တရုတ်ရဲ့ မြန်မာနိုင်ငံတွင်းက ခါးပတ်လမ်း စီမံကိန်းတွေဟာ ဒေသ ဖွံ့ဖြိုးရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အတွက် အဓိကထားတယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမဲ့လည်း ရခိုင်ပြည်နယ် ကျောက်ဖြူမှာတော့ လူမှုရေး၊ စီးပွားရေးနဲ့ သဘာ၀ ပတ်ဝန်းကျင် အရေးတို့ အပေါ် သက်ရောက် ပြောင်းလဲမှုတွေ ထင်သာ မြင်သာ ပေါ်လာပြီလို့ ဒေသခံတွေနဲ့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
“ ဒီစီမံကိန်းသာ တကယ်လို့ စလိုက်တယ်ဆိုရင် အဲဒီ မဒေးကျွန်းပေါ်မှာ ရှိတဲ့ ရွာ ၄ ရွာပေါ့နော်။ အိမ်ခြေ ၇၁၀ လောက်ရှိတယ်။ လူပေါင်း ၃,၀၀၀ ကျော် ရှိတယ်ပေါ့လေ။ ဒီလူတွေကကို ဒီရွာတွေမှာ နေဖို့ ဆိုတာ တော်တော်လေး ခက်ခဲသွားလိမ့်မယ်လို့ ကျနော့် အနေနဲ့ မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလူတွေ အကုန်လုံးက ဒီမြစ်ကြောင်းကိုဘဲ အဓိက မှီပြီးတော့ လုပ်ကိုင် စားသောက်နေတဲ့ လူတွေ ဖြစ်တယ်။ နောက်တခုက အခု ရေနက် ဆိပ်မ်းတွေ ဆောက်မယ့် နေရာတွေရော ဆိပ်ကမ်း အတွင်းမှာ ပါသွားမယ်ဆိုတဲ့ အခါကျတော့ ဒီလူတွေ အတွက် ရေလုပ်ငန်း အခွင့်အရေးဆိုတာ ဘာမှ မရှိနိုင်တော့ပါဘူး။ ဆိုတော့ ဒီလူတွေက ရေလုပ်ငန်းကို လုပ်ကိုင်ခွင့် မရှိဘဲနဲ့ ဒီကျွန်းပေါ်မှာ ဆက်ရပ်တည်ဖို့ ဆိုတာ တော်တော် မဖြစ်နိုင်တဲ့ ဟာမျိုးလို့ ကျနော့် အနေနဲ့ မြင်ပါတယ်။ ”
တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းရဲ့ အဓိက ကျတဲ့ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းတွေနဲ့ ရေနံပိုက်လိုင်း၊ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အရှိန်မြှင့်လုပ်လာချိန်မှာ မဒေးကျွန်းပေါ်က ရေလုပ်သားတွေ အခက်အခဲ တွေ့လာနိုင်တဲ့ အခြေအနေကို ကျောက်ဖြူ စီမံကိန်းတွေ အရေး စောင့်ကြည့်လေ့လာ သုတေသန လုပ်နေတဲ့ ဦးထွန်းကြည်က ဗွီအိုအေကို ပြောပြခဲ့တာပါ။ ဒီလို စားဝတ်နေရေး ရပ်တည် ရှင်သန်ရေး အတွက် အခက်ကြုံလာနိုင်သူတွေ အတွက် အစားထိုး အလုပ်အကိုင် အတွက် အနာဂတ် စီမံချက်လည်း မရှိဘူးလို့ သူက ထောက်ပြပါတယ်။
“ တောက်လျှောက်သာ ရေနက်ဆိပ်ကမ်းကို ဆောက်မယ် ဆိုရင်တော့ ဒီမြစ်ကြောင်းမှာ ရေလုပ်သားတွေ အတွက် ပိုက်ချ စရာ နေရာ ကတော့ လုံး၀ ပျောက်ကွယ်သွားလိမ့်မယ်။ ဆိုတော့ ဒီလူတွေ အတွက် ဘယ်လို အစားထိုး လုပ်ငန်းတွေ ပြန်ပေးမလဲ။ ဒီလူတွေ အတွက် မိသားစု စားဝတ်နေရေး အတွက် စီမံကိန်းကို အကောင်အထည် ဖော်တဲ့သူတွေ ဘက်က ဘာတွေ အထောက်အကူ ပေးမလဲ ဆိုတဲ့ သဘောတူညီချက် ဘာမှ မရှိပါဘူး။ ”
ဒီအခြေအနေက လက်ရှိမှာလည်း ကျောက်ဖြူမှာ ကြုံနေရတာပါ။ ရေနံတင် သဘောင်္တွေ ဝင်ဖို့ အတွက် သံဇစ်မြစ်ကို နိုင်ငံတကာ ရေလမ်းကြောင်း ခတ်လိုက်တဲ့ အတွက် ငါးဖမ်းခွင့် မရှိဖြစ်သွားတယ်လို့လည်း သူက ပြောပါတယ်။
“ ရေနံတင် သဘောင်္တွေ ဝင်ဖို့ အတွက် ဒီမြစ်ကြောင်းကို နိုင်ငံတကာ ရေလမ်းကြောင်း ခတ်လိုက်တဲ့ အခါကျတော့ အဲဒီ ရေလမ်းကြောင်းထဲမှာ ငါရှာခွင့် မရှိကြတော့ဘူး။ အဲဒီမှာ လုပ်နေတဲ့ ပိုက်က ၂ မျိုး ရှိတယ်။ အရှင်ပိုက်ပေါ့နော်။ အရှင် ပိုက်ဆိုတာက ဒီရေနဲ့ လိုက်ပြီး နာရီပိုင်း ချတဲ့ ဟာမျိုးပေါ့။ နောက်တမျိုးကတော့ အသေပိုက်လို့ ခေါ်တဲ့ ပင်လယ်မှာ တခါတည်း မြောထားတဲ့ ပိုက်မျိုးပေါ့။ အသေပိုက်လို့ ကတော့ တော်တော်လေး အဆင်မပြေ ဖြစ်သွားတာမျိုးကို ကျနော်တို့ တွေ့ရတယ်။ အရှင်ပိုက်ကတော့ သဘောင်္မလာတဲ့ အခါတွေမှာ ချလို့ ရတယ်ပေါ့နော်။
ဒီ ပထမ ရေနံတင် ဆိပ်ကမ်း ဆောက်ပြီး လည်ပတ်နေတယ်ပေါ့နော်။ ဒီဟာနဲ့ကို ဒီ ဒေသခံ ရေလုပ်သားတွေရဲ့ အခွင့်အရေး အများကြီး ဆုံးရှုံးနေတာ ရှိတယ်။ နောက်ပြီးတော့ သားငါး ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို တောက်လျှောက် ရင်ဆိုင်ရတယ်။
ငါးဖမ်းလုပ်ငန်း ထိခိုက်တဲ့ အတွက် ဒေသတွင်းမှာ ငါးရှားပြီး ဈေးကြီးသွားတယ်လို့လည်း ဒေသခံတို့က ပြောပါတယ်။ သံဇစ်မြစ်ကြောင်း အတွင်း နိုင်ငံတကာ ရေလမ်းကြောင်း အတွက် တည်ဆောက်တာကြောင့် သန္တာကျောက်တန်းတွေ ပျက်စီးပြီး ငါးတွေ မျိုးပွားမှုကို ထိခိုက်စေသလို ငါး အမိအရလည်း နည်းလာတယ်လို့ ဒေသတွင်းက ပြောကြပါတယ်။ စီမံကိန်းတွေကြောင့် အဓိက သက်ရောက်ရသူတွေထဲမှာတော့ လယ်သမားတွေနဲ့ ငါးဖမ်းသမားတွေက သိသာ ထင်ရှားဆုံး ဥပမာ ဖြစ်ကြောင်း ဒေသခံ ကိုနေလင်းထွန်းကလည်း ဗွီအိုအေကို ပြောပါတယ်။
“ သူတို့က မြေယာတွေကို ဝယ်ပစ်လိုက်တယ်လေ။ ငါးဖမ်းသမားတွေကျတော့ သူတို့ သဘောြင်္ကီးတွေ အသွားအလာ ရှိနေတော့ လက်လုပ်လက်စားတွေက အဆင်မပြေကြဘူး။”
အာဏာသိမ်းမှု နောက်ပိုင်း တရုတ်စီမံကိန်းတွေ အရှိန်မြှင့်ဆောင်ရွက်လာတဲ့ အထဲမှာ အဓိကတော့ လမ်းပန်းဆက်သွယ်ရေးကို အဓိက ထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။
“ One Belt One Road နဲ့ ပတ်သက်လို့တော့ ကျနော်တို့က အဓိက လမ်းပန်း ဆက်သွယ်ရေးပေါ့။ ကျနော်တို့ အနေနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာလျင် ဒီ နယ်စပ် ကုန်သွယ်ရေးတွေ၊ ဒါ နယ်စပ် ဒေသမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဒါတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ပြီးရင် ပြည်သူ အချင်းချင်း ဆက်ဆံရေးပေါ့။ ပြည်သူ အချင်းချင်း ဆက်ဆံရေးနဲ့ ပတ်သက်ပြီးလည်း ကျနော်တို့ အလေးထား ဆောင်ရွက်လျက် ရှိပါတယ်။ ဒီ ၂ ချက်ကို ဦးတည်ပြီးတော့ ကျနော်တို့ ဦးစားပေး ဆောင်ရွက်လျက် ရှိပါတယ်။ ”
“ လမ်းပိုင်းတွေမှာတော့ ပြုပြင်တာတွေ ရှိတယ်။ ကျောင်းတွေ ဘာတွေ လှူဒါန်းတာတွေတော့ နည်းနည်း ရှိတာပေါ့။ ”
ဒီစီမံကိန်းတွေအတွင်း ကျောက်ဖြူမှာ အခြေခံ အဆောက်အဦးဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှု တချို့ ရှိတယ်ဆိုတာကို ဒေသခံ ကိုနေလင်းထွန်းကလည်း ပြောပါတယ်။ ဒါပေမဲ့ အခြေခံ အဆောက်အဦပိုင်း ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှု ဆိုတာမှာလည်း ဦးထွန်းကြည်က အခုလို ထောက်ပြပါတယ်။
“ တရုတ် ကုမ္ပဏီ ဘက်ကတော့ ဒေသခံတွေကို ပေးတဲ့ အခွင့်အလမ်း ဘာမှ မရှိပါဘူး။ ဥပမာ မဒေးကျွန်းမှာ ဆိုလို့ ရှိရင် ဒေါ်လာ ၄ - ၅ ဘီလျံလောက်ထိ တရုတ် ရင်းနှီးမြှုပ်နှံမှု ရှိနေတယ်ပေါ့လေ။ ရေနက် ဆိပ်ကမ်းရှိတယ်၊ ရေနံ သိုလှောင်ရုံ စီမံကိန်းတွေ ရှိတယ်။ တခြား ဒီ ဂက်စ် သန့်စင် စက်ရုံ ရှိတယ်။ အရမ်းကြီးတဲ့ စီမံကိန်းကြီးတွေ ရှိတယ်။ ဒါပေမဲ့ မဒေးကျွန်းလုထု အတွက် ဒီ တရုတ်ဘက်က လုပ်ပေးတဲ့ ဖုန်းလိုင်းတောင် မဒေးကျွန်းက အဲဒီ ကျွန်းကလေးပေါ်မှာ ဖုန်းလိုင်းတောင် မမိသေးပါဘူး။ ဆိုတော့ ဖုန်းတာဝါတိုင် ကုမ္ပဏီက ထောင်ထားတာ ရှိတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကဘဲ လိုင်းသုံးလို့ ရပြီးတော့ မဒေးကျွန်းရွာသားတွေ ဘက်က သုံးလို့ မရဘူးဆိုတဲ့ဟာမျိုးပေါ့လေ။ ”
ကျောက်ဖြူစီမံကိန်းတွေဟာ အရင် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ စတင်ခဲ့တာ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက်မှာတော့ အကြွေးပိမယ့် အရေး စိုးရိမ်ချက်နဲ့ စီမံကိန်း အရွယ်အစားကို သိသိသာသာ လျှော့ချပြီး မြန်မာဘက်က ရှယ်ယာ ပါဝင်မှုကိုလည်း တိုးမြှင့်ရေး အကြေအလည် ဆွေးနွေး ညှိနှိုင်း သဘောတူခဲ့ကြတာပါ။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီ သဘောတူညီချက်တွေ အပြင် တရုတ်က စိတ်ဝင်စားနေတဲ့ အချက်တွေကို ဗွီအိုအေကို အခုလို ပြောပါတယ်။
“ ဒါ အရင် အစိုးရ လက်ထက် ကတည်းက သဘောတူခဲ့တဲ့ စာချုပ်တွေ ရှိတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တရုတ်နိုင်ငံ အနေနဲ့ စိတ်ပါဝင်စားစွာ ဆောင်ရွက်နေတာတွေ ရှိတယ်။ ”
ကျောက်ဖြူက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေမှာ အရင်က အဓိက ပြဿနာ ဖြစ်ခဲ့တာကတော့ မြေယာ ပိုင်ဆိုင်မှု အငြင်းပွားမှုတွေ ဖြစ်ပါတယ်။ မူလ လက်ငုပ်လက်ရင်း လုပ်ကိုင်နေတဲ့ လယ်သမားတွေရဲ့ မြေနေရာတွေမှာ ဒေသခံ မဟုတ်သူတွေက ပိုင်ဆိုင်တယ်ဆိုတဲ့ စာရွက်စာတမ်း အထောက်အထားတွေနဲ့ အငြင်းပွားမှုမျိုးတွေ ဖြစ်တယ်လို့ ဦးထွန်းကြည်က အခုလို ပြောပါတယ်။
“ ဒီ ဦးသိန်းစိန်၊ ဦးလှမျိုး၊ ဦးဇော်မျိုးဝင်းဆိုတဲ့ လူသုံးယောက် ဂရန်ခံထားတဲ့ နေရာမှာ ဒေသခံ လယ်သမား ၂၀ ကျော်က ကျူးကျော်ဆိုပြီး သူတို့ရဲ့ မြေသိမ်းဖို့ ထုတ်တဲ့ ထုတ်ပြန်ချက်မှာ ကျူးကျော်ထားတဲ့ လယ်သမားတွေ ဆိုပြီး တခါတည်း တန်းပြီး ထွက်လာတယ်ဆိုတော့ လယ်သမားတွေက လက်ရှိ ပစ္စည်း ဥပဒေတွေ အရဆိုရင်တော့ လယ်သမားတွေက ပြန်ပြီး တရားစွဲခံရနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိနေတယ်ဆိုတာ တွေ့နေရတယ်။ ”
တဆက်တည်းမှာဘဲ ကျောက်ဖြူက မြေ ဈေးက ဒေသခံတွေ လက်လှမ်းမမီနိုင်လောက်အောင် ဖြစ်သွားခဲ့တာကို ထောက်ပြပြီး ဒေသခံတွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေမျိုး စည်းမျဉ်းစည်းကမ်းမျိုးလိုအပ်ချက်ကိုလည်း သူက ထောက်ပြပါတယ်။
“ ကျောက်ဖြူမှာ မြေ အရောင်းအဝယ်တွေက တော်တော်များနေပြီပေါ့နော်။ မြေဈေးကလည်း ဒေသခံတွေနဲ့ ဘာမှ မဆိုင်တဲ့ ဈေးနှုန်းကို အခုကို ရောက်နေပြီ ဆိုတော့ ဒါကြီးက တဖက်မှာ ဆင်းရဲမွဲတေနေသူတွေက ရပ်တည်နေတယ်၊ တဖက်မှာ ငွေရှင် ကြေးရှင်တွေက ဝင်လာတဲ့ အခါကျတော့ အခြေခံ လူတန်းစားတွေ အတွက် သီးသန့် ကာကွယ်ပေးထားတဲ့ ဥပဒေတွေ တရားဥပဒေ စိုးမိုးမှုတွေ မရှိဘူးဆိုလို့ ရှိရင် အရင်းရှင်တွေကဘဲ ဦးမိုးသွားမယ့် အခြေအနေမျိုးပေါ့။ ဒီအခြေအနေမျိုးကို ကြိုပြီးတော့ ထိန်းသိမ်းထားနိုင်တဲ့ ဥပဒေတွေ အကာအကွယ်ပေးထားနိုင်တဲ့ဟာတွေ မဖြစ်မနေ လိုအပ်တယ်လို့ ကျနော့် အနေနဲ့ မြင်တယ်။ ဒါပေမဲ့ ဒီ အခြေအနေက အခုအချိန်ထိ ဘာမှ မရှိသေးပါဘူး။ ”
စစ်ကောင်စီ ပြောခွင့်ရကတော့ တရုတ်နဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ ထပ်တိုး ဆောင်ရွက်နေကြောင်း ဗွီအိုအေကို ပြောပေမယ့် ဘယ်လို စီမံကိန်းတွေလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
“ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီ အတွင်းရေးမှူးနဲ့ ကျနော်တို့ တွေ့ခဲ့ပြီး ဖြစ်တယ်။ အဲဒီမှာလည်း မတွေ့ခင်လည်း ဝန်ကြီးတွေနဲ့ တွေ့ခဲ့ပြီး ဖြစ်တယ်။ အဲဒီမှာ စာချုပ်၅ ခု လက်မှတ် ရေးထိုးနိုင်ခဲ့တယ်။ ဒါပြီးရင် နောင် အနာဂတ် အတွက် လုပ်ဆောင်ဖွယ်ရာ ရှိတယ်ပေါ့။ ဒေသ ဖွံ့ဖြိုးရေး အတွက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ဖွယ်ရာ ရှိတာတွေကိုလည်း ကျနော်တို့ သဘောတူညီနိုင်ခဲ့တယ်။ ဆက်သွယ် ဆက်ဆံမှုကတော့ ပိုမို တိုးတက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ”