ထိုင်နေရင် အကောင်းသား

  • ပြည်တွင်ဂျာနယ် အယ်ဒီတာတဦး

“ကျနော်က စီးပွားရေးလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ လုပ်ခဲ့သူဆိုတော့ ကျနော့်အတွက် နိုင်ငံရေးဆိုတာ သိပ်မခဲယဉ်းပါဘူး”

ဇေကမ္ဘာ ဦးခင်ရွှေကြီးရဲ့ စကားပါ။ အသံလွှင့် မီဒီယာတခုနဲ့ တွေ့ဆုံခန်းမှာ ပြောသွားတာပါ။ ဦးခင်ရွှေဟာ လာမယ့်နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး စတဲ့မြို့နယ်တွေကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်မှာ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်တဦးပါ။

ဇေကမ္ဘာကြီးက ဆက်ပြောပါသေးတယ်။

“ကျနော်က မဲဆန္ဒနယ်ထဲက ကျေးရွာတွေကို သိပ်ဆင်းစရာမလိုဘူး။ နာဂစ်ဖြစ်ပြီးကတည်းက အဲဒီခွင်ထဲဆင်းပြီး သိန်းပေါင်း ၂ သောင်းခွဲ လောက်သုံးပြီး ဘုရားတည်၊ ကျောင်းဆောက်၊ လမ်းတွေခင်း လုပ်ထားပြီးသား။ ဒီတော့ တခြားလူတွေလို ကျနော်က သိပ်စည်းရုံးနေစရာမလိုဘူး” တဲ့။

ဘုရားတည်တာ၊ ကျောင်းဆောက်တာ၊ လမ်းခင်းတာကို နိုင်ငံရေးလို့ နားလည်ထားပုံရပါတယ်။ သိန်းပေါင်း ၂ သောင်းခွဲလောက် သုံးပြီးသားတဲ့။ တကယ့်ကို လက်လွတ်စပယ် ပြောတဲ့စကားပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားလှယ်လောင်းတဦးဟာ ရွေးကောက်ပွဲ အသုံးစရိတ်အတွက် ကျပ် သိန်းတရာထက် ပိုမသုံးရလို့ ရွေးကောက်ပွဲဥပဒေမှာ အတိအကျ ပြဋ္ဌာန်းထားတယ် မဟုတ်လား။ ရွေးကောက်ပွဲဝင်မယ်သာပြောတယ်၊ ရွေးကောက်ပွဲဥပဒေကို တခါလောက်တောင် ဖတ်ထားဖူးရဲ့လားလို့ မေးရမလိုဖြစ်နေပါပြီ။

ရွေးကောက်ပွဲဥပဒေကိုတောင် သေချာနားမလည်ဘဲ ကျနော့်အတွက် နိုင်ငံရေးဟာ သိပ်မခဲယဉ်းပါဘူးဆိုတော့ အရပ်ကတို့၊ ကြားရ ကြားရ နားဝမှာ မသက်သာ ဆိုသလိုပါပဲ။

ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ပြောစရာတွေ ကျန်ပါသေးတယ်။

ဇေကမ္ဘာကြီးဟာ ချွေးမဖြစ်သူကိုလည်း အလကားမထားပါဘူး။ မဲဆွယ်စည်းရုံးရေးမှာ ချွေးမဖြစ်သူ မင်းသမီးနန္ဒာလှိုင်ရဲ့ အပေါင်းအသင်း အနုပညာသမားအချို့ကို ခေါ်သွားပြီး ပွဲသွင်းပါသေးတယ်။ နောက်ထပ် ဘယ်သူ့ကြည့်ချင်သေးလဲ၊ ပြောပါ။ နောက်တခေါက် ခေါ်ခဲ့မယ် တဲ့။ မခက်ပေဘူးလား။ နိုင်ငံရေးအကြောင်းမပြော၊ မူဝါဒအကြောင်းမရှင်းလင်းဘဲ မင်းသမီး၊ မင်းသား၊ လူရွှင်တော်တွေနဲ့ ပွဲစည်အောင် လုပ်နေပြန်သေးတယ်။ အင်း… မျောက်ပြ ဆန်တောင်းဆိုတာ ဒါမျိုး ထင်ပါရဲ့။

နိုင်ငံရေးဆိုတာ သိပ်မခဲ့ယဉ်းပါဘူးလို့ ခပ်တည်တည်ဆိုနေတဲ့ ဦးခင်ရွှေဟာ သွားလေသူ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ကောင်းမှုနဲ့ နိုင်ငံတော်အဆင့် သူဌေးကြီးဖြစ်ခဲ့သူပါ။ အရှင်မွေး နေ့ချင်းကြီးခဲ့သူပါ။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့် ရာထူးက ဖယ်ရှားခံရပြီးနောက်ပိုင်း ဇေကမ္ဘာကြီးလည်း ရှေ့တန်းမျက်နှာစာက ပျောက်နေခဲ့ရသူပါ။ အဲဒီလို အဖြစ်မျိုးနဲ့ ကြုံခဲ့ဖူးတာကို သံဝေဂမယူနိုင်ဘဲ ၁၉၉၀ ကျော်က ပုံရိပ်မျိုး ပြန်ရဖို့ အတွက် နိုင်ငံရေးနယ်ပယ်ကို ရွေးချယ်ခြေချလာဟန် တူပါတယ်။

လူရာပြန်ဝင်ဖို့ပေါ့။ အဲသလိုဆိုရင်တော့ ကြုံလို့ ဥပမာလေး တခုပေးပါရစေ။ အိမ်နီးချင်း ထိုင်းနိုင်ငံက ပြည်ပြေးဖြစ်နေတဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ဇေကမ္ဘာကြီးသိမှာပါ။ သက်ဆင်က သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောတဲ့ ဒဿနလေး ရှိတယ်။ အောင်မြင်တဲ့ စီးပွားရေးသမားတယောက်ဟာ နိုင်ငံရေးနဲ့ မပတ်သက်သင့်ဘူး။ နိုင်ငံရေးနဲ့ ဝေးဝေးနေတာ ကောင်းတယ်တဲ့ဗျာ။ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောတဲ့စကားပါ။ ဒါကြောင့် ဇေကမ္ဘာကြီးကိုလည်း သတိပေးပါရစေ။ ထိုင်နေတာ အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိနေအုံးမယ် ဆိုသလိုပါပဲ။