ပူးပေါင်းဆန့်ကျင်ဖို့ အချိန်မနှောင်းသေး

  • ပြည်တွင်ဂျာနယ် အယ်ဒီတာတဦး

န၊ အ၊ ဖ က ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးက မကြာခင်လာပါတော့မယ်။ ဒါကြောင့် နောက်တခါ လာပြန်ချည်သေး…လို့ပဲ ပြောရမှာပဲ။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ န၊ အ၊ ဖ တဖြစ်လဲ န၊ ဝ၊ တ က ကျင်းပပေးခဲ့တာဖြစ်တယ်။ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုဘူး။ အခု သူတို့ကပဲ ရွေးကောက်ပွဲ လုပ်ပေးအုံးမတဲ့။ ဘယ်လိုလုပ်ပြီး ယုံစားလို့ ဖြစ်ပါ့မလဲ။

လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ဗိုလ်ချုပ်တွေက ဘောင်းဘီအပေါ်မှာ ပုဆိုးထပ်ဝတ်ပြီး ရွေးကောက်ပွဲ ဝင်ကြအုံးမယ်။ ဒီနေရာမှာ ပြောစရာ တစ်ခု ရှိလာတယ်။ သွားလေသူ မ၊ ဆ၊ လ ပါတီဟာ စစ်တပ်က ကျောထောက် နောက်ခံ ပြုထားတဲ့ ပါတီဆိုတာ လူတိုင်းသိတယ်။ ၈၈ အရေးအခင်းကြောင့် မ၊ ဆ၊ လ ပါတီ ဘုန်းဘုန်းလဲ ပြိုကျသွားတော့ န၊ ဝ၊ တ အခု န၊ အ၊ ဖ နဲ့ တ၊ စ၊ ည ဆိုပြီး မွေးဖွားပေးလိုက်တယ်။

တ၊ စ၊ ည ကျားသေကို အသက်သွင်းလို့မရမှန်းသိတော့ န၊ အ၊ ဖ က ကြံ့ဖွံ့ကို လူမှုရေး အဖွဲ့အစည်းပါဆိုပြီး ပွဲထုတ်လာတယ်။ နောက် တော့ ပါတီအဖြစ်ပြောင်းပြီး သူတို့ကိုယ်တိုင် ဇာတ်ဆောင်အဖြစ် ပါဝင် ကပြတော့တယ်။ အခုတော့ တပ်မတော်ဟာ အာဏာ မမက်ပါဘူး လို့ ပြောနေတဲ့ အသံတွေလည်း တိတ်သွားတော့တယ်။

န၊ အ၊ ဖ က သူတို့လိုချင်တဲ့ ပုံစံရအောင် နှစ် နှစ်ဆယ်လုံးလုံး ဉာဏ်နီဉာဏ်နက် ထုတ်ခဲ့တယ်။ ၉၀ ပြည့်နှစ်က တ၊ စ၊ ည ရှုံးတော့ တစ်ခါသေဖူး၊ ပျဉ်ဖိုး နားလည်သွားခဲ့တယ်။ ကြံ့ဖွံ့ကို တမိုးလုံး ဖျောက်ဆိပ်လုပ်ခိုင်းပြီး ရွေးကောက်ပွဲ ဝင်တယ်။ တ၊ စ၊ ည ကိုလည်း မညှာနိုင်တော့ဘူး။

ယှဉ်ပြိုင်အရွေးခံမယ့် လူမရှိရင် အလိုအလျောက် လွှတ်တော်အမတ်ဖြစ်အောင် ကြိုတင် အကွက်ချပြီး လုပ်ထားခဲ့တယ်။ ဘယ်လောက် ပိုင်သလဲ။

ရွေးကောက်ပွဲ လုပ်တော့မယ် ဆိုပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ အခင်းအကျင်းက ဘာမှ မတွေ့ရသေးဘူး။ ကြံ့ဖွံ့ဥက္ကဋ္ဌ ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကတော့ လမ်းတွေ၊ တံတားတွေ၊ အဆောက်အအုံတွေဖွင့်ရင်း စက်ရုံတွေကို စစ်ဆေးရင်း တပ်နယ်မိသားစု တွေနဲ့ တွေ့ဆုံရင်း စည်းရုံးရေးဆင်းနေကြတယ်။

ဒီမိုကရက်တစ်တွေကတော့ တားမြစ်ချက်တွေ၊ ကန့်သတ်ချက်တွေကြားက မဝံ့မရဲ စည်းရုံးရေးဆင်းနေရတယ်။ ကိုယ့်ကျတော့ လုပ်ချင် တာ လုပ်ပြီး တခြားသူတွေကို လုပ်ချင်တာလုပ်တာကို ပိတ်ဟယ်၊ ဆီးဟယ်၊ တားဟယ်လုပ်နေတယ်။ ဒါကို စည်းကမ်းပြည့်ဝတဲ့ ဒီမို ကရေစီလို့ ဆိုတာ ဟုတ်မှဟုတ်ရဲ့လားလို့ မေးရမလို ဖြစ်နေပြီ။

မဲဆန္ဒရှင်ပြည်သူတွေက ရွေးကောက်ပွဲကို စိတ်မဝင်စားပါဘူး။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲကိုလည်း မမေ့ကြသေးဘူုး။ မဲပေးရမယ့်သူနဲ့ မဲမပေးသင့်တဲ့သူကို ပြည်သူက ခွဲခြားသိပါတယ်။ မဲရုံကို မသွားကြဖို့ ဆုံးဖြတ်ထားကြတဲ့သူတွေက များတယ်။ ဘာလို့လဲဆိုတော့ ကိုယ် နေထိုင်ရာမြို့နယ်က ကိုယ်စားလှယ်ဟာ ဘယ်သူမှန်းမသိရဘဲ စမ်းတဝါးဝါး မဲပေးရမယ့် အဖြစ်မျိုးကို မလိုလားကြဘူး။

မဲရုံမသွားဘဲ ကန့်ကွက်ကြောင်းကို ဆန္ဒဖော်ထုတ်တာလည်း ဖြစ်တယ်။ နောက်ပြီး ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ်ဆိုတာကို သိထား ပြီးဖြစ်လို့ ရင်မခုန်တော့တာလည်းပါတယ်။ ဒီမိုကရက်တစ် အမတ်လောင်းတွေ၊ လွှတ်တော်တက်ချင် သူတွေကို ပြောချင်တာက ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးရဲ့ အဖြေမဟုတ်ဘူး ဆိုတာပါပဲ။

ရွေးကောက်ပွဲကြောင့် ပြည်တွင်းစစ်ဆီကို ပြန်လည်ဦးတည်နေတာကိုလည်း သတိထားဖို့တော့ လိုမယ်ထင်ပါတယ်။ ဒါကြောင့် ရွေး ကောက်ပွဲကို ပြည်သူတွေနဲ့ ပူးပေါင်းဆန့်ကျင်ဖို့ အချိန်မနှောင်းသေးပါဘူးလို့ တိုက်တွန်းချင်ပါတယ်။