ရွေးကောက်ပွဲကို ရာဇဝင်ထဲမှာ ထားခဲ့

  • ပြည်တွင်ဂျာနယ် အယ်ဒီတာတဦး

ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲရယ်လို့ စာ၊ နယ်၊ ဇင်း စာမျက်နှာတွေပေါ်မှာရော တီဗွီ အစီအစဉ်တွေမှာ လှုံ့ဆော်စည်းရုံး လှုပ်ရှားလာတာ တွေ့ရပါတယ်။ အခုအပတ်ထုတ် 7 Day ဂျာနယ်မှာ ဦးနေမျိုးဝေရဲ့ မဲဆွယ်စည်းရုံးနေတဲ့ အခြေအနေကို Feature ရေးထားတာ ဖတ်ရပါ တယ်။ အဲဒီအထဲမှာ ရေးထားတဲ့ အတိုင်းဆို လူထုရဲ့ စိတ်ဝင်စားမှု နည်းပါးလှပါတယ်။

အဲဒီအနေအထားမျိုးကို တွက်ကြည့်ရင် နိုင်ငံရေးပါတီတွေ၊ အထူးသဖြင့် ဒီမိုကရက်တစ်အင်အားစု ဆိုသူတွေ ပြောသလို လူထုက စိုးရိမ် စိတ်၊ ကြောက်စိတ်လွန်နေတာမျိုး မဟုတ်ပါဘူး။ တစ်နေ့လုပ် တစ်နေ့စား ရုန်းကန်လှုပ်ရှားနေရတဲ့အထဲမှာ “ဘာမှ မထူးပါဘူး။ အဖြေက ရှင်းနေတာပဲ။ သူတို့ပဲ နိုင်မယ့်ဟာ။ ပြင်ဆင်ထားပြီးသားတွေပါ” ဆိုတဲ့ အသိအမှတ်ထားတဲ့စိတ်က ကိန်းအောင်းနေခဲ့ပြီး ဖြစ်တယ်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။

မနေ့တစ်နေ့က ညီလေးတစ်ယောက်က ပြောပါတယ်။ ညတုန်းက တီဗွီ အစီအစဉ်ကနေ ဗိုလ်ဌေးဦး ဟောပြောနေတာ ဘာတွေပြောနေ မှန်း မသိဘူး၊ နားကလောတာနဲ့ တီဗွီ ပိတ်လိုက်သတဲ့။ အဲဒါနဲ့ နောက်ရက်ထုတ် သတင်းစာကို ရှာဖတ်ကြည့်မိပါတယ်။ ဗိုလ်ဌေးဦး ပြော ထားတဲ့ သဘောက ၁၇ နှစ် လုံးလုံး နိုင်ငံအကျိုး သယ်ပိုးခဲ့တယ်ဆိုတဲ့ ကြံ့ခိုင်ရေးအသင်းကို အမွေဆက်ခံထားတဲ့ ပါတီဖြစ်တယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်တွေက နိုင်ငံအကျိုးပြုလုပ်ငန်းတွေ လုပ်ခဲ့သလဲ၊ လုပ်နေသလဲ ဆိုတာကို ဆုံးဖြတ် သုံးသပ်ပြီး အဲဒီလို လုပ်ခဲ့တဲ့၊ လုပ်နေတဲ့ ပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို မဲပေးကြပါဆိုတော့... ရှင်းနေတာပါပဲ။ သူတို့ ကြံ့ခိုင်ရေးပါတီ ဒီလို အကျိုးပြုလုပ်ငန်းတွေ လုပ်နေတာ၊ မဲပေးကြလို့ ဆိုလိုက်တာပါပဲ။

၁၇ နှစ် လုံးလုံးအကျိုးပြုခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောချင်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံခဲ့တဲ့ ဒီပဲယင်း အရေး အခင်း ဖြစ်တဲ့အချိန်မတိုင်ခင်မှာ တခြားခရီးတွေကို သွားခဲ့ရာမှာ ကချင်ပြည်နယ်၊ နန်းကွေးချောင်းတံတားနားက ခြိမ်းခြောက်မှုကို ကချင် ပြည်နယ် ကြံ့ခိုင်ရေးက ပြည်နယ်အမှုဆောင် တစ်ဦးက အစီအစဉ်ဆွဲ ဆောင်ရွက်ခဲ့တာမျိုး၊ မန္တလေး သပိတ်ကျဉ်း ခရီးစဉ်မှာလည်း မန်း တိုင်းအဆင့်က စီစဉ်ဆောင်ရွက်တာမျိုးတွေ လုပ်ခဲ့တာပါ။

ကြံ့ခိုင်ရေးအသင်းဆိုတာ ပြည်သူ့အကျိုးပြု အသင်းမဟုတ်ခဲ့ပါဘူး။ စစ်တပ်အာဏာ ကြာရှည်ခံဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ။ နိုင်ငံ တကာရဲ့ ဖိအား၊ ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ခုခံတားဆီးခဲ့တာ၊ ဖိနှိပ်ခဲ့တာတွေမှာ အဓိက အသုံး ချခဲ့တာကို တွေ့ရမှာပါ။

ပြီးတော့လည်း လူထုအကျိုးပြုလုပ်ငန်းဆိုတာ ကိုယ်ထူကိုယ်ထ လမ်းတွေပြင်တာ၊ ဘာ.ဆေးတိုက်နေ့၊ ညာ.အထိမ်းအမှတ်နေ့တွေကို စစ်အစိုးရ ကိုယ်စားလှယ်အဖြစ် လုပ်ပြီး နေရာယူတာပါ။ ကြံ့ခိုင်ရေး အမှုဆောင်တွေဟာ လခစားရပါတယ်။ ဆန်တစ်အိတ် လစဉ်ရပါ တယ်။ တိုင်းမှူးတွေက တစ်ယောက် ဘယ်လောက်ဆိုပြီး လစဉ်ထောက်ပံ့ရပါတယ်။ ငါးသိန်းတန်ဖုန်း စချပေးတုန်းက ခ.ယ.က ရန်ပုံငွေ ဆိုပြီး ဖုန်းတစ်လုံး ကျပ်ငါးသောင်းနှုန်းနဲ့ ရယူထားတဲ့ ငွေတွေကို ကြံ့ခိုင်ရေးက ယူတာပါ။ အဲဒါအပြင် ဝ၉-၄၆ နဲ့ စတဲ့ ဖုန်းတွေကို ကျပ် သုံးသိန်းနဲ့ အမည်ပေါက် ရထားကြပါတယ်။

သူတို့ အကျိုးပြုတဲ့လုပ်ငန်းဆိုတာ ပြည်သူလူထုက ထည့်ဝင်တဲ့ ငွေတွေနဲ့ သူကြီးဘုရား၊ ရွားသားကောင်းမှု လုပ်တာပါ။ မန္တလေးမြို့ပေါ် လမ်းတွေ ပြင်ဆင်နေတာမှာ အဲဒီလမ်းမှာ နေထိုင်တဲ့လူတွေဆီက ငွေကြေးခန့်ခွဲတာပါ။ ငွေမထည့်နိုင်တဲ့ လမ်းတွေကို ဆက်မခင်းပါဘူး။ ငွေမထည့်နိုင်တဲ့နေရာတွေမှာ လုံးဝ လမ်းမခင်းတာတွေ ရှိပါတယ်။ ကြံ့ခိုင်ရေးကို အမွေဆက်ခံတဲ့ပါတီဆိုတော့ လက်ရှိအစိုးရရဲ့ ပါတီပါပဲ။ အကောင်ပြနေတာကို အရိပ်မမြင်ရင် ဘယ်သူ့အပြစ်ပါလဲ။ အနှစ် ၂ဝ ကျော်လုံးလုံး သူတို့စစ်တပ်အသိုင်းအဝိုင်း ကောင်းစားရေးပဲ လုပ်နေ ကြတာဆိုတော့ ရှေ့ဆက်လည်း ဒီအတိုင်းပဲ အမွေဆက်ခံသွားမယ်ဆိုတာ ပြောဖို့မလိုတော့ပါဘူး။

နိုင်ငံတည်ဆောက်ရေး၊ လမ်းတံတားဖောက်လုပ်တာတွေဟာ ဘယ်အစိုးရတက်တက် ပြည်သူလူထု တစ်ရပ်လုံးအတွက် တက်တဲ့ အစိုးရ တိုင်းက လုပ်ပေးရမှာပါ။ မြန်မာနိုင်ငံ ကျေးလက်ဒေသအချို့ဟာ ခုထိ အောက်ကျနောက်ကျ ရှိနေတုန်းပါပဲ။ ဝန်ကြီး အမျိုးတွေ၊ စစ်တပ် ထိပ်ပိုင်း အရာရှိကြီးတွေရဲ့ဇာတိမှာ လူမဖြစ်ခဲ့ရတဲ့ဒေသတွေ ခုထိ ဖွံ့ဖြိုးမှု အားနည်းနေတုန်းပါပဲ။

နိုင်ငံတော်ဘဏ္ဍာနဲ့ အသက်ဆက်နေတဲ့ ပါတီဟာ ကြံ့ခိုင်ရေးပါတီပါပဲ။ နိုင်ငံတော် ဘဏ္ဍာဆိုတာ နိုင်ငံသူ နိုင်ငံသားတွေ ထည့်ဝင်ထားတဲ့ အခွန်အခ၊ နိုင်ငံ့စီးပွားရေးလုပ်ငန်းတွေထဲက ရတဲ့ အကျိုးအမြတ်တွေပါပဲ။ အဲဒီ အကျိုးအမြတ်၊ အခွန်အခတွေကို မျက်နှာပြောင်ပြောင်နဲ့ အမြိန့်သားသုံးစွဲနေတာကိုမှ မရှက်တတ်ရင် အသက်ရှင်ဖို့တောင် မသင့်တော့ပါဘူး။

အဲဒီလိုလူတွေကို ပြည်သူလူထု ဆက်ရွေးချယ် မဲပေးမယ်ဆိုရင် ပြညသူလူထုက ကိုယ့်ခြေ၊ ကိုယ့်လက်ကို ကိုယ်ကိုယ်တိုင် ကြိုးတုပ်တာ နဲ့ အတူတူပါ။ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ မဲပေးကြမယ်ဆိုရင် ဓားပြတွေလက် ကိုယ့်အသက် အပ်လိုက်တာလို၊ သူခိုးကို ဓားရိုးကမ်းတာလို ပါပဲ။ တကယ်လို့ မလွှဲမသွေ မဲပေးရမယ်ဆိုရင်လည်း “ခြင်္သေ့ဘေးမှာ ကြက်ခြေခတ်” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုကြရန်သာ ရှိပါတယ်။