ရွေးကောက်ပွဲလွန်ကာလ မြန်မာ့စီးပွားရေး အလားအလာ

မြန်မာနိုင်ငံမှာ လွှတ်တော်နဲ့ အုပ်ချုပ်တဲ့ပုံစံသစ် ပေါ်ပေါက်လာဖို့ ရှိပေမဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေအပေါ် သိသိသာသာ သက်ရောက်မှု ရှိလိမ့်မယ်လို့တော့ မမြင်ကြပါဘူး။

အောက်တိုဘာ ၂၅၊ ၂၀၁၀- ရွေးကောက်ပွဲလွန်ကာလ မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေဟာ မှေးမှိန်နေဆဲ ဖြစ်ပါတယ်။

ကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲအပေါ် လွတ်လပ်မျှတမှု ရှိပါ့မလား သံသယတွေနဲ့အတူ၊ ဒီနောက်ပိုင်း မြန်မာ့နိုင်ငံရေး အခြေအနေတွေသာမက စီးပွားရေး ဖွံ့ဖြိုးမှု အပြောင်းအလဲတွေ ထွက်ပေါ်လာနိုင်ပါ့မလား ဆိုတာကလည်း မရေမရာ ဖြစ်နေဆဲပါ။ လတ်တလော အခြေအနေတွေအရ စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာတွေ မမြင်ရဘူးလို့ စီးပွားရေး ကျွမ်းကျင်သူတွေ၊ အကဲခတ်တွေက ဆိုကြပါတယ်။ ရွေးကောက်ပွဲလွန်ကာလ မြန်မာနိုင်ငံမှာ စီးပွားရေး ပုံစံတွေ၊ အလားအလာတွေ ဘယ်လိုရှိလာနိုင်မလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပမယ့် ရွေးကောက်ပွဲတွေနောက်ပိုင်း မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ထွက်ပေါ်လာဖို့ ရှိပေမဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေအပေါ် သိသိသာသာ သက်ရောက်မှုရှိလိမ့်မယ်လို့တော့ ကျွမ်းကျင်သူတွေက မယုံကြည်ကြပါဘူး။ အထူးသဖြင့်ကတော့ အုပ်ချုပ်ရေးပုံစံမှာ အပြောင်းအလဲတွေ ရှိလာမှာ ဖြစ်ပေမဲ့ အနှစ်သာရအားဖြင့် သိပ်ကွဲပြားမှာ မဟုတ်တဲ့ အတွက်ကြောင့်လည်း ဒီလိုမမျှော်လင့်နိုင်တာလို့ ဆိုနေကြတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးတက္ကသိုလ် (ISIP) က ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အကြိုကာလ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေ ဆန်းစစ်ချက် အစီရင်ခံစာကတော့ တိုင်းပြည်ရဲ့ မိရိုးဖလားလည်းဖြစ်၊ ပင်မလုပ်ငန်း တခုလည်းဖြစ်တဲ့ ဆန်စပါး စိုက်ပျိုးရေးလုပ်ငန်းမှာ အားနည်းနေတာတွေ၊ ရေနံ သဘာဝဓာတ်ငွေ့တို့လို အရင်းအမြစ်တွေကို ပြည်ပတင်ပို့ ရောင်းချမှုအပေါ် အားထားတဲ့ စီးပွားရေး ပုံစံတွေနဲ့ စွမ်းဆောင်နိုင်ရည်တွေဟာ သိသိသာသာ ကျဆင်းနေတယ်လို့ ဖော်ပြခဲ့တာပါ။ စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်မှုအောက် စီမံခန့်ခွဲမှုတွေ လွဲမှားနေတာ၊ ပြည်တွင်းစစ်မီးဒဏ် ခံနေရတာတွေကြောင့်လည်း စီးပွားရေးစနစ်မှာ ပြိုကွဲမှုတွေနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအခါ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွေ ကျင်းပပြီး အုပ်ချုပ်ရေးပုံစံတွေ ပြောင်းလဲမယ့် အရိပ်အယောင်တွေ တွေ့မြင်လာရပေမဲ့၊ အုပ်ချုပ်ရေး အာဏာကို စစ်အစိုးရကသာ ပုံစံတမျိုးနဲ့ ဆက်လက်ချုပ်ကိုင်သွားမယ်လို့သာ အများက ရှုမြင်ထားကြသလို၊ ဒီအတွက်လည်း စီးပွားရေး ဖွံ့ဖြိုးမှုတွေ မြင်ရမှာမဟုတ်ဘူးလို့ မြန်မာ့စီးပွားရေး အခြေအနေတွေကို ဆန်းစစ်လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ် စီးပွားရေးပညာဌာနက ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) က ဆိုပါတယ်။
“အပြောင်းအလဲတွေ ထွက်ပေါ်လာမယ်ဆိုတဲ့အပေါ်မှာ ကျနော် သံသယရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံအားဖြင့် အဓိကပုဂ္ဂိုလ်တွေ အားလုံးလိုလိုက စီးပွားရေးစနစ်ထဲမှာ ခိုင်ခိုင်မာမာ နေရာယူထားကြလို့ပါ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်ဆန်းပိုင်းတွေမှာ ကျနော်တို့ တွေ့ခဲ့ရတဲ့အတိုင်း၊ နိုင်ငံပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းတဲ့ နေရာမှာ အတော်များများက လက်ရှိရှိနေပြီးသား စနစ်ထဲကနေ ခွဲဝေယူခဲ့ကြတာတွေ ဆက်လုပ်ခဲ့တာမို့ အပြောင်းအလဲတွေ ဖြစ်စရာ မရှိပါဘူး။”

ငြိမ်းချမ်းရေးတက္ကသိုလ် အစီရင်ခံစာကတော့ စီးပွားရေး လုပ်ငန်းတွေအပေါ် အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတာတွေ၊ အာဏာပိုင်တွေ၊ သူတို့နဲ့ နီးစပ်သူတွေကသာ လက်ဝါးကြီးအုပ်ထားတာတွေ တိုင်းပြည်မှာ လွှမ်းမိုးနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာတော့ ဈေးကွက်စီးပွားရေးစနစ်နဲ့ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမှာ ဖြစ်သလို၊ လွတ်လပ်စွာ ယှဉ်ပြိုင်မှုတွေကို ထိခိုက်မယ့် လက်ဝါးကြီးအုပ် ချုပ်ကိုင်တာတွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ပြဋ္ဌာန်းထားတာပါ။ ဒီလိုပဲ ပြည်သူပိုင် သိမ်းပိုက်တာမျိုး ငွေကြေး ဖျက်သိမ်းတာမျိုး မလုပ်ဖို့နဲ့ တောင်သူ လယ်သမားတွေ၊ စက်မှုလုပ်ငန်းရှင်တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးသွားမယ်၊ အကူအညီ အထောက်အပံ့တွေ ပေးသွားမယ်လို့ ဆိုပါတယ်။

ပါမောက္ခ တာနဲလ် ကတော့ စစ်အစိုးရက အသစ်ရေးဆွဲထားတဲ့ အခြေခံဥပဒေထဲမှာ စီးပွားရေး လွတ်လပ်ခွင့်တွေကို တကယ်တမ်း အာမခံချက် ခိုင်ခိုင်မာမာ ပေးမထားသလို အဓိက ပြုပြင်ပြောင်းလဲရမယ့် ကိစ္စတွေကို ချန်လှပ်ထားတယ်လို့ ထောက်ပြပါတယ်။
“ကံမကောင်း အကြောင်းမလှဘူးလို့ ဆိုရမှာကတော့ အခုလက်ရှိ အခြေခံဥပဒေမှာ စီးပွားရေးနဲ့ ပတ်သက်လို့ အနည်းအကျဉ်း လောက်သာ တိုးတက်မှုတွေ ပါဝင်ပါတယ်။ လက်ရှိစနစ်ထဲမှာ အဆိုးဆုံးလို့ ဆိုရမယ့် ကိစ္စတွေထဲက တချို့ဟာ ဆက်လက် တည်ရှိနေဆဲဖြစ်ပါတယ်။ ဥပမာ အနေနဲ့ နိုင်ငံတော်က မြေယာအားလုံးကို ပိုင်ဆိုင်တယ် ဆိုတာမျိုးပါ။ ဒါက အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍလို ကိစ္စမျိုးမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့အတွက် အဟန့်အတား ဖြစ်နေပါတယ်။ ဒါ့အပြင် လူတွေရဲ့ မြေတွေယာတွေဟာလည်း စီးပွားရေးလုပ်ငန်းကြီးတွေ၊ သူဋ္ဌေးကြီးတွေ လက်ထဲရောက် ဆုံးရှုံးရတဲ့ အဖြစ်ပါ။ ဒီလို ရှုဒေါင့်ကကြည့်တဲ့ ဥပဒေမျိုး၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ဆိုတာမျိုးတွေ လက်ရှိ အခြေခံဥပဒေမှာ မပါဝင်ပါဘူး။ ဒါဟာ အင်မတန်မှ အရေးကြီးလှပေမဲ့ အခြေခံဥပဒေထဲမှာ ချန်လှပ်ထားတဲ့ ကိစ္စဖြစ်ပါတယ်။”

စစ်အစိုးရရဲ့ အခြေခံဥပဒေကတော့ နိုင်ငံတော်ရဲ့ စီးပွားရေးစနစ်ဟာ ဈေးကွက်စီးပွားရေးစနစ် ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ တကယ်တော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုတွေ ကြုံခဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စီးပွားရေးမူဝါဒတွေ ပြောင်းလဲပြီး ဈေးကွက်စနစ်ကို ကျင့်သုံးတော့မယ်ဆိုပြီး စစ်အစိုးရအဆက်ဆက်က ဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဒီအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်နိုင်တာတွေ မတွေ့ခဲ့ရပါဘူး။ စီးပွားရေး ဖွံ့ဖြိုးမှုကို တိုင်းတာတဲ့ လူတဦးချင်း ပျမ်းမျှကုန်ထုတ်လုပ်မှု ပမာဏ (GDP) ဟာဆိုရင် အာရှနိုင်ငံတွေ အားလုံးနဲ့စာရင် နောက်ကျကျန်နေတာဖြစ်သလို၊ ငွေကြေးဖောင်းပွမှု ပမာဏဟာလည်း ၁၀ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတာပါ။ ဒါတွေဟာလည်း လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေနဲ့အတူ ပညာရေး၊ ကျန်းမာရေးတို့လို တိုင်းပြည် စီးပွားရေး အခြေခံအုတ်မြစ်ဖြစ်တဲ့ လူမှုဝန်ဆောင်မှု ကဏ္ဍတွေမှာ အစိုးရက ဖြည့်ဆည်းပေးဖို့ ပျက်ကွက်မှုတွေရဲ့ နောက်ဆက်တွဲ ရလာဒ်အဖြစ် ငြိမ်းချမ်းရေး တက္ကသိုလ်ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ပါမောက္ခ တာနဲလ် ကလည်း တကယ်တမ်း တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက်ကတော့ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေ၊ အရင်းအမြစ်တွေ တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အာမခံနိုင်မယ့် နိုင်ငံရေး တည်ငြိမ်မှုတွေ ရှိရလိမ့်မယ်လို့လည်း သူကဆိုခဲ့တာပါ။
“ပိုကောင်းတဲ့ အုပ်ချုပ်ရေးတရပ် အသည်းအသန်လိုအပ်နေပါတယ်။ အခြေခံအားဖြင့် ဒီနည်းလမ်းကလွဲလို့ တခြားမရှိပါဘူး။ မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ်လိုပါတယ်။ ဒီမိုကရေစီ အပြည့်အ၀ ကျင့်သုံးတဲ့ အစိုးရမဟုတ်တောင်မှ ဥပမာ အနေနဲ့ တရုတ်တို့ ဗီယက်နမ် တို့လိုမျိုး စီးပွားရေးဖွံ့ဖြိုးမှုကို အာရုံစိုက် ဦးစားပေးတဲ့၊ အာဏာမြဲဖို့သက်သက်လောက် လုပ်နေတာမျိုး မဟုတ်တဲ့ အစိုးရတရပ် လိုပါတယ်။ ဒါက မြန်မာနိုင်ငံမှာ တလျှောက်လုံး ကြုံခဲ့ရတဲ့ ပြဿနာပါ။ အခုဆိုရင် အုပ်ချုပ်လာတာ အနှစ် ၅၀ လောက် ရှိနေပြီဖြစ်တဲ့ စစ်အစိုးရတွေက တိုင်းပြည်သာယာဝပြောဖို့ တိုးတက်ဖို့ ဆိုတာထက် သူတို့အုပ်ချုပ်မှု တည်ငြိမ်ဖို့ကိုသာ ပူပမ်ကြတာပဲ ဖြစ်ပါတယ်။”

လတ်တလော အခြေအနေတွေအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေခံအဖြစ် နိုင်ငံရေးတည်ငြိမ်မှုတွေကို ဆောင်ကျဉ်း ပေးနိုင်မယ့် အစိုးရတရပ်မျိုး ကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့ ရွေးကောက်ပွဲက ထွက်ပေါ်စရာ မရှိဘူးလို့ သြစတြေးလျနိုင်ငံ မက်ကောရီ တက္ကသိုလ် စီးပွားရေးဌာနက ပါမောက္ခ ရှောင် တာနဲလ် ကပြောခဲ့တာပါ။ ဒီလိုပဲ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးတက္ကသိုလ် (ISIP) ရဲ့ အစီရင်ခံစာကတော့ စစ်အစိုးရက ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့နေသလို၊ နိုဝင်ဘာ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမယ့် အလားအလာတွေ ရှိမှာမဟုတ်တာမို့ ဒီမိုကရေစီဆန်တဲ့ အစိုးရမျိုး၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေ လက်ငင်း ထွက်ပေါ်လာစရာ အခွင့်အလန်းမျိုးတွေ နည်းပါးနေတယ်လို့ ဖော်ပြခဲ့တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။