လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ကြဖို့

  • ပြည်တွင်ဂျာနယ် အယ်ဒီတာတဦး

ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတွေ ရုပ်မြင်သံကြားမှာ၊ သတင်းစာနဲ့ရေဒီယိုမှာ မဲဆွယ် စည်းရုံးဟောပြော နေတာတွေက အောက်တိုဘာ လကုန်ရက်မှာ ပြီးတော့မှာဖြစ်ပါတယ်။ အောက်တိုဘာ ၃ဝ ကနေ နိုဝင်ဘာ ၆ ရက်အထိ တကယ် အရေးကြီးတဲ့ကာလမှာ ပါတီတွေ လူထု ထောက်ခံမှု အမြင့်ဆုံးရဖို့ ဘယ်လိုပုံစံတွေနဲ့ လှုပ်ရှားကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။

လက်ကမ်းကြော်ငြာ စောင်ရေ ၄-၅ ထောင်လောက် ဖြန့်ရုံ၊ ဂျာနယ် ၃-၄ စောင်မှာ စာမျက်နှာ တဝက်စာလောက် အင်တာဗျူးပါရုံနဲ့ ထောက်ခံမဲရဖို့ သေချာနေပြီလားလို့ ဒီမိုကရေစီ အင်အားစုပါတီတွေကို မေးခွန်းထုတ်ကြည့်ချင်ပါတယ်။ ဝင်တော့ပြိုင်၊ မနိုင်စေနဲ့ဆိုတဲ့ ရာဇသံ မိထားတဲ့ အတိုင်းပါပဲ။ မျက်နှာမရ ခြေထောက်ရဆိုတဲ့ စကားပုံလို ရှိသမျှ ငွေရင်းလည်းကုန်၊ ရှုံးလည်းရှုံးတဲ့အပြင် ပြည်သူ့ချဉ်ဖတ် ဘွဲ့ပါ ဆွတ်ခူးကြမယ့်သူတွေပါ။

အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့စာရင်းအရ ၂ဝ၁ဝ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ မဲပေးနိုင်သူဦးရေဟာ ၂၉ သန်း ဝန်းကျင် ရှိတယ်လို့သိရပါတယ်။ ပြောချင်တာက တခြားမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ မြို့ပြတွေလောက်သာ သတင်းစာ၊ ဂျာနယ် အထိုက် အလျောက် ပျံ့နှံ့မှုရှိတာပါ။ ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက် တစ်အိမ်ထောင် ရုပ်မြင်သံကြားစက်တစ်လုံးရှိတဲ့ အခြေအနေလည်း မရောက် သေးပါဘူး။ အခုချိန်ထိ ကျေးလက်နေပြည်သူအများစုက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှ ရေရေရာရာ မသိကြသေးပါဘူး။

ပါတီတွေ ဘယ်နှစ်ခုရှိတယ်၊ ဘယ်ပါတီကဘယ်လို ဆိုတာမျိုးတွေလည်း မသိပါဘူး။ လက်လုပ်လက်စားဘဝတွေ ဖြစ်ကြတဲ့အတွက် တစ်နေ့လုံး အလုပ်လုပ်မယ်၊ ညဘက်ပြန်လာရင် လက်ဖက်ရည်ဆိုင်မှာပြတဲ့ ဘောလုံးပွဲကြုံရင်ဘောလုံးပွဲ၊ ဒါမှမဟုတ် ဇာတ်လမ်းတွဲတွေ ကြည့်ပြီး အိမ်ပြန်အိပ်ကြတာပါ။ အဲဒီလိုမျိုးတွေဟာ ရန်ကုန်မြို့တော်ရဲ့ ဆင်ခြေဖုံးလေးတွေမှာ အများကြီးပါ။

ကျေးလက်ကလူတွေက ဂျာနယ်လည်း မဖတ်နိုင်ကြပါဘူး။ ရောင်းအကောင်းဆုံး ဂျာနယ်မှ စောင်ရေ ၇ သောင်း ပါ။ လူဦးရေက သန်း ၆ဝ နီးပါပြီ။ တကယ်တော့ ရွေးကောက်ပွဲဆိုတာ မြို့နေ၊ ပညာတတ်လူတန်းစား အလွှာလောက်ထဲမှာသာ စကားလုပ်ပြီး ပြောနေ ငြင်းခုံနေ ကြတာပါ။ ဒါတွေ ပြောနေတာ အကြောင်းရှိပါတယ်။

ကြံ့ဖွံ့ ပါတီကနေ ဝင်ပြီးပြိုင်မယ့် ဝန်ကြီးတွေ၊ မြို့တော်ဝန်ကြီးတွေ၊ ဒု-ဝန်ကြီးတွေက သူတို့ ရာထူးတွေက ဘယ်တော့ နုတ်ထွက်ကြမှာ ပါလဲ။ အခုထိ အရိပ် အယောင်တောင် မပြကြသေးပါဘူး။ အဲဒီလို ရာထူးတွေ ရှိနေသမျှတော့ ဟိုသွားလိုက်၊ ဒီသွားလိုက်၊ သူတို့စရိတ် တစ်ပြားတစ်ချပ်မှမကုန်ဘဲ လူထုဆီက ကောက်ထားတဲ့ ဘဏ္ဍာငွေတွေကိုသုံး ဗြောင်ကျကျ မဲဆွယ်နေကြဦးမှာပါပဲ။

ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပမြို့နယ်မှာ မူဆလင်တွေကို မဲဆွယ်စည်းရုံးတဲ့အခါ ဗလီဆောက်ခွင့်ပြုမယ် ဆိုပြီး ပြောသွားပါတယ်။ တချိန်တည်းမှာပဲ မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကလည်း မန္တလေးမြို့က မွတ်စလင်ရပ်ကွက်တွေကို မဲဆွယ်တဲ့အခါ ဗလီ ၂ လုံး ဆောက်ခွင့်ပေးမယ်ဆိုတာ ပြောခဲ့ပြန်ပါတယ်။ အခြားပါတီတွေကသာ အဲဒီလို ပြောမယ်ဆိုရင် ကျိန်းသေပေါက် အရေးယူခံရပါလိမ့်မယ်။

ကြံ့ဖွံ့လူကြီးတွေ ကတိတွေ ရဲရဲပေးသလိုမျိုး တခြား ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ် လောင်းကမှ လိုက်တုပြီး မလုပ်ရဲပါဘူး။ ကြံ့ဖွံ့ရဲ့ မဲဆွယ်စည်းရုံး ကုန်ကျငွေစာရင်းကရော ဘယ်သူ့ဆီတင်ပြပြီး ဘယ်သူက စစ်ဆေးမှာလဲ။ အားလုံးက သူတို့လက်ခုပ်ထဲကပါ။ ပြောရရင် ကြံ့ဖွံ့ မဲဆွယ်စည်းရုံးနေတာ ပြည်သူ့ဘဏ္ဍာငွေတွေပါ။ ဒါကြောင့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်းတွေအားလုံးကို ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှုနဲ့ ဥပဒေကြောင်းအရ စွဲချက်တင်ပြဖို့ ဝိုင်းဝန်းလုပ်ဆောင် ကြစေလိုပါတယ်။

အဲဒီလို တရားစွဲဆိုဖို့ လက်ရှိ ရွေးကောက်ပွဲဝင်ကြမယ့် တ.စ.ည ပါတီ အပါအဝင် ဒီမိုကရက်တစ်အင်အားစု ပါတီတွေအားလုံး စုပေါင်းပြီး ကြိုးစားကြစေချင်ပါတယ်။ ဒါတင်မက လက်ရှိ ဖျက်သိမ်းခံထားရတဲ့ NLD ပါတီကလည်း သေသေချာချာ စီမံကိန်းချပြီး နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို တရားမဝင်ကြောင်း ကြေညာသင့်ပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားနေရင်တော့ ၂ဝဝ၈ ဆန္ဒခံယူပွဲတုန်းကလို ပြည်သူတွေ ထပ်ပြီး အလိမ်ခံကြရလိမ့်ဦးမယ်လို့ပဲ ဆိုလိုက်ပါရစေ။