ကွန်ဂိုအီဘိုလာကုနေရာတချို့ တိုက်ခံရ၊ လူသေဆုံး

Medecins Sans Frontieres (MSF) ဖွင့်ထားတဲ့ အီဘိုလာရောဂါကုသစင်တာ (ဖေဖော်ဝါရီ၊ ၂၅၊ ၂၀၁၉)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်မှာ ကူးစက်ပြန့်ပွါးနေတဲ့ အီဘိုလာရောဂါတိုက်ဖျက်ရေးလုပ်ကိုင်နေတဲ့ Butembo မြို့က ဆေးရုံတခုကို သေနတ်သမားတွေ သောကြာနေ့က ဝင်တိုက်ခဲ့တဲ့အတွက် ကင်မရွန်းနိုင်ငံသား ကူးစက်ရောဂါဆိုင်ရာ ဆရာဝန် Richard Mouzoko သေဆုံးသွားတယ်လိ့ု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကပြောပါတယ်။

WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဒီတိုက်ခိုက်မှုအတွက် အလွန်စိတ်ဆိုးဒေါသဖြစ်ရသလို ကျန်းမာရေးလုပ်သားတွေဟာ ပစ်မှတ်တခုမဟုတ်ဘူးလို့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် ကွန်ဂိုကျန်းမာရေးဝန်ထမ်းတဦးနဲ့ ကားသမားတို့လည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြတယ်လို့ ကွန်ဂိုဆိုင်ရာ ကုလသမဂ္ဂလ အထူးကိုယ်စားလှယ်ရဲ့ သီးခြားထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။

Butembo လက်ထောက်မြို့တော်ဝန် Patrick Kambale Tsiko ကလည်း ကွန်ဂိုနိုင်ငံထဲကို နိုင်ငံခြားသားတွေ အီဘိုလာရောဂါပိုးတွေ သယ်ဆောင်လာတယ်လို့ လွှဲမှားစွာယူဆနေကြတဲ့ တိုက်ခိုက်ရေးသမားတွေက နိုင်ငံခြားသားတွေကို ပစ်မှတ်ထားခဲ့ကြတာလို့ ပြောပါတယ်။

ဆေးရုံတိုက်ခိုက်မှုဖြစ်ပွါးပြီး နာရီပိုင်းအကြာမှာပဲ အီဘိုလာရောဂါကုတဲ့ ဌာနတခုမှာ နောက်ထပ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တာကြောင့် WHO ဝန်ထမ်းတဦး သေဆုံးသွားတယ်လို့ ကွန်ဂိုတာဝန်ရှိသူတွေက ဒီကနေ့ပြောပါတယ်။

Katwa ပြည်နယ်က ကျန်းမာရေးဌာနကို မီးရှို့ဖျက်ဆီးပစ်ဖို့ တောခုတ်ဓားတွေ ကိုင်ထားကြတဲ့လူတစု သောကြနေ့ညက ကြိုးပမ်းခဲ့တယ်လို့ လက်ထောက်မြို့တော်ဝန် Patrick က AP သတင်းဌာနကို ပြောပါတယ်။ ကျန်းမာရေးဌာနကို စောင့်ကြပ်နေတဲ့ ရဲနဲ့ စစ်တပ်ရဲ့ လက်ချက်ကြောင့် လက်နက်ကိုင်တဦးသေဆုံးသွားသလို ၅ ဦးကို ထိန်းသိမ်းထားတယ်လို့လည်း သူကပြောပါတယ်။

ဒီအကြမ်းဖက်လုပ်ရပ်တွေကြောင့် သမိုင်းမှာ ဒုတိယလူသေဆုံးမှု အများဆုံးဖြစ်တဲ့ အီဘိုလာရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေ ပိုပြီးရှုပ်ထွေးသွားစေပါတယ်။ အီဘိုလာပြန်ပြီး ပြန့်ပွါးနေတယ်လို့ ကြေငြာခဲ့တဲ့ ပြီးခဲ့တဲ့သြဂုတ်လကစပြီး လက်ရှိချိန်ထိ ရောဂါကူးစက်ခံထားရသူအဖြစ် ယူဆရသူ ၁၃၀၀ ကျော်ရှိနေပြီး ဒီထဲမှာ ၈၅၅ ဦးသေဆုံးခဲ့ရပြီးပါပြီ။

အီဘိုလာရောဂါ တိုက်ဖျက်ရေးလုပ်ကိုင်နေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် သံသယရှိနေကြတဲ့ လက်နက်ကိုင်တွေက ခုလိုအကြမ်းဖက်တိုက်ခိုက်မှုမျိုး ဆက်တိုက်ဆိုသလို ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကွန်ဂိုအီဘိုလာကုနေရာတချို့ တိုက်ခံရ၊ လူသေဆုံး