းသတင်းဌာနတခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။ ဒီအကူအညီက ဘယ်လောက်ထိ အရေးပါပါလဲ။

ဖြေ ။ ။ ကျနော့်အမြင် အရေးမပါပါဘူး။ သူတို့က Non-lethal ပြောပြီးတော့ ဒုက္ခသည်တွေကို ကူညီတာတွေ။ ဒုက္ခသည်တွေကို ကူညီတာတွေ ကောင်းပါတယ်။ ဒါကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် အဲဒါကိုသာ Focus လုပ်ထားတာ ဖြစ်တယ်။ ကျန်တဲ့ဟာတွေကတော့ သိပ်မစိုသလောက် ကိစ္စသာ ဖြစ်တဲ့အတွက်ကြောင့် စစ်ရေးအထောက်အကူလည်း လုံးဝမပါပါဘူး။ ဒီလောက်ထိ စိုးရိမ်စရာလည်း မဟုတ်ပါဘူး။ အမေရိကန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဒီလောက်ထိ ကူညီဖို့လည်း ရည်ရွယ်ချက် မရှိသေးဟန် တူပါတယ်။ အခု ထိုင်ဝမ်ကိစ္စမှာပဲ​ တရုတ်နဲ့ တော်တော်လေး ထိပ်တိုက်တွေ့ရမယ်ဆိုတော့ အမေရိကန် မြန်မာကိစ္စမှာ တရုတ်ကို ကလန်ကဆန်လုပ်ပြီး စစ်ရေးအကူအညီပေးပြီး၊ အဲဒီမှာ ရန်ပွဲတပွဲဖြစ်အောင် ထပ်စမယ်လို့ ကျန​ော် မထင်ပါဘူး။ စစ်ကောင်စီဘက်ကတော့ ပြောမှာပေါ့ - သူတို့က ရုရှားနဲ့ တလေသံထဲ။ ရုရှားကလည်း ဟိုဘက်မှာ ကန့်ကွက်နေတယ်ဆိုတော့ ဒီဘက်မှာလည်း မြန်မာပြည်နဲ့ ဆွဲစေ့ကန့်ကွက်တာလည်း ဖြစ်နိုင်ပါတယ်။ ရုရှားကို ထောက်ခံတဲ့ နိုင်ငံတွေထဲမှာ စာရင်းကို ကြည့်လိုက်ရင် ၇ နိုင်ငံ ၈ နိုင်ငံလောက်ရှိတဲ့အထဲမှာ မြန်မာနိုင်ငံလည်းပါတာ တွေ့ရပါတယ်။ ရှားရှားပါးပါးဆိုတော့ - မြန်မာဘက်ကတော့ အမေရိကန် လုပ်တာကို ပြောမှာပဲ။ ဒါပေမဲ့ မထင်ပါဘူး။ အမေရိကန် ဒီလောက်ပေးတာလေးနဲ့ မြန်မာနိုင်ငံလည်း မပျက်ပါဘူး။ မြန်မာနိုင်ငံပျက်တာကတော့ အချင်းချင်း ညီညွှတ်မှုမရှိတာ၊ ဒီမိုကရေစီ ကျဆုံးတာ၊ စစ်အာဏာရှင်စနစ် ပိုမိုကျယ်ပြန့်လာတာတွေကြောင့် တိုင်းပြည်အတွက် အန္တရာယ်ကြီးတဲ့ ကိစ္စတွေလို ထင်ပါတယ်။