အားပြင်းငလျင် ရန်ကုန်မြို့အထိ ရိုက်ခတ်

၂၀၁၁ ခုနှစ် မတ်လက ရှမ်းပြည်နယ်၊ တာလေးမြို့မှာ လှုပ်ခဲ့တဲ့ငလျင်ကြောင့် အဝေးပြေးလမ်းမ ကွဲအက်သွားတဲ့မြင်ကွင်း။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မဲ့လောင်မြို့အနီးမှာ ဗဟိုပြုပြီး ပြင်းအား ၆ နဲ့ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မြန်မာနိုင်ငံမှာလည်း ရန်ကုန်မြို့ကနေ မြန်မာနိုင်ငံတောင်ပိုင်း ရှမ်းပြည်ဘက်အထိ အဖျားခတ်တဲ့ငလျင်လှုပ်သွားခဲ့ပါတယ်။ မိုးလေဝသ ကျွမ်းကျင်သူတွေကတော့ ငလျင်ကြီးတစ်ခုလှုပ်ပြီးတိုင်း နောက်ဆက်တွဲ ငလျင်အသေးစားတွေ ပါလာတတ်တာကြောင့် သတိထားစောင့်ကြည့်ရသင့်တယ်လို့လည်း အကြံပေးနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ မဲ့လောင်မြို့တောင်ဖက် ၆ မိုင်ခန့်အကွာမှာ ပြင်းအား ၆ ရှိတဲ့ ငလျင်တခု တနင်္လာနေ့ညနေပိုင်းမှာ လှုပ်ခတ်ခဲ့ ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးစခန်း USGS က သတင်းထုတ်ပြန်ပါတယ်။

မြေပြင်ကနေ ၄ မိုင်ခွဲလောက် အနက်မှာ ဗဟိုပြုခဲ့တဲ့ငလျင်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ ဘန်ကောက်မြို့တွေမှာသာမက ရန်ကုန်မြို့မှာလည်း ညနေပိုင်း ၅ နာရီ ၃၅ မိနစ်မှာ ဆက်စပ် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဗွီအိုအေကို ပြောပါတယ်။

“တို့တွေ့တာတော့ ရွှေတြိဂံနယ်မြေထဲမှာ လှုပ်သွားတာ၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ။ အင်အားတော့ပြင်းတယ်။ အင်အား ၆.၀ ရှိတယ်။ လှုပ်တဲ့အချိန်က ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီ၊ ၃၈ မိနစ်၊ ၄၃ စက္ကန့်။ အနီးဆုံးမြို့က ထိုင်းနိုင်ငံမြောက်ပိုင်းမှာ၊ မြို့နာမည်က Mae Lao တဲ့။ အဲဒီမြို့ရဲ့တောင်ဘက် ၆ မိုင်အကွာ။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လှုပ်သွားတယ်။ မြန်မာနိုင်ငံနဲ့လာအိုနိုင်ငံအတွင်းကလည်း ဒီလျင်ကို ခံစားကြရတယ်လို့ သိရတယ်။”

ရန်ကုန်အပါအဝင် ရှမ်းပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ဒီငလျင်ရဲ့ အဖျားခတ်မှုတွေ ရှိခဲ့ပေမဲ့လည်း ထိခိုက်ဒဏ်ရာရတာ၊ အဆောင်အဦးတွေ ပြိုကျတဲ့ ဆိုးဆိုးရွားရွားထိခိုက်မှု မျိုးတွေတော့ မရှိခဲ့ပါဘူး။
ဒါပေမဲ့ အခုလို ကုန်းတွင်း ငလျင်ကြီးတစ်ကြိမ် လှုပ်ခတ်ပြီးတိုင်းမှာ သူရဲ့ နောက်ဆက်တွဲ ငလျင်အသေးလေးတွေ ဆက်တိုက်လှုပ်ခတ်တတ်တဲ့ သဘောရှိတာကြောင့် ရှမ်းပြည်နယ်ဘက်မှာ သတိထားစောင့်ကြည့်ဖို့လိုမယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

“နောက်ဆက်တွဲငလျင်တွေ လာအုံးမှာပေါ့။ နောက်ဆက်တွဲငလျင်တွေကတော့ သေချာပေါက်လာမယ်။ အဲဒီတော့မြန်မာနိုင်ငံအနေနဲ့ကတော့ အနီးဆုံးမြို့က တာချီလိတ်ဖြစ်မယ်။ တာချီလိတ်တို့၊ ကျိုင်းတုံတို့ပေါ့နော်။ အဲဒီဧရိယာတွေမှာတော့ နည်းနည်းလေးတော့ aftershock ကိုသတိထား။ ဒါပေမယ့် aftershock တွေက main shock တွေထက်တော့ အားနည်းတာ များပါတယ်။”

ဒီကနေ့ တနင်္လာနေ့ ညနေ ၅ နာရီ ခွဲပတ်ဝန်းကျင်လောက်မှာပဲ ထိုင်းနိုင်ငံ မြောက်ပိုင်းကို ဗဟိုပြုတဲ့ငလျင်ကြောင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ပေါ်က မြို့နယ် အတော်များများမှာလည်း ငလျင်လှုပ်ခတ်ခဲ့တာကို ပြည်သူအတော်များ သတိထားမိခဲ့ကြပါတယ်။

အခုလို ငလျင်လှုပ်ခေတ်သွားတာကို သတိထားမိခဲ့တဲ့ ပုဇွန်တောင်မြို့နယ်နေသူ မနီနီစောက သူမ ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်ကို အခုလို ပြန်ပြောပြာပါတယ်။

“စားပွဲပေါ်မှာစာရေးတုန်း စားပွဲခုံကြီးလှုပ်လာလို့၊ ကြမ်းခင်းကလည်းလှုပ်တော့ အဲဒါနဲ့-ငလျင်လှုပ်တယ်ဟေ့၊ ငလျင်လှုပ်တယ်ဟေ့ဆိုပြီး တခါးတွေ ကြည့်လိုက်တော့ လှုပ်တာပေါ့။ အဲဒါ တော်တော်လေးကြတယ်။ ၂ မိနစ်လောက်ကြာမယ်။ တော်တော် သိသိသာသာလှုပ်တာ။ လူတောင် မူးသွားတယ်။”

တာချီလိတ်မြို့နယ်မှာနေထိုင်တဲ့ RCSS အဖွဲ့က ဗိုလ်မှူး စိုင်းလှကလည်း ကြုံတွေ့ခဲ့ရတဲ့ ရှမ်းပြည်နယ်ဘက်က ငလျင်လှုပ်ခတ်မှု အခြေအနေကို အခုလို ပြောပြပါတယ်။

“အပျက်အစီးတွေဘာတွေရှိအောင် တအားလှုပ်တာတော့ မဟုတ်ဘူး။ အဲဒီ -- မှာပဲ နည်းနည်း လှုပ်တာများတယ်။ တိုက်အိမ်တွေအက်သွားတာ၊ ခေါင်မိုးတွေ ပြိုကျတာ အဲလိုပဲရှိတယ်။ ဒီမှာတော့ ဘာမှ မရှိဘူး။ ကျနော်က စာဖတ်ရင်းနဲ့ ကုလားထိုင်ပေါ်မှာ နည်းနည်းလှုပ်လှုပ်ခါခါဖြစ်သွားလို့ အဲဒါကြောင့် သိတာ။”
မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းအစွန်း (ဧရာဝတီ မြစ်ညာ ဒေသ) မှာ ၁၉၅ဝ ပြည့်နှစ် သြဂုတ် ၁၅ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၈.၇ ရစ်ချ်တာ စကေးနဲ့ အပြင်းထန်ဆုံး လှုပ်ခတ် ခဲ့တဲ့ ငလျင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နှစ်ပေါင်း ၁ဝဝ အတွင်း ဖြစ်ပွားခဲ့တဲ့ ငလျင်တွေထဲမှာ ကချင် ပြည်နယ်အတွင်း ရစ်ချ်တာစကေး ၇.၅ နဲ့အထက် သုံးကြိမ်၊ ၁၉၃၁ ခုနှစ်မှာ ကာမိုင်းငလျင်၊ ၁၉၄၆ ခုနှစ် မှာ တကောင်း ငလျင်၊ ၁၉၉၁ ခုနှစ် တွင် ထီးချိုင့်ငလျင်တို့ လှုပ်ခတ်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ တွင် အင်အား ရစ်ချ်တာ စကေး (၆) အဆင့် ရှိ မြစ်ကြီးနားငလျင်ကြီးလည်း လှုပ်ခတ်ခဲ့ဖူးပါတယ်ခင်ဗျာ။