စစ်အာဏာရှင်သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြစို့

  • ပြည်တွင်ဂျာနယ် အယ်ဒီတာတဦး

နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပတော့မယ့် န.အ.ဖ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးဟာ ဘာလိုလိုနဲ့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ န.အ.ဖ ကတော့ ဒီရွေးကောက်ပွဲမှာ သူ့ရဲ့ကိုယ်ပွားပဲပြောရမလား၊ သူ့ရဲ့လက်ကိုင်တုတ် ပုဆိန်ရိုးပဲ ပြောရမလား၊ ကြံ့ဖွံ့ပါတီကို နိုင်လည်း နိုင်၊ ရှုံးလည်းနိုင်ရမယ်ဆိုတဲ့ ကိန်းသေနည်းတွက်ချက်နဲ့ အပိုင်နော်ကြံလိုက်သခင၊် တိုင်ပေါ်အလံစိုက်ချင် လုပ်နေကြပါပြီ။

အခု ပေါ်ထွက်လာမယ့် လွှတ်တော်ထဲမှာ လက်ရှိ စစ်ဝတ်စုံပြည့် တပ်မတော်သားကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း၊ အသစ်စက်စက် ဘောင်းဘီချွတ် ကြံဖွံ့ပါတီက ၃၅ ရာခိုင်နှုန်းခန့်၊ န.အ.ဖက ကျောထောက်နောက်ခံပြုထားတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားများ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြီးတော့ မ.ဆ.လခေတ်ဟောင်း ဘောင်းဘီချွတ် ဗိုလ်ကြီးဟောင်းများ ပါဝင် ထားတဲ့ တစည ကိုယ်စားလှယ်များ… စတဲ့ ကိုယ်စားလှယ်တွေပဲ အများစု လွှမ်းမိုးနေမှာ ကြိုတွေ့မြင်နေရပါတယ်။

အရပ်ဘက် ဒီမိုကရေစီအင်အားစုပါတီများမှ ကိုယ်စားလှယ်များအနေနဲ့ကတော့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းခန့်လောက်ထိသာ ရှိမှာပါ။ တကယ်တော့ န.အ.ဖရဲ့ အာလုံး ပါဝင်ပါတယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်အောင်မြင်ရေးအတွက် ရွေးကောက်ပွဲဝင်ပါတီတွေဟာ အဖြည့်ခံ အကူသဘောနဲ့ ပံ့ပိုးကူညီပေးသလို အသုံးချခံ သက်သက်ပါပဲ။

လွှတ်တော်ထဲမှာ န.အ.ဖရဲ့ တပည့်လက်ပါးစေ ကိုယ်စားလှယ်များက ၇၅ ရာခိုင်နှုန်းအထက် အများစု ရယူထားနိုင်မှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ကြာရှည်ခိုင်မြဲမှာ၊ စစ်အာဏာရှင် အစိုးရသက်စိုးရှည်မှာကိုး။ န.ဝ.တ(န.အ.ဖ) စစ်အာဏာရှင်လက်ထက်က ကျူးလွန်ခဲ့ တဲ့ ရာဇဝတ်ပြစ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် ၂၀၀၈-ခုနှစ် အခြေခံဥပဒေက သူတို့ကို အကာအကွယ်ပေးထားတာ။ ဒါ့ကြောင့် ဒီရွေးကောက်ပွဲဟာ ၂၀၀၈-ခုနှစ် အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ ကြိုးစားနေတာပဲပေါ့။ ဒါမှလဲ သူတို့ရဲ့ စစ်အာဏာရှင် လက်တဆုပ်စာတွေရဲ့ မိသားစုဘ၀ အသက်၊ အိုးအိမ်၊ စည်းစိမ်ချမ်းသာရာ ရကြမှာကိုး။

အဲဒီ ၂၀၁၀ ရွေးကောက်ပွဲရဲ့ အခြေခံ အဓိကရည်ရွယ်ချက်မှာ လွတ်လပ်မှုရှိသလား၊ တရားမျှတမှု ရှိသလား၊ မှန်ကန်မှုရှိသလား၊ ညီမျှမှုရှိသလားဆိုတာကို သုံးသပ်ကြည့်လိုက်ရင် လုံးဝမရှိတာကိုဘဲ တွေ့ရပါတယ်။

ဒီနေ့ ရွေးကောက်ပွဲအကြိုကာလမှာ ကြံဖွံ့ပါတီ တပါတီတည်းကသာ ချွန်ပြီး မြန်မာပြည်တနံတလျှား တောရောမြို့ပါမကျန် အာဏာအင် အား၊ ငွေအင်အားနဲ့ လွတ်လပ်စွာ စည်းရုံးရေးဆင်းနေတာ နေ့စဉ်သတင်းစာထဲမှာ မမြင်ချင်အဆုံးပါ။ လမ်းတွေဖောက်ပြ၊ ဖွင့်ပြမလား၊ တံတားတွေဆောက်ပြမလား။ ဆေးရုံဆေးပေးခန်းတွေ ဖွင့်ပြမလား။ မျက်စိ မျက်မှန် အခမဲ့စမ်းသပ်ကုသပေးမလား။ နိုင်ငံပိုင်ပစ္စည်းတွေနဲ့ အခမဲ့ကုမလား။ နိုင်ငံပိုင်ငွေတွေနဲ့ ငွေထုတ်ချေးမလား။ ဝန်ကြီးချုပ်ရာထူးနဲ့ ဝန်ကြီးရာထူးများကတဘက်၊ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ အဖွဲ့ဝင်ရာထူးတွေနဲ့ကတဘက် နိုင်ငံတော်စရိတ်နဲ့ အာဏာကိုအသုံးချ စည်းရုံးရေးလုပ်နေတာကတော့ ဆင်တော်နဲ့ ခလောက် အမြင်မတော်လောက်ပါဘူး။ ရှက်စရာကောင်းတဲ့အပြင် လူ့ဂုဏ်သိက္ခာရောရှိပါရဲ့လား။ လူကြီးလူကောင်းကော ပီသပါရဲ့လား။

၂၀၁၀ ရွေးကောက်ပွဲဟာ ဘာနဲ့တူသလဲဆိုတော့ မိမိကိုယ်တိုင်ဘောလုံးပွဲကို ဦးစီးကျင်းပပေးပြီး မိမိကိုယ်တိုင် ဒိုင်လူကြီးလုပ်၊ မိမိကိုယ်တိုင် ဝင်ကစားတဲ့ မိသားစုဘောလုံးပွဲကြီးဖြစ်နေပြီ။

အဲဒီတော့ ရွေးကောက်ပွဲ အလွန်ကာလကို မျှော်မှန်းကြည့်လိုက်ရင် စစ်ဘက်နဲ့ စစ်ဘက်ကျောထောက်နောက်ခံပြု ပါတီကိုယ်စားလှယ် များသာ ဦးဆောင်ပါဝင်တဲ့ အစိုးရအဖွဲ့ကိုသာ တွေ့ရမှာဖြစ်ပြီး လူထုကို တကယ် အကျိုးပြုပါဝင်မယ့် အရပ်သား ကိုယ်စားလှယ် ခေါင်းဆောင်များကိုတော့ မှုန်ဝါးဝါးသာ တွေ့ရမှာဖြစ်ပါတယ်။

နိုင်ငံတော်အာဏာသည် ပြည်သူများမှ ဆင်းသက်ရမည်...ဆိုတာထက်

နိုင်ငံတော်အာဏာသည် တပ်မတော်မှ ဆင်းသက်လာသည်...ဆိုတဲ့ ရွေးကောက်ပွဲသာ ဖြစ်နေပါတယ်။