ကမ္ဘာတဝှမ်း အီစတာပွဲတော်များ

Easter sunday ပွဲတော်

ကမ္ဘာတလွှားက ခရစ်ယာန် ဘာသာဝင်တွေ ဒီကနေ့ တနင်္ဂနွေနေ့မှာ အီစတာပွဲတော်တွေကို ကျင်းပနေကြပါတယ်။ ယေရှုခရစ်တော် သေဆုံးရာကနေ ပြန်လည် ရှင်ပြန် ထမြောက်ရာနေ့ အဖြစ် ခရစ်ယာန် ဘာသာဝင်တွေ သက်ဝင်ယုံကြည်ကြတဲ့ အီစတာနေ့ကတော့ ခရစ်ယာန် ပြက္ခဒိန်ရဲ့ အကြီးမြတ်ဆုံး နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။

ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သတင်းသုံးရာ ဗာတီကန် နန်းတော်က အီစတာ ပွဲတော်မှာတော့ တက်ရောက်သူ အများအပြား ရှိခဲ့ပြီး လုံခြုံရေးကိုလည်း တင်းတင်းကျပ်ကျပ် ချထားပါတယ်။

အီစတာ ဝတ်ပြု ဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး Fransis က စစ်ပွဲတွေ၊ ဖိနှိပ် အုပ်ချုပ်မှုတွေ၊ လူကုန်ကူးနေတာတွေ၊ အဂတိ လိုက်စားမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေ အပါအဝင် ကမ္ဘာတလွှား ရင်ဆိုင် ဖြစ်ပေါ်နေတဲ့ အတိဒုက္ခတွေ ရုန်းကန်နေရတာတွေကို ထင်ဟပ် ဟောကြားခဲ့ပါတယ်။

စစ်ဒဏ်သင့်နေတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆီးရီးယား ပြည်သူတွေ အတွက် ဝမ်းမြောက်ခြင်းကို ဘုရားသခင် ကောင်းချီးပေးပါ။ အီရတ်နဲ့ ယီမင်နိုင်ငံတွေ အပြင် အရှေ့အလယ်ပိုင်း ဒေသ တခုလုံး ငြိမ်းချမ်းရေး အတွက် ဘုရားသခင် ကောင်းချီပေးပါလို့ ပုပ်ရဟန်းမင်းကြီးက ဒီကနေ့ ကျရောက်တဲ့ အီစတာပွဲတော်နေ့မှာ ဟောကြားခဲ့တာ ဖြစ်ပါတယ်။ အာဖရိက ဒေသတွင်း စစ်ဘေး၊ အငတ်ဘေး ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုလည်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ဟောကြားသွားပါတယ်။

ခရစ်တော် ရှင်ပြန်ထမြောက်ရာနေ့ - အီစတာ အကြို မနေ့ စနေနေ့ကတော့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ရွှေ့ပြောင်းအခြေချသူတွေ၊ ဆင်းရဲသားတွေနဲ့ ဖယ်ကျဉ်ခံထားရသူတွေ အပေါ် ပြုမူ ဆက်ဆံပုံတွေကို ရှုတ်ချခဲ့ပါတယ်။ နေ့စဉ်နဲ့ အမျှ တရားမမျှတမှုတွေ အဂတိလိုက်စားမှုတွေကြောင့် ဒီလူတွေရဲ့ လူ့ဂုဏ်သိက္ခာကို ကားစင်တင်ပြီး အဆုံးစီရင်ခံနေရတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားပါတယ်။

အီဂျစ်နိုင်ငံမှာတော့ ကော့ပတစ် ခရစ်ယာန် ဘုရားကျောင်းတွေ ဗုံးခွဲ တိုက်ခိုက်ခံရပြီး ဒါဇင်နဲ့ချီ သေဆုံး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီးနောက်မှာတော့ ဒီကနေ့ ကျရောက်တဲ့ ခရစ်ယာန်တွေရဲ့ အီစတာ ပွဲတော် ကာလ အတွင်း လုံခြုံရေးကို အထူးတိုးမြှင့်ထားပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတဝှမ်း အီစတာပွဲတော်များ